ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

0

Full article

အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fitကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။ ကားမီးဖွင့်စစ်ဆေးကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ကားမီးက တစ်ဖက်မလာ။ ဒါနဲ့ မီးလုံးတွေဖြုတ်စစ်တော့ ကားမီးကြီး sockets တွေဟာ အပူလွန်ပြီး လောင်ထားတာ သွားတွေ့ပါတယ်။ ဒီလိုအဖြစ်က အခုခေတ် လူစီးများတဲ့ Probox တို့၊ ဖင်ကောက်တို့၊ နွားကြီး၊ နွားလေး၊ AD Van တို့၊ Honda Fit အစရှိတဲ့ ကားတော်တော်များများမှာ ဖြစ့်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။

မီးလုံးတွေကို ကြည့်တော့ H4 မီးသီး အမျိုးအစား 130/100W တွေသုံးထားတာ တွေ့ရပါတယ်။ ဒါနဲ့ ကားပိုင်ရှင် အမျိုးသမီးကို ဘာလုပ်ထားလဲ မေးကြည့်တော့ တခြားဝပ်ရှော့ တစ်ခုမှာ ကားရှေ့မီးကြီး အလင်းမှိန်တာ သွားပြတော့ watt များတဲ့ မီးသီးလဲပေးလိုက်တယ်လို့ပြောပါတယ်။
အဲ့ဒါနဲ့ ကျနော်လည်းရှင်းပြရပါတယ်။
"အမ ကားရှေ့မီးကြီးက ပုံမှန်အားဖြင့် 55 watt လောက်ပဲရှိတဲ့ မီးသီးတွေနဲ့လာပါတယ်၊ အဲဒါကို မီးမှိန်တယ်ဆိုပြီး watt ပိုများတဲ့ 100 W မီးသီးတွေကို ဒီအတိုင်းအစားထိုးလိုက်လို့မရပါဘူး။ ဒီအတိုင်း အစားထိုးထည့်လိုက်ရင် အခုလိုပဲ sockets တွေလောင်မယ်၊ ပြီးရင် ဝါယာကြိုးတွေပူလာပြီး ဝါယာရှော့ဖြစ်နိုင် မီးလောင်နိုင်ပါတယ်။ ဒါကြောင့် အမကားအရှေ့ မီးပိုလင်းချင်တယ်၊ မီးအားမြင့်တာ သုံးမယ်ဆိုရင် ကျနော်တို့ relay ထုပ် ခံသုံးမှရပါမယ်" ဆိုပြီး ရှင်းပြရပါတယ်။

အဲဒါနဲ့ ကားပိုင်ရှင် အမက ဘာဖြစ်လို့ relay ထုပ် ခံသုံးရတာလည်း ပြန်မေးတာနဲ့ ကျနော်လည်းရှင်းပြရပါတယ်။

Relay ထုပ်ဆိုတာ ဘာလဲ? ဘာလို့သုံးရတာလဲ?

ကျနော်တို့ကားလောကမှာ ကားရှေ့မီးကြီးတွေ အားနည်းလို့ ကားမီးလုံးတွေကို watt များတာထည့်တယ်။ တော်တော်များများက ဒီအတိုင်း ထည့်တတ်ကြလို့ အခုလို socket တွေမီးလောင်၊ ဝါယာတွေလောင်ပြီး မီးမလင်းတော့မှ ဝပ်ရှော့ရောက်လာတတ်ကြပါတယ်။ ဝပ်ရှော့ ရောက်လာမှ ဒီအတိုင်းထည့်မရဘူး။  Relay ထုပ် ခံသုံးရမယ်ဆိုတော့မှ ဘာဖြစ်လို့လဲ၊ ဘာကြောင့်လဲ သိချင်ကြပါတယ်။
ကားလောက က ကောင်းမောင်းသူ တော်တော်များများ relay ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကားရဲ့ electrical နဲ့ electronic ပိုင်းဆိုင်ရာတွေမှာ relay ဆိုတာဟာ မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုပါပဲ။
Relay ဆိုတာက လက်ဆင့်ကမ်းတယ်ဆိုတဲ့ အင်္ဂလိပ်စာလုံးကလာတာပါ။ ကျနော်တို့ ငယ်ငယ်က ရုပ်ရှင်တွေ/အားကစားပြိုင်ပွဲတွေ ထဲမှာပါတဲ့ တုတ်ချောင်းလေးကို ကိုင် တစ်ယောက်က ပြေး၊ နောက်တစ်ယောက်ဆီ လက်ဆင့်ကမ်း၊ အဲဒီတစ်ယောက်က တုတ်ချောင်းလေးကို ကိုင်ပြီး ပြေး၊ နောက်ဆုံး တစ်ယောက်ဆီပြေးရတဲ့ လက်ဆင့်ကမ်းပြေးပွဲမျိုးကို Relay လို့ခေါ်ပါတယ်။
အခု relay ဆိုတာကလည်း ဒီအတိုင်းပါပဲ။ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နားလည်အောင်ပြောပြရမယ်ဆိုရင်တော့ relay ဆိုတာ လျှပ်စစ်အားတွေကို လက်ဆင့်ကမ်းပေးတဲ့ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ခလုတ်လေးတစ်ခုပါပဲ။
Relay တစ်လုံးကိုဘာတွေနဲ့ ဖွဲ့စည်းထားလဲဆိုရင်တော့ relay ရဲ့အတွင်းပိုင်းမှာ လျှပ်စစ်ဓာတ်ပေးလိုက်တာနဲ့ သံလိုက်ဖြစ်ပေါ်စေနိုင်တဲ့ coil တစ်ခုပါဝင်ပါတယ်။ နောက် relay တစ်လုံးကို အပိုင်းနှစ်ပိုင်းအဖြစ်မြင်နိုင်ပြီး အပိုင်းတစ်ပိုင်းမှာကတော့ သံလိုက်ဖြစ်ပေါ်စေရန် coil ကို power supply ပေးရမယ့် အပိုင်းရယ်၊ သံလိုက်ဖြစ်လာတဲ့ အခါအဲဒီ relay အတွင်းမှာရှိတဲ့ relay point တွေကို ထိကပ်ပေးခြင်းအားဖြင့် လျှပ်စစ်စွမ်းအားတွေကို by pass သဘောမျိုး လမ်းလွှဲ ဖွင့်ပေးနိုင်/ပိတ်ပေးနိုင်တဲ့ အပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။
ဒါကြောင့်လည်း အခုကျနော်တို့ ကားမီးကြီးတွေကို watt ပိုများတာ သုံးချင်တဲ့အခါမှာ အဲဒီ relay ရဲ့ လုပ်ဆောင်ချက်တွေကိုယူပြီး အသုံးချထားတာပါ။

ကားအနိမ့်မီး၊ အမြင့်မီး စတဲ့ low beam ၊ high beam တွေကို ကားကုမ္ပဏီတွေက ထုတ်လုပ်လိုက်ကတည်းက သူကားနဲ့ လိုက်ဖက်တဲ့ watt rating တွေ သတ်မှတ်ပြီးထုတ်ပေးလိုက်တာပါ။ ဒါကြောင့် ဒီကားမီးကို သွယ်တန်းထားတဲ့ ဝါယာကြိုးတွေရဲ့ ခံနိုင်ရည်၊ ကားမီးသီးတပ်ဆင်အသုံးပြုမယ့် socket တွေရဲ့ ခံနိုင်ရည်တွေကို တစ်ခါတည်း အလိုအပိုမရှိ တွက်ထည့်ပေးလိုက်တာပါ။

ဒါပေမယ့် ဒီကိုရောက်လာတဲ့အခါ ကားတွေဟာ အသုံးပြုထားတာ ကြာပြီဖြစ်လို့ရယ်၊ ဝါယာရိန်းတွေရဲ့ ချို့ယွင်းမှုကြောင့်ရယ်၊ တချို့ကားမီး အလှဆင်သူတွေရဲ့ ဝါယာကြိုးတွေကို ဖြတ်ညှပ်ကပ်သွယ်တန်းမှုတွေရယ်၊ ကားမီးခွက်တွေရဲ့ ကြည်လင်ပြတ်သားမှုလျော့ကျလာတာကြောင့်ရယ် အခု မော်ဒယ်နိမ့်ကားတော်တော်များများ ညပိုင်းမောင်းတဲ့အခါ ကိုယ့်ကားမီးက သူများကားမီးနဲ့ ယှဉ်ထိုးရင် မမြင်ရဘဲ ကားမီး မှိန်တယ်၊ ကားမီးလင်းအားကောင်းတာထည့်မယ် ဆိုတာတွေဖြစ်လာကြပါတယ်။

ဒီနေရာမှာ ကားမီးသီးတွေကို ဒီအတိုင်းအလွယ်တပ်ဆင်ပြီး watt rating တွေထည့်မတွက်လို့ အခုလို socket တွေမီးလောင်တာ၊ ကားဝါယာတွေ အပူလွန်ပြီး မီးလောင်မှုဖြစ်တာတွေ ဖြစ်လာရတာပါ။ ကားမီးသီးတွေမှာ ရေးထားတဲ့ watt ဆိုတာက power ရဲ့ ယူနစ်တစ်ခုပါ။

P (power) = V (voltage) * I (current) < watt>  ဆိုပြီး ကိုးတန်း၊ ဆယ်တန်းလောက်မှာ သင်ဖူးတာ မှတ်မိကြမှာပါ။
ကားလေးတွေမှာသုံးတဲ့ ဘထ္ထရီ 12 V ကို အသေထားပြီး တွက်မယ်ဆိုရင် watt များတဲ့ မီးသီးတွေ သုံးလေလေ၊ current များများ သုံးစွဲရလေလေ၊ current များများ စီးဆင်းလေလေ အပူစွမ်းအင် များများဖြစ်ပေါ်လေလေပါပဲ။
Power (watt) များများသုံးလေ ပိုပူလေဆိုတဲ့ သဘောပါ။ ဒါကြောင့် ဒီလို watt များတဲ့ မီးသီးတွေကို မူရင်း watt နည်းနည်းအတွက် တွက်ထုတ်ထားတဲ့ ဝါယာကြိုးတွေ၊ မီးသီး socket တွေမှာ တပ်ဆင်အသုံးပြုလို့ မရနိုင်တာပါပဲ။

ဒါကြောင့် relay ထုပ် တွေမှာ watt များများအတွက် ခံနိုင်ရည်ရှိတဲ့ ဝါယာကြိုးတွေ၊ socket တွေကို အသုံးပြုပြီး ဘထ္ထရီကနေ လာတဲ့ မီးအားကို relay ကနေ တစ်ဆင့် မီးသီးဆီ ချိတ်ဆက်အသုံးပြုပြီး မီးအားမြှင့်ကြတဲ့ သဘောပါပဲ။ ဒီလို အသုံးပြုခြင်းအားဖြင့် ဝပ်များလို့ ဝါယာရှော့ ဖြစ်မှာတွေကိုပါ တစ်ခါတည်း ကာကွယ်ပြီးတဲ့ သဘောဖြစ်သွားပါတယ်။

တချို့ ထင်သလို relay သုံးတယ်ဆိုတာ relay ထဲမှာ coil ပါလို့ မီးအားပိုများသွား၊ ပိုမြှင့်ပေးသွားတယ်ဆိုပြီး မှတ်သားထားတာတွေဟာ မှားယွင်းနေတယ်ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။

ကျနော် ဖတ်ရှုလေ့လာဖူးသလောက် ကားမီးကြီး၊ ကားမီးသေး အသုံးပြုနည်းဆိုတာမျိုးကလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ကထုတ်ပြန်ထားတဲ့ အချက်တွေအရ ကားမီးသေးကို ညမှောင်ပြီဆိုတာနဲ့ အသုံးပြုနိုင်ပါတယ်။ ကိုက် ၂ဝဝ အထိ မြင်နိုင်စွမ်းဖြစ်အောင် ကူညီပေးပါတယ်။
ကားမီးသေးက လမ်းကို မြင်သာရုံသာ အောက်စိုက်ထားတဲ့ မီးဖြစ်တဲ့ အတွက် တစ်ဖက်ယာဉ်မောင်းရဲ့ အမြင်အာရုံကို အနှောင့်အယှက်မဖြစ်စေပါ။

ကားမီးကြီးကိုတော့ လမ်းမီးမရှိတဲ့နေရာတွေ၊ မိုးသည်းထန်စွာရွာတဲ့အချိန်၊ မြူနှင်းတွေကျချိန် တွေမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာလည်း တစ်ဖက်ယာဉ်ကို အနှောင့်အယှက်မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ ကားမီးကြီးသည် ကားရှေ့ ကိုက် ၃၅ဝ ကနေ ၄ဝဝ အထိမြင်နိုင်ပါတယ်။ ကားမီးကြီးသည် ကားမီးသေးထက် အလင်းရောင် ၂ ဆ ပိုလင်းပါတယ်။

အဓိကပြောချင်တာကတော့ လမ်းမီးအလင်းရောင်ရှိပြီး မြင်သာထင်သာတဲ့ နေရာတွေမှာ မီးအသေးကိုသာ သုံးပြီး တစ်ဖက်ယာဉ်ကြောက ယာဉ်မောင်း အနှောင့်အယှက်မဖြစ်အောင် ကူညီပေးသင့်တာမျိုးပါ။

တစ်ဆက်တည်း ပြောချင်တာက အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာပါလာတဲ့ မီးကြီးတွေအကြောင်းပါ။ ဥပမာ Alphard တို့၊ Mark X တို့မှာပါတာမျိုးတွေပါ။ HID မီးသီးလို့ခေါ်ပါတယ်။ အရှည်ကတော့ (High-Intensity Discharge) ပါ။ အဲဒီမီးလုံးတွေက လင်းအားအတော်ကောင်းပြီး ညဖက်မှာကြည့်ရင် အနီရောင် အဝါရောင် မဟုတ်ဘဲ အဖြူရောင် မီးသီးကြီးတွေဖြစ်ကြပါတယ်။

အဲဒီမီးသီးကြီးတွေ ကျွမ်းရင်၊ ပျက်ရင်၊ ကိုယ်တိုင်ဖြုတ်လဲတာ ပြုပြင်တာမျိုး မလုပ်သင့်ကြောင်း တစ်ခါတည်း အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီမီးသီးတွေဟာ အများထင်သလို DC မီးသီးတွေမဟုတ်ဘဲ AC voltage နဲ့ အလုပ် လုပ်တာမလို့ပါပဲ။ ဒီကောင်တွေ အလုပ် လုပ်ဖို့ ဒီမီးသီးတွေရဲ့ မီးခွက်တွေ အောက်မှာ အရပ်ခေါ် ချုပ်ဘူးလို့ခေါ်တဲ့ (AC to DC Converter) တွေ ပါ ပါတယ်။ လက်ရှိကား ဈေးကွက်ထဲမှာတော့ D2R ၊ D2S ၊ D4R ၊ D4S အမျိုးအစားဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ ဒီမီးသီး ချုပ်ဘူးတွေက ထွက်တဲ့ဟာက high voltage ဖြစ်ပြီး ဓာတ်လိုက်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် နောက်ပိုင်း မော်ဒယ်မြင့်ကားတွေရဲ့ မီးသီးတွေ ပြုပြင်မယ်ဆို မကျွမ်းကျင်ဘဲ အလွယ်တကူ ဖြုတ်တပ်တာတွေ စမ်းသပ်တာတွေ မလုပ်သင့်ကြောင်းပါ။

အခုလောက်ဆိုရင် ကားမီးမြှင့်မယ်ဆိုရင်၊ ဝပ်များတဲ့ မီးသီးတွေ သုံးမယ်ဆိုရင် ဘယ်လိုသုံးရမယ်ဆိုတာရယ်၊ အရပ်ထဲမှာ အပြောများကြတဲ့ relay ခံသုံးတယ်ဆိုတာ ဘာကြောင့်သုံးတယ်ဆိုတာရယ်ကို စာဖတ်သူ မိတ်ဆွေတို့ နားလည်သဘောပေါက်လောက်ပြီလို့ မျှော်လင့်မိပါတယ်။

ကားနည်းပညာ ဗဟုသုတများကြွယ်ဝပြီး မိမိတို့ရဲ့ကားတွေမှာ ကြုံတွေ့လာနိုင်တဲ့ ဝါယာရှော့ဖြစ်ခြင်း အန္တရာယ်များ ကင်းဝေးကြပါစေလို့ ဆုတောင်းအကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments