လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသည့်ဘယ်မောင်းယာဉ်

0

Full article

ကမ္ဘာပေါ်တွင် ယာဉ်ကိုအသုံးပြုသည့် ကပ်မောင်းစနစ်နှစ်မျိုးရှိပြီး လက်ယာကပ်မောင်းစနစ်နှင့် လက်ဝဲကပ်မောင်းစနစ်ဖြစ်ပါသည်။ ယာဉ်ကိုမောင်းနှင်နေစဉ် မည်သည့်ဘက်သို့ကပ်၍ မောင်းနှင်ရမည်ဆိုသည်ကို လိုက်နာရမည့်သတ်မှတ်ချက်များဖြစ်ပါသည်။ ယင်းသတ်မှတ်ချက်သည် အခြေခံကျ၍အရေးပါဆုံးဖြစ်ပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတစ်ခုအဖြစ် ယာဉ်မောင်းအားလုံး မဖြစ်မနေလိုက်နာကြရပါသည်။ မူလက ကမ္ဘာပေါ်တွင် လက်ဝဲကပ်မောင်းစနစ်ကို အသုံးပြုသောနိုင်ငံများပြားခဲ့သော်လည်း ယနေ့ကာလတွင်မူ လက်ယာကပ်မောင်းစနစ်ကျင့်သုံးသောနိုင်ငံ (၁၆၄) နိုင်ငံရှိပြီး လက်ဝဲကပ်မောင်းစနစ်ကျင့်သုံးသောနိုင်ငံ (၇၆) နိုင်ငံရှိပါသည်။ ကမ္ဘာ့လူဦးရေ၏ ၆၆.၁% သည် လက်ယာကပ်မောင်းစနစ်ကျင့်သုံးသောနိုင်ငံများတွင် နေထိုင်ကြပြီး ၃၃.၉% သည်သာ လက်ဝဲကပ်မောင်းစနစ်ဖြင့် မောင်းနှင်သောနိုင်ငံများတွင် နေထိုင်လျက်ရှိကြပါသည်။ ထို့ကြောင့် ကမ္ဘာ့လမ်းအရှည်စုစုပေါင်း၏ ၇၂% ကို လက်ယာကပ်မောင်းသူများက အသုံးပြုလျက်ရှိပြီး ကျန်၂၈% ကို လက်ဝဲကပ်မောင်းသမားများက သုံးစွဲလျက်ရှိကြပါသည်။


ပုံမှန်အားဖြင့် ယာဉ်မောင်းထိုင်ခုံနေရာ (Placement of the Driving Seat) နှင့် ယာဉ်အတွင်းရှိ ထိန်းချုပ်ကိရိယာများ၏ အနေအထားလိုက်၍ ယာဉ်များကို ဘယ်စတီယာရင် (Left-Hand Drive-LHD) နှင့် ညာစတီယာရင် (Right-Hand Drive-RHD) ဟူ၍ သတ်မှတ်ကြပါသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ထုံးစံအရ ယာဉ်လက်ကိုင်ဘီးခွေအထိုင်သည် ကပ်မောင်းစနစ် သတ်မှတ်ချက်နှင့် ပြောင်းပြန်ဖြစ်သည်။ ဆိုလိုသည်မှာ လက်ယာကပ်မောင်းတိုင်ပြည်များ၌ ဘယ်ဘက်တွင် လက်ကိုင်ဘီးခွေရှိသောယာဉ်များကို အသုံးပြုကြပြီး လက်ဝဲကပ်မောင်းတိုင်ပြည်များတွင် ညာဘက်ဘီးခွေရှိသောယာဉ်များကို အသုံးပြုကြပါသည်။ သို့မှသာယာဉ်မောင်း၏ မြင်ကွင်းကျယ်ပြီး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ ကျော်တက်ရာတွင်လည်း အန္တရာယ်ကင်းစွာ ကျော်တက်နိုင်မည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ယာဉ်မောင်းသူက ယာဉ်ရှင်း/မရှင်း ဘေးနားကလူအား မေးနေရပါသည်။ ဘတ်စ်ကားများတွင် ညာမောင်းယာဉ် (Right-Hand Drive) များ၏ ခရီးသည်အတက်အဆင်းတံခါးပေါက်သည် လက်ဝဲဘက်တွင်ရှိ၍ ခရီးသည်များ လမ်းမဘက်ခြမ်းတွင်အတက်အဆင်းပြုလုပ်နေရ၍ အန္တရာယ်ရှိပါသည်။


မော်တော်ယာဉ်၏မီးကြီးများသည် လမ်းတစ်ဘက်တည်းကိုသာအလင်းစုစေရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်သဖြင့် အချိုးမညီသော၊ ဘက်မညီသော အလင်းရောင်ကိုထုတ်ပေးပါသည်။ ဆိုလိုသည်မှာ လက်ဝဲကပ်မောင်းတိုင်းပြည်များတွင် အသုံးပြုသောကားမီးကြီးများသည် လက်ဝဲဘက်သို့အလင်းစူးမှုများပြီး လက်ယာကပ်မောင်းဆိုပါက လက်ယာဘက်သို့အလင်းစူးမှုများခြင်းပင် ဖြစ်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကားတစ်စီး၏ မီးကြီးမှထွက်သောအလင်းရောင်ကြောင့် မျက်နှာချင်းဆိုင်မှလာသော အခြားယာဉ်မောင်းများ မျက်စိပြာသွားခြင်းမရှိစေဘဲ ယာဉ်မောင်းကိုယ်တိုင်ကမူ မိမိဘက်ခြမ်းတွင်ရှိသောအတားအဆီးများ၊ လမ်းညွှန်၊ လမ်းအမှတ်အသားများကို ရှင်းလင်းထင်ရှားစွာမြင်ရစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိလမ်းစနစ်နှင့် ကိုက်ညီသောယာဉ်များကို အသုံးပြုမှသာ မျက်နှာချင်းဆိုင်မှလာသောယာဉ်၏ မီးကြီးစူးခြင်း၊ မျက်စိပြာ၍အန္တရာယ်ဖြစ်မှုများ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။

ယာဉ်သွားလာမှုဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်း The Geneva Convention on Road Traffic (၁၉၄၉) ကို လက်မှတ်ရေးထိုးထားသော စာချုပ်ဝင်နိုင်ငံများသည် နိုင်ငံတစ်နိုင်ငံစီတွင် မိမိတို့နှစ်သက်ရာကပ်မောင်းစနစ်တစ်ခုတည်းသာ ကျင့်သုံးကြရန်သဘောတူခဲ့ကြပါသည်။ ၎င်းစာချုပ်၏ အပိုဒ် (၉-က) တွင်

“လားရာတူသော ယာဉ်ကြောရှိနေသည့် ယာဉ်များအားလုံးသည် မည်သည့်လမ်းတွင်မဆို လမ်း၏တူညီသောဘက်တစ်ခုတည်းသာ ကပ်မောင်းရမည်ဟုပြဋ္ဌာန်းထားပါသည်။၁၉၆၈ခုနှစ် ယာဉ်သွားလာမှုဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention On Road Traffic) ကို လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဝင်နိုင်ငံများသည် စာချုပ်၏ နောက်ဆက်တွဲ (၅) ၊ အပိုဒ် (၁) တွင် ဖော်ပြထားသောနိုင်ငံတကာယာဉ်များအားလုံးသည် လုပ်ငန်းလုပ်ကိုင်မည်ဆိုပါက ၎င်းတို့၏ ပြည်တွင်းတွင်သတ်မှတ်ထားသော နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီရမည်။”


ဟူသည့်ဖော်ပြချက်အရ အခြားနိုင်ငံများမှ တရားဝင်မှတ်ပုံတင်ထားသောယာဉ်များကို စတီယာရင်မည်သည့်ဘက်တွင်ရှိသည်ဖြစ်စေ ဖြတ်သန်းသွားလာခွင့်ပြုရမည်ဖြစ်ပါသည်။ ထို့ကြောင့် စာချုပ်ဝင်နိုင်ငံများသာမက စာချုပ်ဝင်မဟုတ်သော နိုင်ငံအများစုသည်လည်း မည်သည့်စတီယာရင်အထိုင်ရှိသည့် ပြည်ပမှကားများကိုမဆို မိမိတို့နိုင်ငံအတွင်းမောင်းနှင်ခွင့် ပြုကြပါသည်။


၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးတွင် မော်တော်ယာဉ်ဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ UN Convention's များ၊ International Convention's များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံတကာနှင့် ဒေသတွင်းလုပ်ဆောင်ချက်များတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဆောင်ရွက်ရန်ဆုံးဖြတ်ချက်အရ Vienna Convention On Road Traffic 1968 နှင့် Vienna Convention On Road Signs and Signals 1968 တို့ကို လက်ခံကျင့်သုံးခြင်း (Accession) ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုခွင့်ပြုပေးခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် Instrument of Accession ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သို့ ပေးပို့ခဲ့ပါသည်။ ထို့ကြောင့် ၂၆-၆-၂၀၁၉ ရက်မှ စတင်၍ မြန်မာနိုင်ငံသည် Vienna Convention On Road Traffic 1968 ၏ (၇၉) နိုင်ငံမြောက်နှင့် Vienna Convention On Road Signs and Signals 1968 ၏ (၆၇) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ဖြစ်ပါသည်။


ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ၁၉၇၀ ခုနှစ်အထိ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီမှ စတင်၍ လက်ယာကပ်မောင်းစနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မော်တော်ယာဉ်နည်းဥပဒေကိုပြဋ္ဌာန်းခဲ့ရာ၌ မိမိနိုင်ငံအတွင်း ကျင့်သုံးလျက်ရှိသည့် “လက်ယာကပ်မောင်း” စနစ်နှင့်ကိုက်ညီစေမည့် နည်းဥပဒေသတ်မှတ်ချက်များကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။

သို့ရာတွင် ၁၉၇၀ ခုနှစ်၊ လက်ဝဲမှလက်ယာကပ်မောင်းစနစ်ပြောင်းသည့် အချိန်မှစတင်ပြီး ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းအသုံးပြုရေးဆောင်ရွက်ရမည်ဖြစ်သော်လည်း စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလက်မှုလုပ်ငန်းမှ ထုတ်လုပ်သည့် Mazda Jeep ၊ Mazda T2000 ၊ TE 11 ၊ TE 22 စသည့် ယာဉ်များသာ ဘယ်မောင်းယာဉ်များဖြစ်ပြီး တင်သွင်းသည့်ယာဉ်အများစုသည် ညာမောင်းယာဉ်များသာ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းသည့် မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၇၅) ပုဒ်မခွဲ ‘န’ တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်၍ လက်ယာကပ်မောင်းစနစ်နှင့်ကိုက်ညီသည့် ဘယ်မောင်းယာဉ်များသာ အသုံးပြုရေးပြဋ္ဌာန်းခဲ့ပါသည်။


မြန်မာနိုင်ငံအစိုးရမှ ဖိတ်ခေါ်ပြီး “စုဖောင်ဒေးရှင်း” မှ ကူညီပံ့ပိုးသော “ကျွမ်းကျင်ပညာရှင်စုံစမ်းလေ့လာရေးအလုပ်ခရီးအဖွဲ့” စေလွှတ်ရာတွင် ပါဝင်သောပညာရှင်အဖွဲ့၏ Road Safety in Myanmar အကြံပြုချက်တွင်လည်း ယာဉ်အဟောင်းနှင့်အသစ်နှစ်မျိုးစလုံးတွင် သက်ဆိုင်ရာတင်သွင်းမှုကန့်သတ်ချက်များချမှတ်ခြင်းကို အမြန်အကောင်အထည်ဖော်ခြင်းဖြင့် လမ်းပေါ်တွင် လက်ယာမောင်း မော်တော်ယာဉ်များအသုံးပြုမှုကို လျှော့ချရန်အကြံပြုထားပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ ၂၆-၁၀-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြေညာစာ အမှတ် (၁/၂၀၁၈) အရ ၂၀၁၉ ခုနှစ် ပြက္ခဒိန်နှစ်တွင် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းခြင်းအတွက် လက်ယာကပ်မောင်းစနစ်နှင့်ကိုက်ညီသော ဘယ်မောင်းယာဉ်များသာ တင်သွင်းရန်သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ (နှစ်ဘီးတပ်၊ သုံးဘီးတပ်နှင့် ထရော်လာဂျီတို့ မပါ) ၁၀ သိန်းကျော်ရှိသည့်အနက် ဘယ်မောင်းယာဉ် ၂ သိန်း၂ သောင်းကျော် ရှိလာပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလမ်းစနစ်၊ လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသည့်ဘယ်မောင်းယာဉ်များ တဖြည်းဖြည်းများပြားလာပြီး ယာဉ်မောင်းသူများ၊ လမ်းအသုံးပြုများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမောင်းနှင်ခြင်းဖြင့် အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

Author

Comments