ကားဘောနက် ဟစိ နဲ့ heat တက်တဲ့ အယူအဆ အမှားများ

0

Full article

အခု ရန်ကုန်က taxi တချို့ car bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က အဲ့ဒါမျိုးတွေ့ရနည်းပြီး၊ အခုနောက်ပိုင်း taxi တွေရော အိမ်စီးကား တချို့လည်း ဘောနက်ကို ဟစိလေးဖွင့်မောင်းနေတာ တွေ့ရတယ်။ အဲဒါနဲ့ ဘာလို့ ဟစိလေးလုပ်ထားရတာလဲ မေးကြည့်တော့ အပြင်မှာနေပူလို့ အင်ဂျင် heat တက် သက်သာအောင်ဖွင့်ထားတာတဲ့။ အခုရက်ပိုင်း ရာသီဥတုကလည်း အရမ်းပူတော့ ဘယ်သူက စထွင်လိုက်တယ်မသိ၊ ဘောနက် ဟစိလေးဖွင့်မောင်းတာ တော်တော်လေးတွေ့လာရလို့ ဒီအယူအဆနဲ့ပတ်သတ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

ပထမဆုံး ပြောချင်တာက အဲဒီအယူအဆ လုံးဝ(လုံးဝ) မှားပါတယ်။
ဘာလို့မှားလဲ ကျတော် နည်းပညာအယူအဆအရ ရှင်းပြပါမယ်။

Engine မှာ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ်။

(1) internal combustion engine (အတွင်းပူအင်ဂျင်)

(2) external combustion engine  (အပြင်ပူအင်ဂျင်)

ဆိုပြီးတော့ ၂ မျိုးပါ။

အခု ကျနော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ engine တွေအကုန်လုံးနီးပါးဟာ internal combustion engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ။ 
ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT (Normal Operating Temperature) ဆိုတဲ့ သတ်မှတ် 
အပူချိန် တစ်ခုလိုပါတယ်။

ဒီတော့ တချို့လူတွေထင်သလို အင်ဂျင်အေးလွန်းရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာလုံးဝမှားပါတယ်။ 
အင်ဂျင်ဟာ မအေးလွန်း မပူလွန်းဘဲ သတ်မှတ်အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင်လည်ပတ်နိုင်သလို၊ အင်ဂျင်သက်တမ်းလည်းကြာရှည်ခံပါမယ်။

အေးလွန်းရင် အင်ဂျင် မလည်ပတ်နိုင်သလို (အေးသောရာသီမှာ ဆိုင်ကယ်၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ)၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် (sleeve) ဟာ ပွလာပြီး စလစ် ရဲ့အချင်း diameter တွေကျဉ်းသွားပါမယ်။ စလစ်ထဲမှာ အတက်အဆင်းလုပ်ရတဲ့ piston (ပစ်စတင်) တွေပွလာပြီး အချင်း diameter ကျယ်လာပါမယ်။ အဲဒီမှာ piston နဲ့ sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ်။

နောက် engine head နဲ့ engine block ကြားက gasket ပျက်ပါမယ်။ နောက်ထပ် engine head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ်။ ဒီလို မဖြစ်ရအောင် ကားအင်ဂျင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Normal Operating Temperature တစ်ခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေ သုံးပြီးထိန်းချုပ်ပါတယ်။

Normal Operating Temperature ကိုတော့ ကားကုမ္ပဏီတွေရဲ့ engineering design အပေါ်မူတည်ပြီး ယေဘုယျအားဖြင့် 80˚Celsius ကနေ 95˚Celsius အထိအပူချိန်သတ်မှတ်ပေးထားပါတယ်။ (အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ်)။

အဲဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ ထိန်းချုပ်သလဲဆိုရင် cooling system ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ်။ Cooling system မှာ

(1) Air cool

(2) Water cool ဆိုပြီး အခြေခံ အအေးပေးစနစ်နှစ်မျိုးရှိပါတယ်။

ယခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ ခေါ်တဲ့ radiator တွေထဲကရေတွေကို impeller pump နဲ့ circulation လုပ်ပြီး အအေးခံတဲ့ water cool system ပါ။ ဒါကြောင့် ဘောနက် ဟစိပဲလုပ်လုပ်/မလုပ်လုပ်၊ အပြင်နေပူပူ/မပူပူ အင်ဂျင်ပူတာ/မပူတာ ဘာမှ ကွာခြားမှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အင်ဂျင်ရဲ့ ဘောနက် ရှေ့ဘန်ဘာမှာပါတဲ့ (မြန်မာနိုင်ငံ အခေါ်အဝေါ် ရှေ့ ရှဲမှာ) အင်ဂျင်ရဲ့ ရေတိုင်ကီတွေကို အအေးပေးဖို့အပေါက်တွေပါပြီးသားမလို့ပါ။ ဒီအပေါက်တွေ ဘယ်လောက်ဖောက်ရမယ်၊ လေဘယ်လောက်ဝင်မယ် ဆိုတာတွေဟာ ရမ်းသမ်းလုပ်ထားတာမဟုတ်ဘဲ၊ အကုန် engineering design အရလုပ်ထားတာကြောင့်ပါ။ ဒါကြောင့် အင်ဂျင်ရဲ့ cooling system မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသ၍ အင်ဂျင်ဟာ မပူလွန်း မအေးလွန်းဘဲ Normal Operating Temperature အတွင်းမှာပဲရှိနေမှာပါ။

ဘောနက်ဟစိလုပ်လို့ ဒီ အပူချိန် ကျမသွားသလို ၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး။

သတ်မှတ်အပူချိန် 80˚ to 85˚ လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ thermostat ဆိုတဲ့ ဘားကပွင့်မယ်။ ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်မယ်။ 85˚ ကနေ 90˚ ကျော်လာရင် radiator မှာရှိတဲ့ fan က ထလည်ပြီး ရေတိုင်ကီကို အအေးခံမယ်။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်မယ်။ ပြန်ပူလာမယ်။ အစရှိသဖြင့် အအေးပေးစနစ် သံသရာလည်ပါမယ်။

ဘောနက်ဟစိလုပ်လို့ ဘာမှမထူးခြားပါ။ နောက်ပိုင်းဘယ်ကားကုမ္ပဏီမှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး recommendation ပေးထားတာ မတွေ့ဖူးပါ။ ဂျပန်နိုင်ငံက ကားဟာ မြန်မာနိုင်ငံရောက်သွားရင် ဒါမှ မဟုတ် ဒီထက်ပူတဲ့ အရှေ့အလည်ပိုင်းဒေသတွေရောက်သွားရင် အပူချိန်သက်သာအောင် ကားဘောနပ်တော့ "ဟ" ပြီးမောင်းရမယ်လို့ ဘယ် ကားကုမ္ပဏီကမှ ဒီလို အကြံပြုတာ၊ တင်ပြထားတာမရှိပါဘူး။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ်။

မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့်၊ အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် lock ကျအောင်မပိတ်ဘဲ ဟစိလေးဖွင့်မောင်းနေရင် 100 Km/h နှုန်းလောက်နဲ့ မောင်းနေချိန် lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံးဒုက္ခရောက်နိုင်ပါတယ်။

နောက်ထပ်ကားကို တောက်လျှောက်မောင်းလို့ အင်ဂျင်ပူနေချိန်၊ အင်ဂျင်ကိုရေလောင်းတာလည်း နည်းစနစ်မှားပါတယ်။အင်ဂျင်တွေဟာ သတ္တုအင်ဂျင်၊ သံအင်ဂျင်တွေပါ။ သတ္တုတွေ၊ သံတွေဟာ အရမ်းပူနေချိန် ချက်ခြင်း ရုတ်တရုတ်အေးတာ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူတာမျိုးဖြစ်ရင် သတ္တု အဆွဲအကြုံ့သဘောအရ crack ဖြစ်ပြီး ကွဲတတ်ပါတယ်။

တချို့မိတ်ဆွေတွေကလည်း ပြောကြပါသေးတယ်။ တချို့ကားတွေမှာ ကားဘောနပ်ပေါ်က နှာခေါင်းပေါက်၊ လေဝင်ပေါက်တွေပါတယ်။ အဲဒါအင်ဂျင်ပိုအေးအောင်လုပ်ထားတာ။ ဒါကြောင့် သူတို့လည်းသူတို့ကားတွေပိုအေးအောင် ဘောနက် "ဟ" တယ်ဆိုပြီး ပြောကြပါသေးတယ်။ အဲဒီလိုဟာကို
bonnet scoop လို့ခေါ်ပြီး intercooler turbo ပါတဲ့ ကားတွေအတွက် သီးသန့်ဒီဇိုင်းလုပ်ထားတာပါ။ ဒီအတိုင်း ပုံမှန် ကားတွေမှာ ဒီလိုလေအပိုဝင်စရာဘာမှမလိုပါဘူးခင်ဗျာ။

ဒါ့ထက် သိလိုသေးရင် အခုကားတွေမှာပါတဲ့ OBD2 ပေါက်မှာ ကွန်ပျူတာစက်ထိုး live data (data stream) ကြည့်ပြီး ကားဘောနပ် "ဟ" မောင်းတာနဲ့ ဒီအတိုင်းပိတ်မောင်းတာရဲ့ အင်ဂျင်အပူချိန်ကွာခြားချက်တွေကို မျက်မြင်ကိုယ်တွေ့ လိုက်ကြည့်လို့ရပါသေးတယ်။ Cooling system ရဲ့ အလုပ်လုပ်ရတဲ့ ရေတိုင်ကီ၊ fan motor အစရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ အကုန်ကောင်းနေတဲ့ ပုံမှန် အင်ဂျင်ရဲ့ NOT ဟာ ဘောနက် "ဟ" မောင်းလို့ ဘာမှထူးခြားပြောင်းလဲမှု မရှိတာကို မြင်တွေ့ရမှာပါ။

ကား heat မတက်ချင်ရင် ကား heat တက်တာနဲ့ သက်ဆိုင်တဲ့ cooling system က အဓိက ပစ္စည်းတွေကို ဂရုတစိုက် ထိန်းသိမ်းပြုပြင်ပြီး ကား heat တက်ခြင်းကနေ ကာကွယ်ရမှာပါ။

ဒီလောက်ဆို မိတ်ဆွေတွေရဲ့ မှားနေတဲ့ အယူအဆအမှားတချို့ ကြေပျက်လောက်မယ်ထင်ပါတယ်။

ဒီလို ကားဘောနက် "ဟ" မောင်းတာဟာ နည်းပညာအရရော၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရရော၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေအရရော ဘယ်လိုမှ မကိုက်ညီတာမလို့ မိတ်ဆွေတို့အန္တရာယ်ကင်း ဘေးရှင်းပါစေကြောင်း စေတနာထားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments