ယာဉ်မောင်းနေစဉ် hand-free kits အသုံးပြုခြင်းက အမှန်တကယ်ဘေးကင်းစေနိုင်ပါသလား

0

Full article

ယနေ့ခေတ်တွင် ယာဉ်မောင်းသူများအကြား ရေပန်းစားလာသည်မှာ hand-free kits (သို့မဟုတ်) hand-free gadgets ဟုခေါ်ကြသော bluetooth နားကြပ်များနှင့်မော်တော်ကားအတွင်းအသုံးပြုသော နှုတ်ဖြင့်စေခိုင်းနိုင်သည့် ဆက်သွယ်ရေးပစ္စည်းများပင် ဖြစ်သည်။ ကားမောင်းနေစဉ် မိုဘိုင်းဖုန်းကိုင်ပြီးပြောဆိုခြင်းမှာ အလွန်အန္တရာယ်များလှကြောင်းသုံးသပ်မှုထွက်ပေါ်လာပြီးနောက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများက တင်းကျပ်စွာအရေးယူခဲ့ကြသည်။ ထို့ကြောင့် ကားစတီယာရင်ခွေကို လက်လွှတ်စရာမလိုဘဲ အလွယ်တကူဆက်သွယ်ပြောဆိုနိုင်သည့် bluetooth စနစ်အပါအဝင် ဒက်ရှ်ဘုတ်သုံးခေတ်မီနည်းပညာပစ္စည်းများမှာ ယာဉ်မောင်းသူများအကြားရေပန်းစားလာပြီး ဈေးကွက်အတွင်းရောင်းအားအကောင်းဆုံးထုတ်ကုန်များလည်းဖြစ်လာကြသည်။ သို့သော် ယင်းကဲ့သို့အလွယ်တကူ ပါးစပ်ဖြင့်သာပြောဆိုဆက်သွယ်နိုင်သည့်ပစ္စည်းများမှာ ယာဉ်မောင်းသူများအတွက် အမှန်တကယ်ပင် အန္တရာယ်ကင်းဝေးစေနိုင်ပါမည်လား။

အမေရိကန်ပြည်ထောင်စုရှိ မော်တော်ယာဉ်ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ (AAA) နှင့် University of Utah မှ သုတေသီများပူးပေါင်း၍ လေ့လာဆန်းစစ်မှုတစ်ရပ်ပြုလုပ်ခဲ့ကြရာတွင် hand-free gadgets များအသုံးပြုခြင်းမှာ ကားမောင်းနေစဉ်တွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းနည်းတူ အန္တရာယ်ရှိနေဆဲပင်ဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။ ယာဉ်မောင်းသူများအနေဖြင့် bluetooth နားကြပ်တပ်ပြီးဖုန်းပြောချိန်၊ အီးမေးလ်ကို အသံထွက်စနစ်ဖြင့် ပြန်လည်နားထောင်နေချိန်နှင့် ရေဒီယိုနားထောင်နေချိန်များတွင် ဟန်မပျက်ကားမောင်းနေနိုင်သော်လည်း အာရုံထွေပြားခြင်းနှင့် အလိုအလျောက်တုန့်ပြန်မှုနှေးကွေးလာခြင်းတို့ ဖြစ်ပေါ်လာကြောင်း AAA မှ တာဝန်ရှိသူတို့တွေ့ရှိခဲ့ခြင်းပင်။ အထူးသဖြင့် စတီယာရင်ခွေအား လက်တင်ထားသော်လည်း ဦးနှောက်အတွင်းမှာ အလုပ်လုပ်ဆောင်မှုလွန်ကဲသွားပြီး ရှေ့တည့်တည့်မှပေါ်ထွက်လာသည့်အရာများကိုပင် ရုတ်တရက်သတိမထားမိတော့သည်ကို တွေ့ရှိခဲ့ရသည်။ Utah တက္ကသိုလ်မှ ဦးနှောက်အာရုံကြောနှင့် အသိစိတ်တုန့်ပြန်မှုဗေဒပညာရှင်ဒေါက်တာဒေးဗစ်စထရေလာ ဦးဆောင်သော သုတေသီအဖွဲ့သည် hand-free gadgets များ၏အကူအညီဖြင့် အလုပ်ရှုပ်နေသောကားမောင်းသူတစ်ဦး၏ အာရုံကြောစနစ်အလုပ်လုပ်ပုံ၊ ဦးနှောက်လှိုင်းနှင့် မျက်လုံးလှုပ်ရှားမှုတို့ကို electroencephalographic (EEG) ဟုခေါ်သောစပ်းသပ်ကိရိယာကိုသုံး၍ လေ့လာနိုင်ခဲ့ကြသည်။ EEG ဆိုသည်မှာ ဦးနှောက်အတွင်းရှိအာရုံကြောများ၊ အသိစိတ်၏ဆုံးဖြတ်ချက်ချမှတ်ပုံများကို အသေးစိတ်လေ့လာစောင့်ကြည့်နိုင်သည့်ကွန်ပျူတာချိတ်ဆက်အသုံးပြုရသော ခေတ်မီကိရိယာပင်ဖြစ်၏ ။ ယင်းကိရိယာကို ဦးခေါင်းစွပ်တစ်ခုတွင်တပ်ဆင်ပြီး ယာဉ်မောင်းသူများကို ဝတ်ဆင်စေကာ လေ့လာခဲ့ကြခြင်းပင်။

ကနဦးအနေဖြင့် ဒေါက်တာဒေးဗစ်စထရေလာ တို့အဖွဲ့သည် ရှုထောင့်အမျိုးမျိုးမှ ကင်မရာတပ်ဆင်ထားသော မော်တော်ကားတစ်စီးကိုပြင်ဆင်ပြီး ယာဉ်မောင်းသူ၏မျက်လုံးနှင့်ဦးခေါင်းလှုပ်ရှားမှုကို အချိန်ပြည့်စောင့်ကြည့်မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက်တွင်မှ EEG ကိရိယာတပ်ဆင်ထားသောဦးခေါင်းစွပ်၏အကူအညီဖြင့် ဦးနှောက်ပိုင်းအလုပ်လုပ်ပုံများကို ဆက်လက်လေ့လာခဲ့ကြသည်။ ထို့ကြောင့် သာမန်ကားမောင်းနေချိန်နှင့် bluetooth သုံးပြီးဖုန်းပြောနေချိန်၊ အီးမေးလ်ကို အသံထွက်စနစ်ဖြင့်နားထောင်နေချိန်များတွင် ဦးနှောက်ပိုင်းဆိုင်ရာအလုပ်လုပ်ပုံကွဲပြားမှုများကို အသေးစိတ်တွေ့ရှိခဲ့ကြတော့သည်။ ထို့နောက် မိုဘိုင်းဖုန်းတစ်လုံးကို bluetooth gadgets ဖြင့် ဆက်သွယ်ပြောဆိုစေပြီး တစ်ဖက်မှလည်း မော်တော်ကားကိုဟန်မပျက်မောင်းနှင်နေချိန်တွင် ဒရိုင်ဘာ၏တုန့်ပြန်မှုကို ဆက်လက်လေ့လာခဲ့ကြသည်။ နောက်ဆုံးအနေနဲ့ ဒက်ရှ်ဘုတ် screen ပေါ်တွင်ပေးပို့လာသည့် အီးမေးလ်တစ်စောင်ကို အသံထွက် car audio စနစ်ဖြင့် ဖတ်ပြနေချိန်တွင် အာရုံစိုက်နားထောင်ကာ မောင်းနှင်နေသည့် ဒရိုင်ဘာ၏စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှုများကိုလည်း လေ့လာခဲ့ကြသေးသည်။ နောက်ဆုံးအနေဖြင့် ရရှိလာသောတုန့်ပြန်မှုမှတ်တမ်းများကို စုစည်းကာ ဒရိုင်ဘာ၏အာရုံပျံ့လွင့်ထွေပြားမှုများကို အဆင့်များအသီးသီးခွဲခြားသတ်မှတ်ခဲ့တော့သည်။ AAA နှင့် ဒေါက်တာစထရေလာတို့အဖွဲ့၏ အဆင့်သတ်မှတ်ချက်များအရ အသံသွင်းခွေကို audio စနစ်ဖြင့် ဖွင့်လှစ်နားထောင်နေချိန်တွင် ဒရိုင်ဘာ၏အာရုံပျံ့လွင့်မှုနှင့် ဦးနှောက်အလုပ်လုပ်နှုန်းမှာ အဆင့် ၁ ဖြစ်ပြီး bluetooth ဖြင့် ဖုန်းပြောနေချိန်တွင် အာရုံပျံ့လွင့်မှုနှုန်းမှာ အဆင့် ၂ သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါစမ်းသပ်ခံဒရိုင်ဘာအတွက် အာရုံပျံ့လွင့်မှုနှင့် ဦးနှောက်လိုင်းများအရှုပ်ထွေးဆုံးဖြစ်သည့်အဆင့် ၃ မှာ အီးမေးလ်များကို အသံထွက်စနစ်ဖြင့်နားထောင်နေချိန်ဖြစ်ကြောင်း အထက်ပါစမ်းသပ်မှုများအရ တွေ့ရှိခဲ့ရတော့သည်။

ထို့အပြင် AAA အဖွဲ့ကြီးမှပြုလုပ်ခဲ့သောစစ်တမ်းတွင် ပါဝင်ခဲ့သည့်မော်တော်ကားဒရိုင်ဘာများ၏ ၃၅ ရာခိုင်နှုန်းကလည်း ယာဉ်မောင်းနေသည့်အချိန်တွင် မိုဘိုင်းဖုန်း (သို့) ဒက်ရှ်ဘုတ် screen ပေါ်သို့ရောက်ရှိလာသောအီးမေးလ်နှင့် မက်ဆေ့ချ်များကိုဖတ်လေ့ရှိကြကြောင်း ဝန်ခံခဲ့ကြသည်။ ၂၆ ရာခိုင်နှုန်းမှာမူ ကားမောင်းနေစဉ် မိတ်ဆွေများထံသို့ မက်ဆေ့ချ်များရိုက်နှိပ်၍ ပြန်လည်ပေးပို့လေ့ရှိကြောင်းလည်း ဝန်ခံခဲ့ကြလေသည်။ AAA အဖွဲ့ကြီး၏ ဥက္ကဌနှင့်စီအီးအိုဖြစ်သူ ရောဘတ်အယ်ဒါဘယ်နက် က ''အနာဂတ်မှာ ကားအတွင်းဖျော်ဖြေရေးနည်းပညာနှင့် အင်တာနက်ချိတ်ဆက်မှုနှုန်းမြင့်မားလာတာက ဝမ်းသာစရာဖြစ်ပေမယ့် လုံခြုံစိတ်ချရမှုကတော့ စိုးရိမ်ရတဲ့အခြေအနေကိုရောက်လာခဲ့ပါပြီ။ အလွယ်တကူသုံးစွဲနိုင်တဲ့ bluetooth တို့လို အသံနားထောင်ပြီး အမိန့်ပေးစေခိုင်းနိုင်တဲ့ ဒက်ရှ်ဘုတ် screen စတာမျိုးတွေကိုသုံးရင် ယာဉ်မောင်းရတာအန္တရာယ်ကင်းတယ်လို့ လူတွေကယုံကြည်နေကြပါတယ်။ တကယ်တော့ ဒါဟာ လွဲမှားတဲ့အယူအဆပါပဲ။ အန္တရာယ်ဖြစ်စေနိုင်တဲ့ကားအတွင်းအဆင့်မြင့်နည်းပညာတွေကို ကန့်သတ်ထိန်းချုပ်ဖို့လည်း အချိန်တန်နေပြီထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။ AAA မှ အခြားတာဝန်ရှိသူတစ်ဦးဖြစ်သည့် ပီတာကစ်ဆင်ဂျာကလည်း ယခုစမ်းသပ်လေ့လာမှုမှ တွေ့ရှိချက်များသည် ကမ္ဘာတဝန်းမှကားမောင်းသူများ၏အသိအမြင်လွဲမှားနေမှုကို ပြုပြင်ပေးရန်အခိုင်မာဆုံးသက်သေများပင်ဖြစ်ကြောင်း၊ ယာဉ်မောင်းနေစဉ်စိတ်ရှုပ်ထွေးခြင်းနှင့် အာရုံကြောများအလုပ်ဝန်ပိမှုများနေခြင်းမှာ ဒရိုင်ဘာတစ်ဦး၏အလိုအလျောက်တုန့်ပြန်နိုင်စွမ်းကို အလွန်နှေးကွေးထုံထိုင်းသွားစေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိခေတ်မှာ နည်းပညာခေတ်ဖြစ်နေ၍ အနာဂတ်တွင်လည်း လူသားအချင်းချင်းဆက်သွယ်ပြောဆိုနိုင်မည့် အဆင့်မြင့်နည်းပညာများမှာ အမျိုးမျိုးသောပုံစံများဖြင့် ဆက်လက်ပေါ်ထွက်လာနေဦးမည်ဖြစ်၏ ။ သို့ရာတွင် စိတ်ကြည်လင်သန့်ရှင်းနေရန် အထူးလိုအပ်သော ကားမောင်းသူများအတွက်မူ ယင်းနည်းပညာများမှာ အဓိကအန္တရာယ်ပေးနိုင်မည့်ရန်သူတော်ကြီးများသာ ဖြစ်ကြပေလိမ့်မည်။ ဟန်မပျက်ပြောဆိုဆက်သွယ်နေသည်ဆိုသော်လည်း ယာဉ်မောင်းတို့၏စိတ်အတွင်းဝယ် ခံစားရသောအာရုံရှုပ်ထွေးမှုများ၊ စိတ်ပျံ့လွင့်ခြင်းများကို အထက်တွင်ဖော်ပြသကဲ့သို့ စေ့စပ်သေချာစွာစစ်ဆေးမှသာ တွေ့မြင်နိုင်မည်ဖြစ်သည်။ AAA  အဖွဲ့ကြီးကမူ အမေရိကန်ပြည်ထောင်စုတွင်သာမက တစ်ကမ္ဘာလုံးမှ မော်တော်ယာဉ်ထုတ်လုပ်သောကုမ္ပဏီကြီးများအနေဖြင့် ကားမောင်းနေစဉ် အီးမေးလ်နားထောင်နိုင်သည့်စနစ်၊ မက်ဆေ့ချ်စာသားများရိုက်ပို့နိုင်သည့်စနစ်များကို ဖယ်ရှားပြီးနောက် ရှေ့တူရူသို့သာ ဂရုစိုက်မောင်းနှင်ရန် သတိပေးသည့်မော်တော်ကားမျိုးကို ဆက်လက်ထုတ်လုပ်သွားရန် တွန်းအားပေးလျက်ရှိသည်။ ယင်းသို့ထုတ်လုပ်နိုင်ရန်လည်း မော်တော်ကားကုမ္ပဏီများမှ အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အစီအစဉ်တစ်ရပ်ကိုလည်း AAA က ချမှတ်နေပြီဟုသိရသည်။

အချုပ်အားဖြင့်ဆိုရသော် နည်းပညာတိုးတက်ခြင်းသည် တစ်ဖက်မှကြည့်လျင် လူသားတို့၏ယဉ်ကျေးမှုအဆင့်မြင့်လာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူတို့၏ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုရှုထောင့်မှကြည့်လျင်တော့ တဖြည်းဖြည်းစိုးရိမ်စရာအခြေအနေတစ်ရပ်ကို ရောက်ရှိလာခဲ့ပြီဟုသာ ဆိုရပေမည်။ မြန်မာနိုင်ငံမှယာဉ်မောင်းသူအများစုသည်လည်း မိုဘိုင်းဖုန်းနှင့်ဆက်သွယ်ထားသော bluetooth နားကြပ်များကို တပ်ဆင်ပြီး ကားမောင်းသည့်လုပ်ရပ်များခေတ်စားလာခဲ့ပြီဖြစ်ရာ ယင်းသို့ပြုလုပ်ခြင်းအားဖြင့် ယာဉ်ထိန်းရဲနှင့်လမ်းစည်းကမ်းဥပဒေတို့မှ ယာယီအားဖြင့်လွတ်ကင်းနိုင်မည်ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် အန္တရာယ်ကင်းပြီဟု မှတ်ယူခြင်းမပြုရန်သတိချပ်သင့်လှပါသည်။ အထက်က စစ်တမ်းများတွင်ဖော်ပြခဲ့သလို ဟန်မပျက်ကားမောင်းနေသော်လည်း hand-free kits အသုံးပြုနေသူ သင့်၏စိတ်အာရုံမှာ အဘယ်မျှပျံ့လွှင့်မှုရှိနေသည်ကို သင်ကိုယ်တိုင်ထိန်းချုပ်၍ပြန်လည်ဆင်ခြင်သင့်လှပေသည်။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Author