ကားရပ်ထားရင်း စက်နှိုးမရတော့ဘူးဆိုရင်

0

Full article

အလုပ်ကိစ္စ အရေးတကြီးရှိမယ်၊ တစ်ယောက်ယောက်နဲ့အချိန်ကိုက် ချိန်းထားတာရှိမယ်၊ ကိုယ့်ကားလေးနဲ့ သွားတော့မယ်ပေါ့။ ကားပေါ်တက်၊ ကားသော့လေးလှည့် စက်နှိုးပါပြီတဲ့။ ဟော... ... ကားစက်နှိုးမရတော့ဘူး။ ဒီပြဿနာက ကားမောင်းတဲ့သူတော်တော်များများ ကြုံဖူးကြတဲ့ပြဿနာ။ ဒီလိုပြဿနာမျိုး တစ်ခါမှ မကြုံဖူးတဲ့ ကားမောင်းတဲ့သူတွေအတွက်တော့ "ငါ့ကား ဘာများဖြစ်ပြီလဲဟ" ဆိုပြီး စိတ်ပူပင်တတ်ကြတာမျိုးပေါ့။ အဲဒီလိုမျိုးအချိန် ဘာဖြစ်တာလဲ ဆိုပြီး စိတ်မပူပန်ရလေအောင်၊ ကားရပ်ထားရင်း စက်နှိုးမရတဲ့ အခြေခံ ပြဿနာလေးတွေကို စုစည်းပြီးတင်ပြချင်ပါတယ်။ ဒီဆောင်းပါးလေး ဖတ်ထားခြင်းအားဖြင့် ကားရပ်ထားရင်း စက်နှိုးမရတဲ့အခါ ဘာဖြစ်နိုင်တယ်ဆိုတာ စဉ်းစားတွေးခေါ်ပြီး လိုအပ်တာတွေ စီစဉ်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဘက်ထရီအားကုန်တာ

ကားရပ်ထားပြီး စက်ပြန်နှိုးမရတော့တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ အဲဒီထဲကမှ အဖြစ်များဆုံး အကြောင်းအရာတစ်ခုက ကား ဘက်ထရီအားကုန်တာပါပဲ။ အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာ အီလက်ထရောနစ်နဲ့ အီလက်ထရစ်ကယ် ပစ္စည်းမြောက်များစွာပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေ အလုပ်ကောင်းမွန်စွာလုပ်ဆောင်ဖို့အတွက်ရယ်၊ ကားစက်နှိုးဖို့အတွက်ရယ်၊ ကားတိုင်းမှာ ဘက်ထရီအိုး အနည်းဆုံး တစ်လုံးကနေ နှစ်လုံးအထိ ပါဝင်ပါတယ်။ အဲဒီ ဘက်ထရီအားကုန်ခမ်းနေပြီဆိုရင် ကားစက်နှိုးလို့ရမှာ မဟုတ်တော့ပါဘူး။ ကားဘက်ထရီအိုးသစ်တစ်လုံးဟာ ပုံမှန် 12.6 voltage နဲ့အထက်ရှိပါတယ်။ အဲဒီဘက်ထရီဟာ ကားစက်နှိုးဖို့ starter motor ကစပြီး load ဆွဲလိုက်တဲ့ အချိန်မှာ ပျမ်းမျှအားဖြင့် 11.0 V ကနေ 10.0 V ထိ ကျဆင်းသွားတတ်ပါတယ်။ ဒါဟာ ပုံမှန်ကောင်းမွန်နေတဲ့ ဘက်ထရီတစ်လုံးကို digital multimeter နဲ့တိုင်းတာ ကြည့်ရင် တွေ့နိုင်မှာဖြစ်ပါတယ်။ အသစ်ကနေ ၆ လ၊ ၁ နှစ်နီးပါး အသုံးပြုထားပြီးတဲ့ ဘက်ထရီအိုးတွေကို တိုင်းတာကြည့်ရင်တော့ 10.0V အောက်ကနေ 9.0V အောက်ထိကို voltage drop ကျဆင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလောက်ဆို အသုံးပြုလို့ရနိုင်သေးတဲ့ အခြေအနေရှိပါတယ်။ ဒီလိုကနေ ၁ နှစ်ခွဲ ၂ နှစ်ကြာအောင် သက်တမ်းကြာရှည်စွာ အသုံးပြုထားတဲ့ ဘက်ထရီတွေကို စက်နှိုးချိန် voltage drop ကို တိုင်းတာကြည့်မယ်ဆိုရင်တော့ 8.0V ကနေ 7.0V လောက်ထိကို ကျဆင်းသွားတာ မြင်ရမှာပါ။ ဒီလိုကျဆင်းနေပြီဖြစ်တဲ့ ဘက်ထရီတွေကတော့ စိတ်ချလက်ချသုံးစွဲနိုင်တဲ့ အခြေအနေမရှိတော့ပါဘူး။ အသစ်လဲလှယ်ပြီး သုံးစွဲရတော့မယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အချိန်မရွေး ကားရပ်ထားပြီး စက်ပြန်နှိုးမရတဲ့ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

ကားဘက်ထရီအားကုန်ခမ်းစေတဲ့ အချက်တွေကတော့

၁။ ဘက်ထရီအိုးသက်တမ်းကြာမြင့်စွာ အသုံးပြုထားတာ

၂။ ကားရပ်ထားချိန်မှာ အတွင်းခန်းမီး cabin light နဲ့အခြားမီးတွေကို မေ့ပြီးဖွင့်ထားမိတာ

၃။ ကားစက်ရပ်ထားချိန်မှာ ကားမှာရှိတဲ့ electrical နဲ့ electronic ပစ္စည်းတွေရဲ့ မလိုအပ်တဲ့ load ဆွဲမှုဖြစ်စေတဲ့ (parasitic battery drain) ကပ်ပါး ဘက်ထရီစားတာ

၄။ ဘက်ထရီအိုး အက်ဆစ်အားနည်းတာ၊ မိုးရေခမ်းတာ

၅။ ဘက်ထရီ အားသွင်းစနစ်ချို့ယွင်းပြီး လုံလောက်တဲ့ ဘက်ထရီအား မဝင်တာ အစရှိတဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

ကားစက်မနိုးတာဟာ ကားဘက်ထရီအားနည်းတာကြောင့်လို့ ဘယ်လိုသိနိုင်မလဲဆိုရင်တော့ အတိအကျ အသေချာဆုံးကတော့ multimeter နဲ့တိုင်းတာကြည့်တာပါပဲ။ အနီးနားမှာ မီတာမရှိရင်လည်း အောက်ပါ နည်းစနစ်တွေနဲ့ အလွယ်တကူသိနိုင်ပါတယ် ။

၁။ ကားဟွန်းတီးကြည့်မယ် (ကားဟွန်းတီးကြည့်လို ဟွန်းသံမထွက်တော့တာ အရမ်းတိုးသွားတာ)

၂။ ကား wiper ဖွင့်ကြည့်မယ် (wiper တွေပုံမှန်ကစားနေလား၊ လေးကွေးနေလား)

၃။ ကားအတွင်းခန်း မီးဖွင့်ကြည့်မယ် (အတွင်းခန်းမီးတွေ ပုံမှန်ပဲလား၊ မှိန်နေသလား) ဆိုတာတွေနဲ့ အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။ ကားရှေ့မီးကြီးတွေ ဖွင့်ပြီးလည်း ကြည့်ရှုခန့်မှန်းနိုင်ပါတယ်။

ကားစက်နှိုးမရတာဟာ ဘက်ထရီအားကုန်သွားလို့ဖြစ်တာဆိုရင် ကားစက်စနှိုးချိန်မှာ ပုံမှန်ကြားနေကြ starter motor လည်ပတ်တဲ့အသံ၊ အင်ဂျင် လည်ပတ်တဲ့အသံ ကြားရမှာ မဟုတ်ဘဲ "ကတစ် ကတစ် ကတစ်" ဆိုတဲ့ အသံလောက်ပဲ ကြားရနိုင်တယ်။ ကားစက်စနှိုးဖို့ သော့လှည့်လိုက်တဲ့အချိန်မှာ ဘာသံမှ မကြားရတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအချက်အလက်တွေနဲ့ တိုက်ဆိုင်နေတဲ့သင့်ကား စက်နှိုးမရဘူးဆိုရင်တော့ အရင်ဆုံး ဘက်ထရီထောက်နှိုးကြည့်ရမှာပါ။ ဘက်ထရီအားကုန်လို့ စက်မနှိုးတာ ကျိန်းသေတယ်ဆိုရင်တော့ ဘက်ထရီထောက်နှိုးလိုက်တာနဲ့ တစ်ချက်တည်းနှိုးပါမယ်။ ခြွင်းချက်အနေနဲ့ကတော့ သက်တမ်းအရမ်းကြာမြင့်စွာသုံးထားတဲ့ ဘက်ထရီတွေအနေနဲ့ ဘက်ထရီအား အခံ လုံးဝကုန်ခမ်းသွားပြီဆိုရင်တော့ ပြင်ပ ဘက်ထရီနဲ့ ထောက်နှိုးလည်း အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ဘက်ထရီအသစ်တစ်လုံး ဝယ်ယူအစားထိုး တပ်ဆင်ပြီးနှိုးမှသာ အဆင်ပြေတော့မှာဖြစ်ပါတယ်။

Starter motor မကောင်းတာ

ဒါကလည်း ကားရပ်ထားပြီး စက်ပြန်နှိုးမရတဲ့ ပြဿနာတွေထဲက အဖြစ်များဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါပဲ။ Starter motor မကောင်းရင် ဘာကြောင့်စက်မနှိုးတာလဲဆိုရင်တော့ ကျနော်တို့ အခုခေတ်ပေါ်ကားတွေ အားလုံးနီးပါးမှာသုံးနေတဲ့ အင်ဂျင်တွေဟာ (Internal Combustion Engine) အတွင်းပိုင်းမှာ မီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်အမျိုးအစားတွေ ဖြစ်ပြီး အဲဒီအင်ဂျင်တွေလည်ပတ်စေဖို့ အဓိကအကြောင်းအရာနှစ်ခုက တွန်းအားနဲ့အရှိန်ပါ။ အဲဒီအင်ဂျင်တွေဟာ သူ့အလိုအလျှောက် 'ထ' လည်ပတ်နိုင်ခြင်း မရှိဘဲ၊ စတင်လည်ပတ်ဖို့အတွက် ပထမဆုံးတွန်းအားတစ်ခုလိုပြီး အဲဒီတွန်းအားက တဆင့် ဆီ+လေ+မီး တို့ အချိုးကျ ပေါင်းစပ်ပေါက်ကွဲစေကာ အရှိန်နဲ့ ဆက်လက်လည်ပတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး တွန်းအားပေးတဲ့ starter motor မကောင်းတာနဲ့ သင့်ကား စက်နှိုးရတော့မှာ မဟုတ်ပါဘူး ။

Starter motor မလည်ပတ်ရခြင်း အကြောင်းတွေကတော့

Starter motor solenoid မကောင်းတာ

Starter motor ထဲမှာရှိတဲ့ ကာဗွန်တိုသွားတာ၊ စားသွားတာ

Starter motor လောင်သွားတာ

Starter motor solenoid ကို supply voltage မရောက်တာ

Starter motor relay ပျက်နေတာ အစရှိတဲ့ အကြောင်းအရာတွေကြောင့် မော်တာ မလည်နိုင်ဖြစ်ရပြီး စက်နှိုးလို့ မရတာပါပဲ။

Starter မော်တာ မကောင်းတာလားဆိုတာ ထင်သာမြင်သာရှိတဲ့ အချက်တွေကလည်း အပေါ်မှာပြောခဲ့တဲ့ ဘက်ထရီအားနည်းရင်ဖြစ်တတ်တဲ့ အချက်တွေလိုပါပဲ။ ကားစက်နှိုးလိုက်ချိန် အင်ဂျင်လည်ပတ်သံ မကြားရဘဲ "ကတစ် ကတစ်" တို့ "တောက်တောက်" ဆိုတဲ့ အသံတွေပဲ ကြားနေရတာ၊ နောက် ဘာသံမှ မကြားရတာဟာလည်း starter motor ချို့ယွင်းတဲ့ အချက်တွေပါပဲ။

Fuel Pump မကောင်းတာ ၊ ပျက်စီးတာ

ကားရပ်ထားပြီး စက်ပြန်နှိုးလို့မရတဲ့ ပြဿနာတွေထဲက နောက်ထပ်အဖြစ်များဆုံးက ဆီတိုင်ကီထဲမှာရှိတဲ့ ဆီပန့်မကောင်းတဲ့ပြဿနာပါပဲ။ ဆီပန့်မကောင်းတော့ဘူးဆိုရင် ကားမှာဖြစ်တာတွေက အပေါ်ကပြောထားတဲ့ ဘက်ထရီမကောင်းတာနဲ့ starter motor မကောင်းတာတွေနဲ့ မတူပါဘူး။ ဆီပန့်မကောင်းတာကြောင့် အင်ဂျင်လည်ပတ်ရဲ့သားနဲ့၊ starter motor လည်ပတ်ရဲ့သားနဲ့ စက်မနှိုးတာပါ။ ကားစက်စနှိုးဖို့ သော့ဖွင့်လိုက်တယ်။ သော့ကိုလှည့်လိုက်တယ်။ အင်ဂျင်ကလည်း ပုံမှန်အတိုင်း ကောင်းကောင်းလည်ပတ်တယ်။ ဒါပေမယ့် စက်က နှိုးမလာဘူးဆိုရင် ကျနော့် အတွေ့အကြုံအရ အဖြစ်များဆုံးပြဿနာက ဆီတိုင်ကီထဲက ပန့်ပျက်စီးတာပါပဲ။  ဆီပန့် ပျက်စီးတာ၊ ဆီပန့် pressure မလုံလောက်တာ၊ ဆီပန့်လိုင်း ကြေးပိတ်တာတွေကြောင့်လည်း ကားရပ်ထားပြီး စက်နှိုးမရတဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ဆီပန့် ပျက်စီးတာကိုတော့ ကိုယ်တိုင်စစ်ဆေးလို့လည်း မလွယ်ကူနိုင်သလို ဆီပန့်ဟာ ဓာတ်ဆီတိုင်ကီထဲမှာ တည်ရှိတာမလို့ ဖြုတ်ရ၊ တပ်ရ ခက်ခဲပြီး အန္တရာယ်လည်း များပါတယ်။ ဒါကြောင့် ကျွမ်းကျင်ဝန်ထမ်းများကသာ ဖြုတ်၊ တပ် စစ်ဆေးသင့်ပါတယ်။

Sensors တွေပျက်စီးတာ

အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာ အင်ဂျင်ရဲ့ လုပ်ဆောင်ချက်တွေကိုတိုင်းတာဖို့ အမျိုးမျိုးသော sensors တွေတပ်ဆင်အသုံးပြုထားပါတယ်။ အာရုံခံ sensors တွေ ပျက်စီးတာ၊ sensors တွေကို ဆက်သွယ်ထားတဲ့ ဝါယာလိုင်းတွေ ပျက်စီးတာတွေကြောင့်လည်း အင်ဂျင်လည်ရဲ့သားနဲ့ စက်မနှိုးတာ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာအားဖြင့် Crankshaft Position Sensor၊ Camshaft Sensor၊ Mass Airflow Sensor အစရှိတဲ့ sensors တွေ  ပျက်စီးတာကြောင့်ပါ။ အထူးသဖြင့် လမ်းဘေးမှာညအိပ်ရပ်ထားတဲ့ ကားတွေရဲ့ဝါယာကြိုးတွေကို ကြွက်ကိုက်တာမျိုးပါ။ Sensors ရဲ့ ဝါယာကြိုးတွေကို ကြွက်တွေကိုက်မိပြီး ပြတ်တောက်ကုန်မယ်ဆိုရင်တော့ ကားစက်နှိုးလို့ရနိုင်တော့မှာ မဟုတ်ပါဘူး ။

Spark Plugs တွေမကောင်းတာ

မီးလောင်ပေါက်ကွဲတဲ့ အင်ဂျင်တစ်ခုလည်ပတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ spark plugs တွေမကောင်းဘူးဆိုရင်လည်း သင့်ကား အင်ဂျင်နှိုးလာမှာ မဟုတ်ပါဘူး။ Spark plugs တွေကို မလဲဘဲ၊ မစစ်ဆေးဘဲ အချိန်အကြာကြီးသုံးထားမယ်ဆိုရင် ဒီပြဿနာနဲ့ကြုံတွေရနိုင်ပါတယ်။ Spark plugs ငုတ်တွေ တိုသွားတာ၊ ကာဗွန်ဂျိုးတွေ အဆမတန်ကပ်နေတာ၊ မီးစားနေတာ၊ မီးကျွမ်းနေတာတွေကြောင့်လည်း မီးလောင်ဖို့လိုအပ်တဲ့ sparking တွေ ဖြစ်မလာဘဲ ကားစက်နှိုးမရတဲ့ ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ ဒီပြဿနာကတော့ ဖြစ်ခဲတဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုမလို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကတော့ ကားရပ်ထားပြီး စက်ပြန်နှိုးမရတော့ဘူးဆိုတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထအရှိဆုံး အချက်လေးတွေပါ။
မိတ်ဆွေရဲ့ ကားရပ်ထားပြီး ကားပြန်ထွက်ဖို့ ကားစက်နှိုးတယ်။ အင်ဂျင်မလည်ဘဲ ဘာသံမှ မကြားဘူးဆိုရင် မိမိကား ဂီယာဟာ P (Parking) ဒါမှမဟုတ် N (Neutral) မှာရှိလား ကြည့်ပါ။ ဂီယာတံက P နဲ့ N မှာ မရှိဘဲ အခြားဂီယာတွေ ဝင်နေမယ်ဆို Neutral Safety Switch ဆိုတဲ့ Safety System အရ သင့်ကားကိုစက်မနှိုးအာင် လုပ်ထားတာမလို့ နှိုးလို့ရမှာမဟုတ်ပါဘူး။ ဒါကလည်း အမှုမဲ့အမှတ်မဲ့နဲ့ ဖြစ်တတ်တာမျိုးပါ။ ကျနော်တို့ကိုယ်တိုင် ကြုံဖူးပါတယ်။ ကားစမောင်းကာစ ကားနဲ့အကျွမ်းတဝင် မရှိတဲ့သူတွေ ဖြစ်တတ်ပါတယ်။ ကားစက်နှိုးဖို့ သော့လှည့်တဲ့အချိန် "ကတစ် ကတစ်တို့ တောက်တောက် တောက်တောက်တို့" ကြားတာ ဆိုရင်တော့ အပေါ်မှာပြောခဲ့သလို ဘက်ထရီနဲ့ starter motor တို့ကြောင့်ဖြစ်နိုင်တာမလို့ ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ စက်ဖုံးကိုဖွင့် ဘက်ထရီခေါင်းတွေ ချောင်နေသလား၊ ကြေးတွေတက်နေသလား၊ ဘက်ထရီအိုးတွေ အက်တာ/ကွဲတာ ရှိနေသလား စစ်ဆေးနိုင်ပါတယ်။ ဒါထက် စက်မနှိုးဘူးဆိုရင် အင်ဂျင်ဝိုင်ကိုလည်း တိုင်းတာသင့်ပါတယ်။ အင်ဂျင်ဝိုင်လုံးဝနီးပါး ကုန်နေတယ်ဆိုရင် စက်မနှိုးသင့်တော့ပါဘူး။ ကားစက်နှိုးတဲ့အခါမှာ ဘက်ထရီနဲ့ starter motor လည်ပြီး အင်ဂျင်မလည်ပတ်တော့ဘူးဆိုရင်တော့ဖြင့် အခြား ဆီပျောက်၊ မီးပျောက် ပြဿနာများဖြစ်နိုင်ပြီး ကျွမ်းကျင်ဝပ်ရှော့ဆရာများ ခေါ်ယူပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ဒီအချက်တွေ ဖတ်ပြီးပြီဆိုရင် မိတ်ဆွေရဲ့ကား ရပ်ထားပြီး စက်ပြန်နှိုးတဲ့အချိန် ကားစက်နှိုးလို့မရတာ ဘာတွေဖြစ်နိုင်တယ်၊ ဘာကြောင့်ဆိုတာ နားလည်သဘောပေါက်လောက်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမများ အားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

စ ာရေးသူ : Lynn Za Nee (P.T.U)

Author