အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

0

Full article

ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ နေ့စဉ်နီးပါးကြုံတွေ့နေရတဲ့ကိစ္စမျိုးပါ။ စာဖတ်သူလည်း ကိုယ်ပိုင်ယာဉ်နဲ့ နေ့စဉ်သွားလာလှုပ်ရှားနေသူတစ်ဦးဆိုရင် ယာဉ်မတော်တဆမှုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နိမိတ်မကောင်းဘူးပဲပြောပြော၊ လမ်းပေါ်မှာ ယာဉ်မောင်းနှင်နေသမျှတော့ ယာဉ်မတော်တဆမှုဆိုတာ ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်လာပြီဆိုရင် ဆုံးရှုံးနစ်နာမှုအနည်းဆုံးဖြစ်စေမယ့် နည်းလမ်းကတော့ အစကတည်းက သင့်မော်တော်ယာဉ်ကို အာမခံထားရှိလိုက်တာပဲ ဖြစ်ပါတယ်။ အာမခံထားရုံနဲ့လည်း မပြီးသေးပါဘူး။ အာမခံထားတဲ့မော်တော်ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပြီဆိုရင် ယာဉ်ပိုင်ရှင် (ဒါမှမဟုတ်) မောင်းသူအနေနဲ့ ဆောင်ရွက်သင့်တဲ့ကိစ္စတွေကို တိတိကျကျမြန်မြန်ဆန်ဆန် လုပ်ဆောင်မှသာ မော်တော်ကားရဲ့ပျက်စီးဆုံးရှုံးမှုအတွက် သတ်မှတ်ထားတဲ့ အာမခံကြေးကို အာမခံကုမ္ပဏီထံက ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ အာမခံကုမ္ပဏီတစ်ခုခုမှာ အာမခံထားရှိတဲ့ကားတစ်စီး မတော်တဆမှုဖြစ်ပွားပြီဆိုရင် ဆက်လက်လုပ်ဆောင်ရမယ့်အဆင့်တွေကို အမေရိကန်အခြေစိုက် Allstate အာမခံကုမ္ပဏီကြီးက အောက်ပါအတိုင်းအကြံပြုထားပါတယ်။

(၁) သက်သေနဲ့အချက်အလက်များ မှတ်သားပါ

တစ်ဖက်ယာဉ်ရဲ့ မောင်းသူ၊ နံပါတ်ပြား၊ အမျိုးအစား၊ လိပ်စာ၊ ဖုန်းနံပါတ်တွေကို တောင်းယူမှတ်သားပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့အာမခံကုမ္ပဏီထံ ပြန်လည်တင်ပြတဲ့အခါ ခိုင်မာတဲ့သက်သေခံအထောက်အထားတွေ ဖြစ်လာပါလိမ့်မယ်။

(၂) မတော်တဆမှုအစီရင်ခံစာကို အမြန်ဆုံးတင်ပို့ပါ

အနီးဆုံးမှာရှိတဲ့ယာဉ်ထိန်းရဲ ဒါမှမဟုတ် ရဲစခန်းနဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံး တစ်ခုခုကိုသွားပြီး အစီရင်ခံစာတစ်စောင်ရေးပေးဖို့တောင်းဆိုပါ။ အဲဒီအစီရင်ခံစာရဲ့မိတ္တူကိုလည်း ရယူထားပါ။ အစီရင်ခံစာရေးပေးတဲ့တာဝန်ရှိသူကို တရားဝင်စာဖြစ်ကြောင်း တံဆိပ်တုံးထု၊ နံပါတ်ရေးထိုးပေးဖို့ တောင်းဆိုပါ။

(၃) ဓာတ်ပုံမှတ်တမ်းရယူပါ

မတော်တဆမှုဖြစ်ပွားတာနဲ့တစ်ပြိုင်နက် ဖြစ်စဉ်ကိုဓာတ်ပုံရိုက်ယူထားပါ။ သင့်ဖုန်းရဲ့ကင်မရာနဲ့ပဲ စေ့စေ့စပ်စပ်မှတ်တမ်းတင်ထားပါ။ ယာဉ်တိုက်မှုမှာပါဝင်တဲ့ကားတွေ၊ အပျက်အစီးတွေနဲ့ လိုင်စင်နံပါတ်ပြားတွေအားလုံးကို ရိုက်ကူးပါ။ ဒီဓာတ်ပုံမှတ်တမ်းတွေဟာ အာမခံကုမ္ပဏီနဲ့ တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးပြီး အာမခံကြေးတောင်းတဲ့အခါ သိပ်ကိုအသုံးဝင်ပါတယ်။

(၄) အာမခံကုမ္ပဏီကို ဆက်သွယ်အကြောင်းကြားပါ

မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာရေးခြင်းကိစ္စတွေပြီးသွားရင်တော့ သင့်ကား အာမခံထားတဲ့ကုမ္ပဏီကို တတ်နိုင်သမျှအမြန်ဆုံး ဆက်သွယ်အကြောင်းကြားရပါတော့မယ်။ သင့်ကားရဲ့မတော်တဆမှုနဲ့ အပျက်အစီးတွေအကြောင်းကို အပြည့်အစုံတင်ပြပါ။

ဒါဆိုရင် ယာဉ်တိုက်မှုဖြစ်အပြီး လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို သင့်အနေနဲ့ အစီအစဉ်တကျ ဆောင်ရွက်ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာမခံကြေးရဖို့က ဒီလောက်နဲ့မလုံလောက်သေးပါဘူး။ ယာဉ်ပိုင်ရှင်တော်တော်များများကလည်း အာမခံကုမ္ပဏီကို အကြောင်းကြားပြီးတာနဲ့ ကိစ္စပြီးပြီလို့ ထင်တတ်ကြပါတယ်။ Allstate Insurance ကုမ္ပဏီကြီးကတော့ အာမခံကုမ္ပဏီ၊ အေးဂျင့်နဲ့ ထိခိုက်ပျက်စီးမှုစစ်ဆေးသူတွေနဲ့ ဆက်ပြီးပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စတွေကို အခုလိုဆက်လက်အကြံပေးထားပါတယ်။

(၅) ပျက်စီးမှုကို စုံစမ်းစစ်ဆေးခံဖို့ အစီအစဉ်ဆွဲပါ

သင့်ကားရဲ့ ထိခိုက်ပျက်စီးမှုက ဘယ်လောက်များပြီး ဘယ်လောက်ကုန်ကျမယ်ဆိုတာကို ဆုံးဖြတ်မှုခံယူဖို့အတွက် အာမခံကုမ္ပဏီကိုတောင်းဆိုပါ။ အာမခံအမျိုးအစားအလိုက် သင့်အနေနဲ့ ကားပျက်စီးမှုတန်ဖိုးဖြစ်စေ၊ သင့်ကားကို ကုမ္ပဏီစရိတ်နဲ့ ပြန်လည်ပြုပြင်ပေးတာမျိုးဖြစ်စေ လက်ခံရရှိပါလိမ့်မယ်။ ဒီအတွက် သင့်ဘက်က ထပ်ပြီးငွေကုန်ကျဖို့မလိုပါဘူး။

(၆) ဆုံးဖြတ်စစ်ဆေးသူနဲ့ တွေ့ဆုံပါ

အာမခံကုမ္ပဏီက သင့်ကားရဲ့ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ဖို့အတွက် စစ်ဆေးသူတစ်ဦးကို စေလွှတ်ပါလိမ့်မယ်။ တိကျသေချာတဲ့အကဲဖြတ်မှုနဲ့ ထိုက်သင့်တဲ့အာမခံလျော်ကြေးကို ရရှိနိုင်ဖို့အတွက် ဆုံးဖြတ်စစ်ဆေးသူကို ကူညီပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အကဲဖြတ်စစ်ဆေးသူရဲ့ နှောင့်နှေးကြန့်ကြာမှုတွေ နည်းပါးလေလေ၊ သင့်ကားရဲ့ အာမခံကြေး ဒါမှမဟုတ် ပြန်လည်ပြင်ဆင်မှုလုပ်ငန်းစဉ်ကလည်း မြန်ဆန်လေလေပဲဖြစ်ပါတယ်။

စာရေးသူ : ကိုဆွဲ (မုံရွာ)
က ားအာမခံနှင့်ပတ်သက်ပြီး သိလိုသည်များကို CarsDB.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန် : 09 253 127 884

Author

Comments