၂၀၂၀-၂၀၂၁ အတွက် နောက်ထပ် အကြီးဆုံးနဲ့အကောင်းဆုံး ဇိမ်ခံ SUVs များ

0

Full article

ပြီးခဲ့တဲ့အပတ်တုန်းကတော့ Lincoln Navigator ၊ Cadillac Escalade ၊ Mercedes-AMG GLS 63 နဲ့ Ford Expedition တို့ကို လူခုနစ်ယောက်နဲ့အထက်စီး ဇိမ်ခံ SUVs တွေထဲမှာ ရွေးချယ်စရာအကောင်းဆုံးဆိုပြီးဖေါ်ပြပေးခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ အဲဒီလေးစီးနဲ့အကောင်းယှဉ်နိုင်တဲ့အပြင် အသာစီးရကောင်းရနိုင်မယ့်ကားတွေကတော့...

2020 BMW X7 ($73,900)

BMW ဆိုတာကတော့ သိကြတဲ့အတိုင်း ဘယ်လိုထိပ်တန်းကားအမျိုးအစား စာရင်းမှာဖြစ်ပါစေ အမြဲတမ်းပါဝင်နေမှာဖြစ်တဲ့အတွက် အခုလို အကြီးဆုံးနဲ့အကောင်းဆုံး SUV စာရင်းမှာလည်း BMW ရဲ့ X7 ဟာမဖြစ်မနေပါဝင်ရတော့တာပါပဲ။ ဒီ ဂျာမန် BMW ထုတ်ကုန်တွေရဲ့ တင့်တယ်မှုနဲ့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ဟာ အသုံးပြုသူတွေရဲ့အထင်ကြီးမှုကို ကာလရှည်ရယူခဲ့ပြီးသား။  X7 ကတော့ BMW ကထုတ်တဲ့ ဇိမ်ခံကားတွေထဲမှာတော့ အရွယ်အစားအားဖြင့် အကြီးဆုံးပါပဲ။

အပြင်အသွင်အရ ကြီးမားတဲ့ ကျောက်ကပ်ပုံ grille (kidney grille) ကိုမြင်လိုက်ကတည်းက ဒါ BMW ရဲ့ထုတ်ကုန်ဆိုတာကို ကားဝါသနာရှင်တိုင်းသိရှိပြီးသား။ Wheelbase အလျား 3,104mm ကပြနေတာကတော့ BMW X7 ဟာလူခုနစ်ယောက်အတွက် နေရာလွတ် လုံလုံလောက်လောက်ပါဝင်ပေမဲ့ ပြိုင်ဘက်ကားတွေထက်တော့ မပိုပါဘူးဆိုတာပါပဲ။  အပြင်အတိုင်းအတာကတော့ အရှည် 5,151mm x အကျယ် 2,000mm x အမြင့် 1,805mm အသီးသီးရှိကြတယ်။ ပစ္စည်းတင်ဖို့ ဧရိယာရဲ့ဝင်ဆံ့မှုအများဆုံးပမာဏက 2,559-liter အထိရှိတယ်။​

အတွင်းခန်းဖွဲ့စည်းပုံဟာ သားရေ၊ အလူမီနီယံနဲ့ သစ်သားတွေနဲ့ပေါင်းစပ်ထားပြီး လိုက်ဖက်ညီမှုရမှတ်က အရမ်းမြင့်တယ်။ 12.3-inch infotainment မျက်နှာပြင်က ခေတ်မီနည်းပညာအားလုံးကိုအသုံးပြုလို့ရတယ်။ အင်ဂျင်ကတော့ twin turbo 4.4-liter V8 အင်ဂျင်နဲ့ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်အတွက် တစ်စက်ကလေးမှ စိုးရိမ်စရာမလိုတဲ့ဟာမျိုးပါ။

2020 Lexus LX 570 ($86,380)

2020 အတွက် Lexus LX 570 ဟာ အပြောင်းအလဲများစွာမရှိပေမဲ့လို့ သူရဲ့အားမာန်တက်ကြွစရာပုံစံ၊ ဝိသေသလက္ခဏာဖြစ်တဲ့ X ဒီဇိုင်း grille တွေဟာ ဘယ်လိုလူမျိုးအတွက်ကိုမဆို စွဲဆောင်စေနိုင်တာမျိုးပါ။​ အပြင်အတိုင်းအတာကတော့ အရှည် 5,080mm x အကျယ် 1,980mm x အမြင့် 1,865mm အသီးသီးရှိတယ်။ သူသည်လည်း ကျယ်ကျယ်ဝန်းဝန်း ခုံသုံးတန်းနဲ့ ခုနစ်ယောက်စီး ဇိမ်ခံ SUV ပါပဲ။

ဇိမ်ခံကားဖြစ်တာနဲ့အညီ Lexus LX 570 ရဲ့အတွင်းခန်းဟာ ဇိမ်ခံရွက်လှေတစ်စီးထဲဝင်ရသလိုမျိုး ခံစားမှုကိုပေးတယ်။​ လုံးဝကို ခေတ်ရှေ့ပြေးတဲ့ ကျွမ်းကျင်သူတွေရဲ့ လက်ရာတွေဟာ နူးညံ့တဲ့အထိတွေ့ကိုပေးမယ့် သားရေ၊ အခြား materials တွေနဲ့အသုံးအဆောင်တွေမှာ ဂျပန်တို့ရဲ့အငွေ့အသက်နဲ့အတူ အမြဲရှိနေမှာပါ။ Shimamoku သစ်သား trim နဲ့ဆိုရင်လှပမှုဟာ ရက်စက်လွန်းတဲ့အတွက် ပြောစရာစကားတောင်မရှိတော့လောက်အောင်ပါပဲ။

2020 Lexus LX 570 မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ အမြင့်ဆုံးပါဝါ 367hp နဲ့ torque 530Nm ကိုထုတ်လွှတ်ပေးနိုင်တဲ့ 5.7-liter V8 အင်ဂျင်နဲ့ဖြစ်ပါတယ်။  8-speed automatic transmission ကိုအသုံးပြုထားပြီး 4-wheel drive စနစ်နဲ့ပါ။ Wheelbase အလျားကတော့ 3,111mm အထိရှည်တယ်။ ထိပ်တန်းစာရင်းမှာ ပါကိုပါဝင်သင့်တဲ့ကားတစ်စီးဆိုတာကတော့ အသေအချာပါပဲ။

2021 Chevrolet Suburban ($53,000)

2021 Chevrolet Suburban ကတော့ အတွင်းရောအပြင်ကိုပါ အဆင့်မြှင့်တင်ထားပေမဲ့ ဈေးနှုန်းကတော့ဖြင့် အပြောင်းအလဲမရှိပါဘူး။ Suburban ရဲ့ features တွေဟာ ထုံးစံအတိုင်း ပိုမိုခေတ်မီလာပြီး grille အမျိုးအစားက အသစ်ဖြစ်သလို ရှေ့မီးဖွဲ့စည်းပုံကလည်း လုံးဝအသစ်ပါပဲ။ LED အပြည့်နဲ့ဖြစ်ပြီး စတိုင်ကျလှတဲ့အတွက် မြင်သူတကာ အမှတ်ရစရာမျိုးဖြစ်ပါတယ်။ Wheelbase အလျားက 3,406mm အထိရှည်ပြီး စုစုပေါင်းအလျားမှာတော့ မော်ဒယ်အဟောင်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် 1% ပိုမိုလာတာတွေ့ရပါတယ်။ အပြင်အတိုင်းအတာကတော့ အရှည် 5,732mm x အကျယ် 2,059mm x အမြင့် 1,923mm အသီးသီးရှိကြတဲ့အတွက် တော်တော်ကြီးကို ကျယ်ကျယ်ဝန်းဝန်းရှိမှာ အမှန်ပါပဲ။

အင်ဂျင်အနေနဲ့ကတော့ 355hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 5.3-liter V8 အင်ဂျင်ရယ်၊ 420hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 6.2-liter V8 အင်ဂျင်ရယ် နှစ်မျိုးထဲက ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အမြင့်ဆုံးပါဝါ 227hp အထိ ထုတ်လွှတ်ပေးနိုင်မယ့် Duramax 3.0-liter turbo ဒီဇယ်အင်ဂျင်နဲ့လိုချင်တယ်ဆိုရင်လည်း ရနိုင်ပါသေးတယ်။ အားလုံးကတော့ 10-speed automatic transmission တွေနဲ့ချည်းပါပဲ။

အတွင်းခန်းကလည်း အဆင်မြှင့်တင်ထားတဲ့ အစိတ်အပိုင်းများစွာနဲ့တည်ဆောက်ထားတာဖြစ်လို့ 2021 Chevrolet Suburban ဟာ တော်တော်လေးကို စိတ်ဝင်စားစရာ ဆိုဒ်ပြည့်ဂိုက်ပြည့် ခုနစ်ယောက်စီး SUV ဖြစ်နေတာတော့ အမှန်ပါပဲ။

2021 GMC Yukon ($52,000)

2021 GMC Yukon ဟာ 2021 Chevrolet Suburban နဲ့ဆိုရင် ညီအစ်ကိုတွေလို့ပြောလို့ရမယ်။   သူကလည်း အမြင်ပုံစံအသစ်ဖြစ်တဲ့အပြင်ကိုမှ ဇိမ်ကျပြီး သက်သောင့်သက်သာဖြစ်စေမယ့် အတွင်းခန်း features အသစ်တွေနဲ့ပါပဲ။ ကြီးမားတဲ့ grille နဲ့ ထင်ရှားတဲ့ C ပုံစံရှေ့မီးတွေဟာ GMC Yukon ရဲ့ထူးခြားချက်တွေဖြစ်ပြီး ကားရဲ့ကိုယ်ထည်ဟာ ရိုးရှင်ပေမဲ့ ခိုင်မာတောင့်တင်းလှတယ်ဆိုတာကို အမြင်နဲ့တင် ခံစားစေနိုင်တာမျိုးပါ။

Wheelbase အလျားကတော့ 3,406mm အထိရှည်ပါတယ်​။ အပြင်အတိုင်းအတာကတော့ အရှည် 5,334mm x အကျယ် 2,383mm x အမြင့် 1,940mm အသီးသီးရှိတယ်။ အမြင့်ဆုံး​ cargo ပမာဏကတော့ 4,107-liter အထိတောင်မှ ဝင်ဆံ့မှာဖြစ်တဲ့အတွက် အများဆုံးလို့တောင်မှပြောလို့ရတယ်။ ထိုင်ခုံအပြည့်ဆိုရင် 2021 GMC Yukon ဟာ ခုနစ်ယောက်စီးမဟုတ်ပါဘူး။ ရှစ်ယောက်စီးပါ။ စီးနင်းလိုက်ပါတဲ့ လူရှစ်ယောက်စလုံးအတွက် ပြုလုပ်ပေးထားတဲ့အဆင့်မြင့် materials တွေဟာ သက်သောင့်သက်သာရှိစေမှာဖြစ်ပြီး နည်းပညာပိုင်းအရလည်း ခေတ်နဲ့တစ်ပြေးထဲမှာပဲလို့ ဆိုနိုင်ပါတယ်။

အင်ဂျင်ပိုင်းအနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင်တွေအဖြစ် 355hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 5.3-liter EcoTec V8 ရယ်၊ 420hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 6.2-liter EcoTec V8 ရယ် ဒီဇယ်အင်ဂျင်အဖြစ်နဲ့ Duramax 3.0-liter turbo အင်ဂျင်ရယ်ဆိုပြီး ရွေးချယ်မှာယူနိုင်ပါတယ်။

Ref: 8 LUXURY LARGEST SUVs in 2020-2021 that will make your family feel like the emperor (Full size SUV) by Millie Jackson

2020 BMW X7

2020 Lexus LX 570

2021 Chevrolet Suburban

2021 GMC Yukon

Author