ကားဆေးသားကို ထိခိုက်ပျက်စီးစေတဲ့အရာများ

0

Full article

ကားတစ်စီးဟာ အသစ်ကျပ်ချွတ်ပဲဖြစ်စေ၊ မော်ဒယ်နိမ့်နေတဲ့ ကားဟောင်းပဲဖြစ်စေ၊ ဆေးသားတောက်ပပြီး ကြည့်ပျော်ရှုပျော်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကားရဲ့အလှအပပိုင်းမှာ ဆေးသားတွေဟာ အဓိကအကျဆုံးလို့ ဆိုရပါမယ်။ ဒါ့ကြောင့် အင်ဂျင်နဲ့တခြားအစိတ်အပိုင်းတွေ ဘယ်လောက်ပဲကောင်းမွန်နေပါစေ၊ ဆေးသားဆေးရောင်မှာ ထိခိုက်ပျက်စီးမှုရှိထားပြီဆိုရင်တော့ အဲဒီကားရဲ့တန်ဖိုးလည်း လျော့ကျသွားမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ကားဆေးသားပိုင်းဟာ အလေးထားဂရုစိုက်ရမယ့် အစိတ်အပိုင်းလို့ပြောနိုင်ပါတယ်။ ကားရဲ့ဆေးသားကို ထိခိုက်ပျက်စီးစေတဲ့အရာတွေ၊ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒီအကြောင်းအရင်းတွေထဲက အရေးကြီးတဲ့အချက်တွေကို ရွေးချယ်တင်ပြပေးသွားမှာဖြစ်ပြီး အလေးထားဂရုစိုက်နိုင်ရင် သင့်ကားရဲ့ဆေးသားပျက်စီးမှုကို အထိုက်အလျောက်ကာကွယ်နိုင်ပါလိမ့်မယ်။ အဲဒီအချက်တွေကတော့ –

ဖုန်မှုန့်များ

ကားကိုယ်ထည်မှာ ကပ်နေတဲ့ဖုန်မှုန့်တွေကို လက်နဲ့ပွတ်တာမျိုးဟာ ဆေးသားပေါ်မှာအစင်းထင်လာအောင် လုပ်မိတာနဲ့အတူတူပါပဲ။ ဖုန်မှုန့်တွေဟာ သဲတွေလိုပဲ ပွန်းတတ်တာကြောင့် လက်နဲ့ပွတ်ဆွဲရင် သေးငယ်လှတဲ့အစင်းကြောင်းတွေ ထင်လာတတ်ပါတယ်။ ဒါကြောင့် သင့်ကားပေါ်မှာ ဖုန်မှုန့်တွေများနေပြီဆိုရင် အဝတ်နဲ့အသာအယာသုတ်ပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စနစ်တကျဆေးကြောချင်ရင်တော့ ကားပစ္စည်းဆိုင်တွေမှာ ဖုန်သုတ်တဲ့ duster ဝယ်ပြီးသုတ်နိုင်ပါတယ်။

မီးခိုးငွေ့များ

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမြင့်မားလာတာကြောင့် မြို့ပြဒေသတွေမှာ မီးခိုးငွေ့တွေ ပိုများလာတာကို တွေ့ရပါတယ်။ ညစ်ညမ်းတဲ့လေထုနဲ့ အင်ဂျင်တွေက ထုတ်လွှတ်လိုက်တဲ့မီးခိုးငွေ့တွေပေါင်းပြီး မြူတွေလည်းဆိုင်းတတ်ပါတယ်။ မီးခိုးငွေ့ပါဝင်မှုနှုန်းများနေချိန်မှာ ကားကိုယ်ထည်ကလည်း ရေစိုနေမယ်ဆိုရင် အယ်ကာလိုင်းတွေဖြစ်ပေါ်လာပြီး ကားဆေးသားကို ပျက်စီးစေပါတော့တယ်။ ဒါကြောင့် မလွှဲမရှောင်သာ မီးခိုးငွေ့ထူထပ်တဲ့နေရာကို ကားမောင်းပြီးဖြတ်သွားမယ်ဆိုရင် အမြန်ဆုံးလွတ်မြောက်အောင် မောင်းနှင်သင့်ပါတယ်။ ပြီးရင် ရေပြင်းအားကောင်းတဲ့ပိုက်နဲ့လည်း အမြန်ဆုံး ဆေးကြောသင့်ပါတယ်။

သစ်စေးများ

သစ်စေးအမျိုးမျိုးဟာလည်း ကားဆေးသားအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေ ပေးနိုင်ပါတယ်။ ဆေးသားခိုင်ခံ့မှုနဲ့ အရောင်တောက်ပမှုတွေကို သစ်စေးက ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့များ သင့်ကားကိုယ်ထည်ပေါ်မှာ သစ်စေးတွေစွန်းထင်းသွားခဲ့မယ်ဆိုရင် သုတ်ပစ်တာမျိုးမလုပ်သင့်ပါဘူး။ သုတ်လိုက်ခြင်းအားဖြင့် ပျံ့နှံ့သွားတဲ့ဧရိယာပမာဏ ပိုကျယ်လာမှာဖြစ်ပြီး ဆေးသားပျက်စီးမှုပိုများသွားနိုင်ပါတယ်။ လုပ်သင့်တာကတော့ သစ်စေးပေသွားခဲ့ရင် ကတ္တရာစေးချွတ်ဆေးနဲ့ ချွတ်ပြီးအရင်ရှင်းလင်းသင့်ပါတယ်။

လောင်စာဆီအကြွင်းအကျန်များ

ကားဆေးသားကို ထိခိုက်ပျက်စီးစေတဲ့ အကြောင်းတရားတွေထဲမှာ လောင်စာဆီနဲ့တိုက်ရိုက်ထိတွေ့ခြင်းလည်း ပါဝင်ပါတယ်။ လောင်စာဆီတွေဟာ ကားဆေးသားရဲ့ကုတ်အားကို လျော့ကျစေပါတယ်။ ကားဆီဖြည့်စဉ်မှာ တိုင်ကီလျှံသွားလို့ လောင်စာဆီတွေ ကားကိုယ်ထည်ပေါ် ဖိတ်စင်သွားတယ်ဆိုရင်လည်း အလွယ်တကူသုတ် မပစ်သင့်ပါဘူး။ ကားဆေးရောင်တင်ရာမှာသုံးတဲ့ instant detailer တစ်ဗူးလောက်ဝယ်ပြီး လောင်စာဆီထိတဲ့နေရာကို ပက်ဖြန်းပေးရမှာပါ။ ပြီးရင်လည်း မိုက်ခရိုဖိုင်ဘာအစနဲ့ ထပ်ပြီးသန့်ရှင်းပေးရပါမယ်။

ကော်ဖီနဲ့ အချိုရည်များ

ကော်ဖီနဲ့အချိုရည်တွေမှာ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ကားကိုယ်ထည်ပေါ်ကို ဖိတ်ကျသွားခဲ့မယ်ဆိုရင် ဆေးသားကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိုရည်မှာ သကြားများများပါလေလေ ကားဆေးသားပျက်စီးမှုက ပိုများလေလေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆိုဒါပါတဲ့အချိုရည်တွေကလည်း ကားဆေးသားကို အရောင်ပြောင်းလဲသွားစေနိုင်ပါသေးတယ်။ ဒါကြောင့် အချိုရည်နဲ့ ကော်ဖီတွေ ကားဆေးသားပေါ်ဖိတ်ကျသွားခဲ့ရင် ချက်ချင်းရေဆေးပြီး မိုက်ခရိုဖိုင်ဘာအစနဲ့ ခြောက်အောင်လိုက်ပြီးသုတ်တာ အကောင်းဆုံးပါပဲ။

အလိုအလျောက်ရေဖြန်းပိုက်များ

သစ်ပင်နဲ့မြက်ခင်းပြင်တွေကို ရေဖြန်းဖို့တပ်ဆင်ထားတဲ့ ရေဖြန်းပိုက်တွေကလည်း ဆေးသားကို ပြဿနာတွေအများကြီးပေးနိုင်ပါတယ်။ သင့်ကားရပ်ထားတဲ့ နေရာတစ်ဝိုက်က်မှာ အလိုအလျောက်ရေဖြန်းပိုက်တွေရှိနေရင် သတိထားပြီးနေရာရွှေ့ပြောင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေဖြန်းပိုက်က အရှိန်နဲ့ထွက်လာတဲ့ရေမှုန်ရေမွှားတွေဟာ ကားကိုယ်ထည်ပေါ်ကျပြီး ခြောက်သွားခဲ့ရင် ဆေးသားတောက်ပမှုကို လျော့နည်းစေမှာမလို့ပါ။ ဒါ့အပြင် ရေဖြန်းပိုက်မှာ သုံးတဲ့ရေအမျိုးအစားဟာ သတ္တုဓာတ်ပါဝင်နှုန်း မြင့်မားနေမယ်ဆိုရင် အောက်စီဂျင်နဲ့ပေါင်းစပ်ပြီး ကားကိုယ်ထည်ကို သံချေးတက်ဆွေးမြေ့စေတတ်ပါတယ်။

ငှက်ချေးများ

ဘယ်လိုငှက်ချေးမျိုးမှာမဆို အက်စစ်ဓာတ်ပါဝင်မှုနှုန်း မြင့်မားတာကြောင့် ကားကိုယ်ထည်ပေါ်ကျခဲ့ရင် ဆေးသားခိုင်ခန့်မှု၊ ကုတ်အားနဲ့ တောက်ပမှုတွေကို လျော့နည်းသွားစေပါလိမ့်မယ်။ ငှက်တွေများတဲ့မြို့ကြီးတွေမှာ ကားဆေးသားနဲ့ပတ်သက်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ အများအပြားလုပ်ရလေ့ရှိတယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိထားပါတယ်။ ဒါကြောင့် သင့်ကားရဲ့ဆေးသားကို အမြဲတမ်း သစ်လွင်တောက်ပနေချင်ရင် ကားပေါ်ကို ငှက်ချေးမကျအောင်၊ ကျခဲ့ရင်လည်း အလျင်အမြန်ဖယ်ရှားသန့်စင်ဖို့ သတိထားရမှာပဲဖြစ်ပါတယ်။

ပိုးကောင်များ

ကားမောင်းနေရင် ရှေ့လေကာမှန်ကို ပိုးကောင်တွေဝင်တိုးတာမျိုးကို မကြာခဏကြုံဖူးကြမှာပါ။ ကားမှန်ကိုဝင်တိုးပြီး သေသွားတဲ့ပိုးကောင်ကို ရေသုတ်တံနဲ့ဖယ်ရှားလိုက်တာ ပြဿနာမရှိပေမယ့် ကားကိုယ်ထည်မှာကပ်နေတဲ့ပိုးကောင်သေတွေကတော့ ပြဿနာရှိပါတယ်။ ဒီပိုးကောင်တွေဟာ အက်စစ်ဓာတ်ပါဝင်တာကြောင့် ကားဆေးသားပေါ်မှာ ခြောက်ကပ်နေပြီး ခွာလိုက်ရင်လည်း အရာတွေထင်ကျန်ရစ်တတ်ပါတယ်။ ဒါကြောင့် ရေနဲ့အလွယ်တကူဆေးပြီး အဝတ်နဲ့သုတ်လိုက်ရင် ကားဆေးသားကို ထိခိုက်ပျက်စီးစေတော့မှာပါ။ ဒါကြောင့် ကတ္တရာချွတ်ဆေးလို ဆေးမျိုးနဲ့ဖယ်ရှားပြီးမှာ ရေဆေးသန့်ရှင်းသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Author