Full article

တဖြည်းဖြည်းများပြားလာတဲ့ ကားအစီးရေ၊ ကျဉ်းမြောင်းတဲ့ လမ်းတွေ၊ စည်းမဲ့ကမ်းမဲ့ ရပ်နားထားတဲ့ ကားပါကင်တွေ၊ လမ်းဘေးဈေးသည်တွေ၊ ညံ့ဖျင်းတဲ့ Public Transportation နဲ့ မိုးရွာလို့ဖြစ်တဲ့ ရေလွှမ်းမိုးမှုတွေ စတဲ့ အချက်တွေကြောင့် ရန်ကုန်မြို့မှာ ကားတွေကျပ်နေရတယ်လို့ အများစုက တညီတညွတ်တည်းလက်ခံထားကြပါတယ်.။ Wired မဂ္ဂဇင်း ရဲ့ ဆောင်းပါးရှင် Adam Mann ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ မြို့တော်ကြီးတွေမှာ ဖြစ်နေတဲ့ ကားကျပ်မှုတွေကို သူ့ရဲ့ဆောင်းပါးမှာ ဆွေးနွေးရေးသားထားပါတယ်.။ ဒီဆောင်းပါးကို MyanmarCarsDB ပရိတ်သတ်များ ဖတ်ရှုနိုင်စေဖို့ MyanmarCarsDB ၏ အာဘော်များမပါဝင်စေဘဲ အရင်းအတိုင်း ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်.။

ဆောင်းပါးရှင် Adam Mann ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ် မြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်.။ သူငယ်စဉ်က မိဘတွေနဲ့ အပြင်မှာ သွားလာနေတဲ့အခါ ကားကျပ်တဲ့ဒဏ်ကို ခံစားခဲ့ရသူပါ.။ လူသွားလူလာများပြားတဲ့ အချိန်တွေမှာဆိုရင် ကားတွေဟာ ဘန်ပါအချင်းချင်း ထိလုမတတ် ကျပ်ညပ်ပြီး သွားနေရတာကို သူတွေ့တဲ့အခါ ကားကျပ်တာဟာ ကားလမ်းတွေနည်းလို့၊ လမ်းတွေကျဉ်းလို့ စသဖြင့် တွေးခဲ့မိဖူးပါသတဲ့.။ အသက်ကြီးလာတဲ့အခါကျမှ ကားကျပ်ရတာဟာ ကားလမ်းနဲ့ မဆိုင်ဘူးဆိုတာ သိလာခဲ့ပါသတဲ့.။

ဒီ Concept ကို induced demand လို့ခေါ်ပါတယ်.။ လမ်းတွေတိုးပွားလာလေလေ လူတွေဟာ တိုးပြီးအသုံးပြုလာလေလေ နောက်ထပ်လမ်းတွေ ထပ်ပြီးလိုအပ်လာလေလေ လို့ဆိုပါတယ်.။ ၂ဝဝ၉ ခုနှစ်မှာ စီးပွားရေးပညာရှင် (၂) ဦးဖြစ်တဲ့ Matthew Turner နဲ့ Gilles Duranton တို့ဟာ အမေရိကတလွှားရှိ မြို့ကြီးများရဲ့ ၁၉၈ဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်အကြား ဖောက်လုပ်ခဲ့တဲ့ လမ်းများနဲ့ ၎င်းမြို့ကြီးများရဲ့ အဆိုပါခုနှစ်များအတွင်း ကားသွားလာမှုမိုင်အရေအတွက်ကို နှိုင်းယှဉ်ပြီး လေ့လာခဲ့ကြပါတယ်.။

သူတို့ရဲ့ တွေ့ရှိချက်အရဆိုရင် မြို့ကြီးတစ်မြို့ရဲ့ လမ်းအရေအတွက်တိုးတက်မှုနှုန်း နဲ့ မောင်းနှင်တဲ့ မိုင်အရေအတွက်ဟာ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်.။ ဥပမာပြောရရင် မြို့တစ်မြို့ဟာ ၁၉၈ဝ နဲ့ ၁၉၉ဝ ခုနှစ်တွေကြားမှာ လမ်းအရေအတွက် ၁ဝ ရာခိုင်နှုန်း တိုးတက်လာတယ်ဆိုရင် အဲဒီမြို့ရဲ့ ကားမောင်းနှင်တဲ့ မိုင်အရေအတွက်ဟာလဲ ၁ဝ ရာခိုင်နှုန်းတိုးပွားလာတာကို တွေ့ရပါတယ်.။ အဲဒီမြို့ရဲ့ ၁၉၉ဝ နဲ့ ၂ဝဝဝ ခုနှစ်အကြား လမ်းအရေအတွက် ၁၁ ရာခိုင်နှုန်း တိုးတက်လာတယ်ဆိုရင် ကားမောင်းနှင်တဲ့မိုင်ဟာလဲ ၁၁ ရာခိုင်နှုန်းပဲ တိုးပွားလာပါသတဲ့.။ ဒီအချက်ကို ထောက်ရှုပြီး စီးပွားရေးပညာရှင်နှစ်ဦးဟာကောက်ချက်တစ်ခုချခဲ့ပါတယ်.။ လမ်းအသစ်တွေတိုးပွားလာခြင်းဟာ ယာဉ်မောင်းနှင်သူအရေအတွက်ကို ပိုမိုတိုးတက်လာစေပြီး မောင်းနှင်တဲ့မိုင်အရေအတွက်ကိုလဲ တူညီတဲ့ရာခိုင်နှုန်းအတိုင်း တိုးတက်လာစေတယ် ဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ်.။

ဒီလေ့လာချက်ကို Adam Mann က ဒီလိုဆိုပါတယ်.။ ကားတွေမကျပ်တော့အောင် လမ်းအသစ်တွေ တိုးချဲ့ခြင်းဟာ ဘာနဲ့တူသလဲဆိုတော့ ရေစီးရေလာပိုကောင်းစေဖို့ ပိုက်လုံးအသေးလေးအစား ပိုက်လုံးအကြီးနဲ့ အစားထိုးလိုက်တာနဲ့ တူပါတယ်တဲ့.။ ကျွန်တော်တို့ မျှော်လင့်ထားတာက ပိုက်လုံးအကြီးဆိုရင် ရေတွေချောင်ချောင်ချိချိ စီးသွားနိုင်မယ်ပေါ့.။ တကယ့်အဖြစ်မှန်ကတော့ ပိုက်လုံးအကြီးဟာ ရေများများပိုဆွဲဆောင်နိုင်တဲ့အတွက် စီးဆင်းတဲ့ပမာဏ အချိုးကတော့ အတူတူပဲဖြစ်နေပါတယ်.။

Adam Mann ရဲ့ အဆိုအရ လူတွေဟာ လှုပ်ရှားသွားလာရတာ ကြိုက်နှစ်သက်ကြပါသတဲ့.။ ဒါကြောင့် လမ်းမတွေတိုးချဲ့လေလေ၊ လှုပ်ရှားသွားလာနိုင်တဲ့နေရာတွေ များလာလေလေ၊ လူတွေဟာ ပိုသွားလေလေပါပဲတဲ့.။ ဒီလိုသာဆိုရင်တော့ လမ်းဘယ်လောက်ချဲ့ချဲ့၊ လမ်းတွေဘယ်လောက်တိုးပြီး ဖောက်ဖောက် ကားလမ်းကျပ်မှုကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး.။

ဒါဆိုရင် Public Transport တွေဖြစ်တဲ့ ဘတ်စ်ကားတွေ၊ ရထားလမ်းတွေကို အဆင့်မြှင့်တင်ပြီး လမ်းမကျပ်တော့အောင် လုပ်ရင်ရောလို့ မေးစရာရှိလာပါတယ်.။ အချက်အလက်တွေအရဆိုရင်တော့ လေ့လာခဲ့တဲ့ မြို့ကြီးတွေမှာ Public Transport တွေဘယ်လောက်တိုးလာတိုးလာ ကားတွေကတော့ ကျပ်နေဆဲပါပဲတဲ့.။ ကောင်းမွန်လာတဲ့ Public Transport တွေဟာ အချို့ကားမောင်းသူတွေကို ဆွဲဆောင်နိုင်ပေမယ့် အဲဒီသူတွေရဲ့နေရာမှာ ကားမောင်းသူအသစ်တွေက အစားဝင်လာစမြဲပါပဲတဲ့.။ ပိုစိတ်ဝင်စားဖို့ကောင်းတာက တကယ်လို့ public transport တစ်ခုခုအလုပ်မလုပ်တာပဲဖြစြ်ဖစ်၊ လမ်းမတစ်ခုခုကို နေရာရွှေ့ပြီး ဖောက်လိုက်တာပဲဖြစ်ဖြစ် အပြောင်းအလဲတစ်ခုခုဖြစ်လာတဲ့အခါ ကားတွေအရမ်းကျပ်သွားမယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကားအရေအတွက်ဟာ လမ်းအရေအတွက်နဲ့ အလိုလို adjust ဖြစ်သွားပြီး ကားကျပ်မှုကတော့ သိပ်အကွာကြီးမဖြစ်သွားတာပါပဲ.။

ဆောင်းပါးရှင်ရဲ့ အဆိုအရ ကျွန်တော်တို့ရဲ့ လမ်းအသုံးပြုပုံဟာ ဆိုဗီယက်ယူနီယံမှာ ပေါင်မုန့်ဝေတဲ့ ပုံစံနဲ့တူနေပါသတဲ့.။ ဆိုဗီယက်ယူနီယံခေတ်တုန်းက အားလုံးတန်းတူညီမျှဖြစ်ရမယ်ဆိုပြီး ဈေးနှုန်းတွေကို အစိုးရက သတ်မှတ်ပေးပါတယ်.။ တစ်ခါတစ်လေမှာ သတ်မှတ်လိုက်တဲ့ ဈေးနှုန်းဟာ အရမ်းနည်းနေတာမျိုးရှိတတ်ပါတယ်.။ ဒီအခါမှာ အဲဒီပစ္စည်းကို ဝယ်ခွင့်ရဖို့အတွက် တန်းစီစောင့်နေတဲ့ လူတန်းကြီးဟာ အရှည်ကြီးဖြစ်လာပါလေရော.။ အခုလဲအဲဒီလိုပါပဲ.။ Demand များတဲ့အချိန်တွေမှာ လမ်းအသုံးပြုခွင့်ရဖို့ တန်းစီစောင့်နေကြတဲ့ ကားတန်းအရှည်ကြီးတွေကြောင့် လမ်းတွေကြပ်လာရတာပါ..။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆောင်းပါးရှင် Adam Mann က အောက်ပါအတိုင်းအကြံပေးထားပါတယ်.။

လမ်းအသုံးပြုမှုများတဲ့ အချိန်တွေမှာ အချို့လမ်းတွေကို အသုံးပြုခကောက်ခံရပါမယ်တဲ့.။ ဒီအခါ ဘာဖြစ်လာမလဲဆိုတော့ မသွားမဖြစ်သွားရမယ့်သူတွေမှအပ တစ်ချို့အရေးကြီးကိစ္စမရှိတော့သူတွေအနေနဲ့ အဲဒီအချိန်တွေကိုရှောင်ပြီး သွားလာတာမျိုးတွေ ရှိလာပါလိမ့်မယ်.။ ဒါမှမဟုတ် Public Transport တွေကို ပိုပြီးသုံးလာပါလိမ့်မယ်.။ ဒီအခါမှာ လမ်းအသုံးပြုမှု အထိုက်အလျောက်လျော့ကျသွားမှာဖြစ်လို့ ကားကျပ်မှုကို လျှော့ချနိုင်ပါလိမ့်မယ်.။ ဒီနည်းလမ်းကို အသုံးပြုပြီး အောင်မြင်မှုရနေတဲ့ မြို့တွေကတော့ လန်ဒန်၊ စတော့ဟုမ်း နဲ့ စင်္ကာပူတို့ဖြစ်ပါတယ်.။ New York မှာတော့ ၂ဝဝ၈ ခုနှစ်မှာ ဒီဖြေရှင်းမှုပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး၊ အားလုံးအတွက် အဆင်ပြေမယ်ပြောပြော အရင်က free ရနေတဲ့အရာတစ်ခုကို အခုပိုက်ဆံပေးရမယ်ဆိုရင် ဘယ်သူမှ မပေးချင်လို့ပါပဲ.။

နောက်ဖြေရှင်းချက်တစ်ခုကတော့ ကားပါကင်ပါပဲ.။ ဆောင်းပါးရှင်ရဲ့ အဆိုအရ မြို့ကြီးတိုင်းလိုလိုမှာ ရှိတဲ့ ကားပါကင်တွေဟာ ရှိသင့်တဲ့ဈေးနှုန်းထက် နည်းနေပါတယ်.။ အလကားပေးရပ်နေတာလဲ အများကြီးပါပဲ.။ ဒါကြောင့် လူတွေဟာ ပါကင်တွေကို အလွယ်ရ အလွယ်သုံးသဘောမျိုးဖြစ်နေပါတယ်.။ လေ့လာချက်များအရ မြို့တွေရဲ့အဓိကနေရာတွေမှာ မောင်းနှင်နေကြတဲ့ ကားတွေရဲ့ ၃ဝ ရာခိုင်နှုန်းဟာ ကားပါကင်ပတ်ရှာနေကြတာ ဖြစ်ပါသတဲ့.။ ဒါကြောင့် ကားမကျပ်သင့်ဘဲ ကျပ်နေရတာပါ.။

ကားပါကင်လိုအပ်ချက်များတဲ့ အချိန်တွေမှာ ပါကင်ဈေးနှုန်းကို တိုးမြှင့်လိုက်တဲ့အခါ လူတွေကို မလိုအပ်ဘဲ အချိန်ကြာကြာမရပ်နားစေတော့ဘဲ မြန်မြန်ထွက်ခွာစေတဲ့အတွက် အခြားကားရပ်နားလိုသူတွေ ရပ်နားခွင့်ရမယ့် အခွင့်အရေးပိုရလာစေပါတယ်.။ ဒီစနစ်ကို ဆန်ဖရန်စစ္စကိုမှာ ၂ဝ၁၁ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်.။ ကားကျပ်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သလို လက်လီအရောင်းဆိုင်တွေအတွက်လဲ ဆိုင်ရှေ့မှာ Customer တွေရဲ့ကားတွေ ပိုမိုရပ်နိုင်တဲ့အတွက် ရောင်းအားပိုတက်လာပါသတဲ့.။

အထက်ပါဖြေရှင်းချက်တွေကတော့ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး ဆောင်းပါးရှင် Adam Mann ရဲ့ ဆောင်းပါးမှာ ထည့်သွင်းရေးသားထားတာတွေဖြစ်ပါတယ်.။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ ဒီလိုဖြေရှင်းလို့ ရနိုင်မရနိုင် စာဖတ်သူတွေရဲ့ အမြင်ကိုလဲ ရေးသားခဲ့နိုင်ပါတယ်.။

Ref: Wired.com

Image Credit: www.goldenplacemyanmar.com

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author