အရှေ့ကိုလျှောက်ရင်း ၂၀၁၉ Brand New ကားဈေးကွက်ပြန်ကြည့်မိတဲ့အခါ

0

Full article

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအတွင်း ကညနရဲ့ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် တစ်ရက်ကိုယာဉ်အစီးရေ နှစ်ရာကျော်လောက် အမည်ပေါက်ပြောင်းလဲနေတယ်လို့ဆိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ မူဝါဒ အပြောင်းအလဲအများဆုံးနေရာက ကားလောကဖြစ်နေတယ်။ ဒါပေမဲ့ အခုချိန်မှာ မြန်မာနိုင်ငံအတွင်းကို Brand New ကားတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့နောက်မှာတော့ မူဝါဒတွေကလည်း တည်ငြိမ်ဖို့လိုအပ်လာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူအများစုက Brand New ကားတွေကို ဝယ်ယူဖို့ပိုမိုအားသန်လာကြတာကြောင့်ပါပဲ။ အထူးသဖြင့် အမည်ပေါက်ကိစ္စတွေ၊ လိုင်စင်ကိစ္စတွေ၊ အရစ်ကျဝယ်ယူခွင့်ရရှိတာတွေကြောင့် ပိုမိုအားသန်လာတာလို့ယူဆမိတယ်။

တကယ်တော့ ကျွန်တော်တို့ပြည်တွင်းကားဈေးကွက်မှာ ကားအစီးရေအမြောက်အမြားလိုအပ်နေပါတယ်။ အရည်အသွေးမြင့်ကားတွေ၊ တန်ဖိုးသင့်ကားတွေ၊ လုပ်ငန်းသုံးကားတွေ စသည်ဖြင့် အလွှာအလိုက် အလွှာလိုက် လိုအပ်ချက်တွေကတော့ရှိနေဆဲပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိက သွားလာဆက်သွယ်ရေးဟာ ကားလမ်းတွေကိုပဲ အထူးမှီခိုနေရတာဖြစ်လို့ ကားလိုအပ်ချက်တွေက မြင့်မားလျက်ပါပဲ။ ဆက်လက်မြင့်မားဖို့ပဲရှိတယ်ဆိုတာကိုတော့ သီလဝါစက်မှုဇုံမှာ ဖွင့်လှစ်တော့မယ့် Toyota စက်ရုံနဲ့ ပြည်လမ်းမမှာဖွင့်လှစ်တော့မယ် Audi showroom တို့က သက်သေပြလျက်ရှိပါတယ်။ သူတို့ဆိုတာက သေသေချာချာတွက်ချက်ပြီးမှ ဝင်ရောက်လာကြတာမျိုးမလား။ နောက်ထပ်စဉ်းစားစရာတစ်ခုက ကားလိုအပ်ချက်တွေတော့ရှိပါရဲ့။ ကားဝယ်သူတွေရော ရှိပါ့မလားဆိုတာပါ။ တကယ်တော့ ကျွန်တော်တို့ဆီမှာ အခုချိန်ထိ တစ်ပတ်ရစ်ဈေးကွက်က အားကောင်းနေဆဲပါပဲ။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာတော့ လူတွေဟာ Brand New ကားတွေကို ပိုမိုမျက်စိကျလာတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။

အထက်ကဆိုခဲ့သလို လူတွေက Brand New ကားတွေကိုပိုမိုစိတ်ဝင်စားလာသလို ပြည်တွင်းကိုဝင်ရောက်လာတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်ကား Brand တွေ၊ နောက်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီမှုရှိတဲ့ တရုတ်အမှတ်တံဆိပ်ကား Brand တွေကြောင့် ဝယ်ယူသူတွေအနေနဲ့ ပိုမိုရွေးချယ်စရာတွေများပြားလာတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့လုံးဝမေ့ထားလို့မရတာကတော့ လူတွေဟာ ကိုယ်ဝယ်ချင်တဲ့ကားကိုရှာဖွေတဲ့အခါ အွန်လိုင်းကနေအများအပြားရှာဖွေလာကြတယ်ဆိုတာပါ။ CarsDB Site မှာဆိုရင် ဝင်ရောက်ကြည့်ရှုသူတွေသန်းနဲ့ချီရှိလာသလို CarsDB Page Viewer ဆိုရင် ဆယ်သန်းကျော်ထိတောင် မြင့်တက်လာတာကိုတွေ့ရတယ်။

AAM က ထုတ်ပြန်တဲ့ နှစ်အလိုက်ရောင်းချရမှုတွေကိုကြည့်မယ်ဆိုရင်လည်း တရိပ်ရိပ်တိုးတက်နေတာကို တွေ့ရတယ်။

၂၀၁၉ ခုနှစ်အတွင်း Brand New ကားရောင်းချရမှုစာရင်းတွေကိုကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရမယ်။ စာရင်းမှာ ကား Brand ပေါင်း နှစ်ဆယ့်နှစ်ခုထိသာပါဝင်ပြီး ၂၀၁၉ ခုနှစ်ရဲ့ တစ်လချင်းစီအလိုက်ကြည့်မယ်ဆိုရင်...

ဇန်နဝါရီလ           - ၁,၇၄၀
ဖေဖော်ဝါရီလ      - ၁,၄၂၃
မတ်လ                 - ၁,၄၉၀
ဧပြီလ                  -    ၉၅၅
မေလ                   - ၁,၆၀၇
ဇွန်လ                   - ၁,၆၇၈
ဇူလိုင်လ               - ၁,၇၂၄
ဩဂုတ်လ             - ၁,၈၅၈
စက်တင်ဘာလ     - ၁,၈၂၂
အောက်တိုဘာလ  - ၂,၆၀၀
နိုဝင်ဘာလ            - ၂,၄၁၁
ဒီဇင်ဘာလ           -၂,၆၀၈

အားလုံးပေါင်းလိုက်မယ်ဆိုရင်  ၂၁,၉၁၆ စီးထိ ၂၀၁၉ ခုနှစ်အတွင်းမှာ ရောင်းချထားခဲ့ရပြီးပြီလို့ ဆိုနိုင်တယ်။ လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာဆိုရင် နောက်ထပ် Brand အသစ်တွေ ထပ်ဝင်လာဖို့ရှိနေပြီး ကား Brand New ဈေးကွက်က ပိုမိုပြီး အားကောင်းလာဦးမှာ အသေအချာပါပဲ။ ဝင်ငွေခွန် ၃% ကို လျှော့ချပေးထားတဲ့ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အရောင်းအဝယ်တွေပိုမိုဖြစ်လာမယ်ဆိုတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေတစ်ရပ်ပါ။

နောက်ပြီးတော့ Brand New ကားတွေ အဝယ်လိုက်လာချိန်မှာ သူ့နဲ့ကပ်ပါလာမယ့်အရာကတော့ ဝန်ဆောင်မှုတွေပါပဲ။ တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ ကားဈေးကွက်အခြေအနေကြောင့် ကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပိုင်းတွေဟာ သိသိသာသာအားနည်းခဲ့တယ်။ အခုချိန်မှာတော့ ဝန်ဆောင်မှုတွေအားကောင်းလာဖို့ရှိနေတယ်။ အထူးသဖြင့် Brand New ရောင်းနေတဲ့ ကားကုမ္ပဏီတွေအနေနဲ့ သူ့ထက်ငါအပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးနိုင်မှ တော်ကာကျပါလိမ့်မယ်။ အထူးသဖြင့် Brand New ကားရောင်းချသူတွေရဲ့ after-sales service ပိုင်းက ဒီဘက်နှစ်တွေမှာ တော်တော်ကြီးကို ကောင်းလာတာ တွေ့ရတယ်။

၂၀၁၉ မြန်မာ့ကားဈေးကွက်အတွင်း လွန်ဆွဲပွဲတချို့ရှိခဲ့တယ်။ တချို့ဆိုပေမဲ့ ပြင်းထန်တဲ့လွန်ဆွဲပွဲတွေပါ။ ဘယ်မောင်းနဲ့ ညာမောင်း၊​ အသစ်နဲ့ တစ်ပတ်ရစ် သို့မဟုတ် JD (Japan Domestic) စသည်ဖြင့်ပေါ့။ အဓိက ကတော့ ဘယ်မောင်း/ညာမောင်းထက်စာရင် အသစ်နဲ့တစ်ပတ်ရစ်တို့ရဲ့လွန်ဆွဲပွဲလို့ပြောလို့ရပါတယ်။ JD နှစ်သက်ကြသူများကတော့ အသစ်တွေဟာ အရည်သွေးပိုင်းအားနည်းသလို ဈေးနှုန်းအရလည်း ကြီးမြင့်တယ်လို့ဆိုခဲ့ကြပေမဲ့ လက်တွေ့ရောင်းအားပိုင်းမှာတော့ brand new ကားတွေရဲ့ရောင်းအားဟာ မကြုံစဖူးမြင့်တက်လာခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာကျင်းပခဲ့တဲ့ CarsDB Auto Show Yangon 2019 ဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ သက်သေပြလျက်ရှိပါတယ်။​ သတင်းများအရ သုံးရက်သာကျင်းပတဲ့ အဲဒီပွဲမှာ ကားအစီးရေစုစုပေါင်း ၆၂၀ ရောင်းချခဲ့ရာမှာ ၆၁၀ ကျော်ဟာ Brand New ကားတွေပါ။ Brand New တွေထဲကမှ မြန်မာနိုင်ငံမှာ ရေပန်းစားလှတဲ့ Toyota နဲ့ SKD စနစ်နဲ့နိုင်ငံတွင်း တပ်ဆင်ထုတ်လုပ်တာကြောင့် ရန်ကုန်လိုင်စင်ပါတစ်ပါတည်းရရှိနိုင်တဲ့ Suzuki တို့ဟာ တော်တော်လေးကိုရောင်းအားကောင်းခဲ့ပြီး သူတို့ရဲ့နောက်မှာတော့ နာမည်ကျော် တရုတ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ BAIC နဲ့ နာမည်ကျော် ဂျပန်အမှတ်တံဆိပ် Nissan တို့ရှိနေခဲ့ပါတယ်။ ထပ်ပြီးပြောရရင် CarsDB Auto Show Yangon 2019 ပွဲမှာ အမေရိကန်အမှတ်တံဆိပ် Ford ၊ ဂျပန်အမှတ်တံဆိပ် Mitsubishi တို့ရဲ့ရောင်းအားကလည်း မသေးလှပါဘူး။ အထူးခြားဆုံးကတော့ ပြပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ Brand New မော်တော်ယာဉ်အမှတ်တံဆိပ် အားလုံး မြိုးမြိုးမြတ်မြတ်ရောင်းချခဲ့ရတာပါပဲ။

၂၀၁၉ အတွင်း Brand New ဈေးကွက်မှာ ထူးခြားချက်အဖြစ်နဲ့ ဂျာမနီရဲ့ နာမည်ကျော် Audi ဟာ မြန်မာ့ဈေးကွက်အတွင်းသို့ တရားဝင်စတင်ခြေချလာပါတယ်။ ဈေးကွက်တစ်ခုဟာ ဒီလိုမျိုး အမှတ်တံဆိပ်များပြားလာလေ ပြိုင်ဆိုင်မှုပြင်းထန်လာလေ ဖြစ်ပြီး သေချာတာကတော့ စားသုံးသူ (ဒီနေရာမှာတော့ စီးသုံးသူတွေပေါ့) တွေအတွက် ပေးရတဲ့ငွေကြေးနဲ့ပိုမိုထိုက်တန်တဲ့ အရည်အသွေးတွေကို ရရှိလာတော့မှာပဲဖြစ်ပါတယ်။

နောက်ပြီးတော့ အခု ၂၀၂၀ပြည့်နှစ်၊ နှစ်အစပိုင်းမှာပဲ ကားလောကအတွင်း အလှုပ်ခတ်ဆုံးသတင်းဖြစ်တဲ့ ညွှန်ချုပ်နဲ့ ညွှန်ချုပ်ရဲ့အထက်ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းကောင်းနဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေအတွက် ကားပါမစ်တွေချပေးမယ်ဆိုတဲ့ သတင်းကလည်း ကားလောကအတွင်းတော်တော်လေး ဆူညံသွားခဲ့တယ်လို့ ဆိုရမယ်။ ဒီအဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲဂယက်အဖြစ် Brand New ကားဈေးကွက်ကို သက်ရောက်မှုရှိလာနိုင်ပြီး ဝယ်လိုအားတွေပိုတက်လာမယ့် လက္ခဏာလို့လည်းဆိုကောင်းဆိုနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၉ အတွင်းမှာ ရောင်းချခဲ့ရတဲ့ Brand New ကားအရေအတွက်ကို အခု ၂၀၂၀ ပြည့်နှစ်မှာ ကျော်တက်သွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာပါ။

ဆိုရရင်တော့ ၂၀၁၉ ခုနှစ်မှာ Brand New ကားဈေးကွက်ဟာ အတော်လေးအောင်မြင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ကားနဲ့ပတ်သက်သမျှ သိလိုတာတွေ၊ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကလည်း ပိုမိုလိုအပ်လာလျက်ရှိနေပါပြီ။ Myanmar Brilliance Auto မှ ဦးသက်ဝင်းကတော့

"ကျွန်တော်တို့ဆီကို ကားလာဝယ်တဲ့သူအများစုဟာ အပြင်မှာ တွေ့ပြီးလာကြတာထက်စာရင် အွန်လိုင်းမှာတွေ့တယ်။ အွန်လိုင်းကနေပဲ ကိုယ်ကြိုက်တဲ့ကားအချက်အလက်တွေကို ရှာကြည့်ကြတယ်။ ပြီးမှ ကျွန်တော်တို့ showroom ကိုလာဝယ်ကြတဲ့သူတွေက ပိုများလာပါတယ်" လို့ဆိုပါတယ်။

ဒီလိုအချိန်မှာ Brand New ကားအတွက်ပဲဖြစ်ဖြစ်၊ တစ်ပတ်ရစ်ကားတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ် စုံစုံလင်လင်တစ်နေရာထဲမှာ သိရှိနိုင်မယ့် CarsDB လိုမျိုး အွန်လိုင်းပေါ်တယ်တွေရဲ့ ကဏ္ဍဟာ တော်တော်လေးအရေးပါလို့လာပါပြီ။ ဒီဘက်ခေတ် စီးသုံးသူတွေရဲ့လိုအပ်ချက်ဟာ ကိုယ်တိုင်သွားရောက်စရာမလိုဘဲ အွန်လိုင်းသက်သက်ကနေ ရှာဖွေဝယ်ယူလို့ရရုံသာမက ကားနဲ့ပတ်သက်တဲ့ ရိုးသားမှန်ကန်တဲ့ သုံးသပ်ချက်ဆောင်းပါးနဲ့ ဗီဒီယိုတွေ၊ ဆက်စပ်ပစ္စည်းတွေ၊ သွားလာဆက်သွယ်ရေးနဲ့ကားသတင်းတွေ၊ နောက်ပြီး မော်တော်ယာဉ်ဆိုင်ရာအသိပညာမျှဝေမှုတွေ စတဲ့အချက်အလက်တွေနဲ့ပြည့်စုံတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်မျိုးတွေပါပဲ။

အဆုံးသတ်ဆိုရရင်တော့ ၂၀၁၉ ခုနှစ်နဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အွန်လိုင်းကားကဏ္ဍဟာ စတင်ဖွံ့ဖြိုးလာတယ်လို့ ဆိုရမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ နောင်လာမယ့်ဆယ်စုနှစ်အတွင်းမှာတော့ ပိုမိုဖွံ့ဖြိုးကြီးထွားလာဖို့ပဲရှိပါတယ်။ ပြောရမယ်ဆိုရင် ရင့်ကျက်အရွယ်ရောက်လာတော့မှာပါ။ ဒီလိုပါပဲ။ ကားဟောင်းနဲ့ကားသစ်ဈေးကွက်မှာလည်း ကားဟောင်းထက်စာရင် ကားသစ်ဈေးကွက်ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ပိုမိုကောင်းမွန်တဲ့ အရှိန်အဟုန်နဲ့ကျယ်ပြန့်လာဖို့ရှိတယ်ဆိုတာကတော့ စိတ်ကူးယဉ်ကြည့်ဖို့အတွက် မခက်ခဲပါဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် ၂၀၁၉ ခုနှစ်မှာ Brand New ကားတွေ အရောင်းအဝယ်ဖြစ်၊ အောင်မြင်ခဲ့သလို ၂၀၂၀ ပြည့်နှစ်မှာလည်း Brand New ကားတွေ ပိုမိုပြီးအရောင်းအဝယ်ဖြစ်လာဖို့သေချာနေပါတယ်လို့ ဆိုလိုက်ပါရစေ။               ။

Author