Cruise Control ကို စိတ်ချလုံခြုံစွာ အသုံးပြုကြရာဝယ်

0

Full article

ဒီဘက်ခေတ် ကားတွေမှာ cruise-control စနစ်ဆိုတာ တော်တော်များများ ပါဝင်လာကြပါပြီ။ ဒါပေမယ့် စိတ်ချလုံခြုံစွာ ဘယ်လိုအသုံးပြုမလဲ?

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ တုန်းက Chrysler ကနေပြီး လီဗာနင်းစရာမလိုဘဲ ကားမောင်းနှင်နိုင်တဲ့စနစ်ကို အသစ်အဆန်းအနေနဲ့ စတင်မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ဒီနေ့ ကားအသစ်တွေမှာတော့ ဒီ cruise-control စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ တကူးတကသော့ဖွင့်စရာမလိုဘဲ ကားထဲဝင်ရောက်နိုင်တဲ့စနစ်လိုပါပဲ၊ အခုစနစ်ရဲ့ သစ်လွင်မှုဆိုတာကလည်း ကြိမ်ဖန်များစွာအသုံးပြုရင်းနဲ့ အသစ်ဆိုတာကြီးကို မေ့လျော့သွားကြဦးမှာပါ။ Cruise-control ကိုစတင်ထည့်သွင်းအသုံးပြုခဲ့တဲ့ကားကတော့ 1958 ခုနှစ်ထုတ် Chrysler Imperial မှာပါ။ ဒါပေမယ့် ဒီဘက်ခေတ် အီလက်ထရောနစ် နည်းပညာတွေကတော့ အခြေခံ အဆင်ပြေချောမွေ့မှုကိုမှ ကောင်းသထက် ကောင်းအောင် မွမ်းမံခဲ့ပြီးပါပြီ။ ဆက်လက်ဖေါ်ပြသွားမှာကတော့ cruise-control အလုပ်လုပ်ပုံနဲ့ သင့်လျော်စွာ ဘယ်လို အသုံးပြုရမလဲ ဆိုတာပါ။

မြန်နှုန်းကို ထိန်းသိမ်းဖို့

Cruise-control ရဲ့ အဓိကအလုပ်ကတော့ ရွေးချယ်ထားတဲ့ အမြန်နှုန်းကို အကောင်းဆုံး ထိန်းသိမ်းထားခြင်းပါပဲ။ ဒါမှလည်း လီဗာပေါ်နင်းထားတဲ့ ခြေထောက်ကို လွှတ်ပြီး သက်သောင့်သက်သာ နေနိုင်မှာပါ။ ဒီနေ့ခေတ် ထွက်ရှိလာတဲ့ မော်တော်ကားတွေအားလုံးနီးပါးရဲ့ မောင်းနှင်မှုကို အီလက်ထရောနစ် ကွန်ပြူတာတွေနဲ့ အဓိက ထိန်းချုပ်လုပ်ဆောင်လျက်ရှိပါတယ်။ မော်တော်ယာဉ်ရဲ့ အမြန်နှုန်းကို စောင့်ကြည့်တာ၊ ပြန်လည်ထိန်းညှိဖို့လိုအပ်လာရင် ပြန်လည်ထိန်းညှိတာ၊ လမ်းအခြေအနေအပေါ်မူတည်ပြီး အရှိန်ကို တစ်သမတ်တည်း ထားရှိတာ စတာတွေကို ကွန်ပြူတာစနစ်နဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်ပါပြီ။

ထိန်းချုပ်နည်းတွေ သိထားဖို့

Cruise-control ကို အသုံးပြုမယ်ဆိုရင်တော့ လက်ကိုင်ဂွေ ဒါမှမဟုတ် ဂွေအောက်မောင်းတံ အပေါ်က ခလုတ် အချို့ကို အသုံးပြုရပါမယ်။ အဲဒီခလုတ်တွေမှာ ပါဝင်လေ့ရှိတာတွေကတော့ အဖွင့်/အပိတ် ခလုတ်၊ "set" ဆိုတဲ့ ကိုထား ထားချင်တဲ့ အမြန်နှုန်းကို ရွေးခြယ်နိုင်ဖို့ခလုတ်၊ "set" လုပ်ပြီးသားအမြန်နှုန်းကို အတိုးအလျော့လုပ်ဖို့ "+" နဲ့ "-" ခလုတ်တွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ "+" နဲ့ "-" ခလုတ်တွေဟာ တစ်ချက်ကို 1-mph အတိုးအလျော့လုပ်ပေးပါတယ်။ "Cancel" ခလုတ်ကတော့ ကိုယ်ပေးထားတဲ့ "set" တစ်ခုလုံးကို လုံးဝပိတ်ပစ်လိုက်တာမဟုတ်ဘဲ cruise-control ထိန်းချုပ်မှုကနေ ခေတ္တရပ်တန့်ပေးနိုင်တဲ့ ခလုတ်ပါ။ အရှိန်သက်သက်နဲ့ လိမ့်ချင်ရင် အသုံးပြုနိုင်ပါတယ်။ လက်ကိုင်ဂွေအောက် မောင်းတံပေါ်မှာ တပ်ဆင်ပေးထားတဲ့ cruise-control တွေမှာလည်း "cancel" လုပ်လို့ရတဲ့ မောင်းတံအနေအထားတစ်ခုပါဝင်ပြီး ထိန်းချုပ်မှုကနေ ခဏဖြုတ်ထားနိုင်ပါတယ်။ "Resume" ခလုတ် ဒါမှမဟုတ် လုပ်ဆောင်မှုကတော့ ခုန "cancel" ထားတဲ့အနေအထားကနေပြီး ပထမချိန်ထားတဲ့ အနေအထားအမြန်နှုန်းအတိုင်း cruise-control ထိန်းချုပ်မှုနဲ့ ပြန်လည်မောင်းနှင်စေဖို့ပါ။ Cruise-control ကိုဖြုတ်ချင်ရင်တော့ အလွယ်လေးပါ။ ဘရိတ်နင်းလိုက်ရုံပါပဲ။ Cruise-control နဲ့မောင်းနှင်နေတဲ့အမြန်နှုန်းကနေ ခပ်မြန်မြန်အရှိန်တင်ပြီးမောင်းနှင်ချင်ရင်လည်း မခက်ပါဘူး။ လီဗာကို ဖိနင်းလိုက်ရုံပါပဲ။

Adaptive Cruise ရဲ့ ထပ်ဖြည့်ထားတဲ့ features တွေ

ဒီကနေ့ ကားအသစ်များစွာရဲ့ ကမ်းလှမ်းချက်တွေမှာတော့ adaptive cruise-control လို့ထည့်သွင်းဖေါ်ပြကြပြီး တစ်ခါတစ်လေ active cruise လို့လည်း ခေါ်တတ်ကြပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ သမားရိုးကျ cruise စနစ်အတိုင်းအလုပ်လုပ်ပြီး ထပ်ပိုလာတာတွေကတော့ ကားအရှေ့ပိုင်းမှာတပ်ဆင်ထားတဲ့ ရေဒါ၊ ကင်မရာ ဒါမှမဟုတ် sensors တွေနဲ့ မိမိကားရဲ့ အရှေ့ဘက်မှာမောင်းနှင်နေတဲ့ကားကို တိုက်ရိုက်သိရှိအောင် ပြုလုပ်ထားတာပါပဲ။ ဒီ feature ကတော့ ကားမှာပါဝင်တဲ့ adaptive cruise-control စနစ်ကို အရှေ့ဘက်ကား ဘယ်လိုအမြန်နှုန်းနဲ့ မောင်းနှင်သည်ဖြစ်စေ အကွာအဝေး တစ်သမတ်တည်းကနေ လိုက်နိုင်စွမ်းရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

Adaptive စနစ်တွေဟာ ကိုယ့်ရဲ့ကားနဲ့ ကိုယ့်ကားအရှေ့ဘက်မှာရှိတဲ့ကားအကြား အကွာအဝေးကို လိုသလိုထိန်းညှိလို့ရတယ်ဆိုပေမယ့် တအားကြီးကပ်လို့တော့မရပါဘူး။ လုံခြုံစိတ်ချရမှုကပေးတဲ့ အနီးဆုံးအကွာအဝေးအထိပဲ ကပ်လို့ရမှာပါ။ ဒီလိုမျိုး အချို့စနစ်တွေမှာတော့ အလိုအလျောက် ဘရိတ်ဖမ်းပေးနိုင်တဲ့အပြင် မြို့တွင်းယာဉ်ကြောအခြေအနေ၊ မော်တော်ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး မီးပွိုင့်ကနေ စထွက်ချိန်တွေမှာ ကားမောင်းသူရဲ့ လီဗာနင်းမှုမပါဝင်ဘဲ အလိုအလျောက် အရှိန်တင်တာတွေ လုပ်နိုင်ပါသေးတယ်။

Semi-Autonomous Cruise Control

နောက်ဆုံးထွက်ရှိလာတဲ့ Nissan ရဲ့ ProPilot Assist ၊ Subaru ရဲ့ EyeSight နဲ့ Audi ရဲ့ Traffic Jam Assist စနစ်လိုမျိုး advanced cruise-control စနစ် အသစ်တွေကိုတော့ adaptive cruise-control နဲ့ lane-keeping assist တို့ကိုပေါင်းစပ်ပြီး semi-autonomous cruise-control ဒါမှမဟုတ် semi-automated driving assistants လို့ခေါ်ဆိုကြပါတယ်။ ဒီစနစ်တွေကတော့ လမ်းရဲ့အနေအထားကိုပါ ထိန်းချုပ်မှုစနစ်က သိရှိနိုင်တဲ့အတွက် လက်ကိုင်ဂွေကို စနစ်ရဲ့ အချက်ပြအသံမကြားမချင်း ခေတ္တခဏ လွှတ်ထားနိုင်တဲ့ စနစ်မျိုးတွေပါ။ လက်ကိုင်ဂွေကို ထိကိုင်ပြီး အနည်းငယ်ရွှေ့ရုံမျှနဲ့  စနစ်ရဲ့ထိန်းချုပ်မှုအလိုအလျောက်ပိတ်သွားမယ့် စနစ်တွေလည်းဖြစ်ပါတယ်။

ဒီလိုစနစ်တွေဟာ အမျိုးအစားတစ်ခုနဲ့တစ်ခု ပါဝင်တဲ့ features အချို့ကွဲပြားတာတွေရှိနေပါသေးတယ်။ ဥပမာအားဖြင့် Tesla နဲ့ Mercedes-Benz လို အမျိုးအစားတွေမှာပါဝင်တဲ့ semi-autonomous cruise-control စနစ်တွေလိုမျိုးဆိုရင် နံဘေးလမ်းကြောတွေက ကားတွေနဲ့ဆက်စပ်ပြီး လုံလောက်တဲ့ အကွာအဝေးတစ်ခုကနေ steering ကိုအလိုအလျောက်ထိန်းညှိမောင်းနှင်နိုင်ပါတယ်။

စိတ်ချလုံခြုံစေဖို့

ဘယ်လို cruise-control ကို အသုံးပြုသည်ဖြစ်စေ အောက်ပါအချက်တွေကိုတော့ စိတ်ချလုံခြုံဖို့အတွက် သိထားသင့်ပါတယ်။

လမ်းကြောအပေါ်မှာ အမြဲတမ်း နိုးကြားနေပါစေ။ အတားအဆီးတွေကို တွေ့နေရတဲ့အချိန်မျိုးတွေ၊ ဂရုမစိုက် ရမ်းရမ်းကားကားမောင်းနှင်နေသူနဲ့ တွေ့တဲ့အခါမျိုးတွေ ဒါမှမဟုတ် အရေးပေါ်အခြေအနေတွေမှာ ဘရိတ် သို့မဟုတ် လက်ကိုင်ဂွေကို နင်းဖို့/ကိုင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။
ဘယ်လောက် ကောင်းမွန်တယ်ဆိုတဲ့ adaptive နဲ့ semi-autonomous cruise-control ဖြစ်ပါစေ၊ လူတွေ တီထွင်ဖန်တီးပြီး အစီအစဉ်ချပေးထားတယ်ဆိုတာကို ခေါင်းထဲ အမြဲထည့်ထားပါ။ အချိန်အကြာကြီး မောင်းနှင်ရတဲ့အခါမျိုးတွေမှာ ခေတ္တခဏ အနားရတာဟာ ကားမောင်းသူတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာအတွက်ပါ အထူးကောင်းမွန်တယ်ဆိုပေမယ့် စိတ်လွတ်လက်လွတ် ပစ်မထားဖို့တော့လိုပါတယ်။ လမ်းမဆိုတာက မခန့်မှန်းနိုင်တဲ့ အခြေအနေတွေ ရှိနေတတ်တာမျိုးမလား။ အဲဒီအပြင် မိုး၊ နှင်း၊ မြူ စတာတွေဟာ ရေဒါစနစ်နဲ့ sensor စနစ်တွေကို အခက်အခဲရှိစေတတ်တာကိုလည်း သတိပြုထားရပါမယ်။ သာမန် cruise-control ကို အသုံးပြုတာပဲဖြစ်ဖြစ်၊ advanced cruise-control ကို အသုံးပြုတာပဲဖြစ်ဖြစ် ကိုယ်မောင်းနှင်နေတဲ့ကားဟာ ကိုယ့်ရဲ့ အပြည့်အဝထိန်းချုပ်မှုအောက်ကို တစ်ခုခုကို သတိပြုမိတဲ့ တဒင်္ဂအချိန်ကလေးအတွင်းမှာပဲ ရယူနိုင်အောင် အမြဲပြင်ဆင်ထားရမှာပါ။
မြို့တွင်း မီးပွိုင့်မိတဲ့အချိန်မျိုးတွေနဲ့ မြို့ပြင် ဟိုင်းဝေး မောင်းနှင်တဲ့အချိန်မျိုးတွေမှာ cruise-control က တော်တော်လေးကို အသုံးတည့်ပါတယ်။ တကယ်လို့ ကိုယ့်ကားဟာ adaptive cruise-control မဟုတ်ဘဲ သာမန် cruise-control ကိုပဲ အသုံးပြုလို့ရတဲ့ကားဆိုရင်တော့ ကိုယ့်ကားနဲ့ ကိုယ့်ရှေ့ကကားအကြား လုံလောက်တဲ့ အကွာအဝေး ရှိနေကြောင်း သေချာပါစေ။ လိုအပ်တဲ့အချိန်မျိုးမှာ ဘရိတ်နင်းဖို့နဲ့ "cancel" ခလုတ်ကို အချိန်မှီ နှိပ်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။
လမ်းချော်နေတဲ့အခြေအနေမျိုး၊ နှင်းတွေကျနေတဲ့အခြေအနေမျိုး၊ မိုးရွာနေတဲ့အခြေအနေမျိုးနဲ့ ရေကြီးရေလျှံနေတဲ့အခြေအနေမျိုးတွေမှာ cruise-control ကို အသုံးမပြုရပါ။ Cruise-control အများစုဟာ မောင်းနှင်သူက ကြားဖြတ်ပြီး မပိတ်မချင်း ကားရဲ့ အမြန်နှုန်းကို ထိန်းသိမ်းဖို့ ကြိုးစားနေတတ်တာမျိုးပါ။ လမ်းချော်နေတဲ့အချိန်မျိုးမှာ၊ ကားဘီးရဲ့ ကုပ်အားချော်သွားတဲ့အချိန်မျိုးတွေမှာ တဒင်္ဂအတွင်း ယာဉ်မတော်တဆထိခိုက်မိတဲ့ အခြေအနေမျိုးကို တွန်းပို့သလိုဖြစ်သွားနိုင်ခြေ ရှိတတ်တာကို သတိပြုရမှာပါ။
အကောင်းဆုံးကတော့ cruise-control ကို အဆက်မပြတ် အလုပ်လုပ်နေရာကနေ ခဏရပ်ပြီးအနားယူသလိုမျိုး အသုံးပြုတာပါပဲ။ ခြေတွေ၊ လက်တွေအတွက်တော့ တဒင်္ဂအနားရနိုင်ပေမယ့် မျက်လုံးနဲ့ စိတ်တွေကိုတော့ မလွှတ်လိုက်ပါနဲ့။ Cruise-control က မိုင်ပေါင်းများစွာကို ဖိအားကင်းကင်း သက်သောင့်သက်သာနဲ့ မောင်းနှင်နိုင်စွမ်း အမှန်တကယ်ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ အပြည့်အဝကြီးတော့ မဟုတ်သေးဘူးပေါ့။

ဘာသာပြန်သူ – စိုင်းဆိုင်(ရန်ကုန်)

Ref: How to Use Cruise Control Safely by Clifford Atiyeh (Car and Driver)

Author