ဆောင်းနှင်းဖွေးဖွေးကြားမှာ ကားမောင်းတော့မယ်ဆိုရင် ...

0

Full article

ဆောင်းရာသီဆိုတာ သာမန်အားဖြင့်တော့ နေလို့ထိုင်လို့ကောင်းတဲ့ရာသီဥတုလို့ဆိုနိုင်ပြီး ဆီးနှင်းတွေနဲ့ပတ်သက်တဲ့ ရိုမန်တစ်ဆန်ဆန်ဇာတ်လမ်းတွေဟာ ကြည်နူးလွမ်းမောစရာဖြစ်ပါတယ်။ ဒါပေမဲ့ မော်တော်ကားဝါသနာရှင်တွေနဲ့ ဒရိုင်ဘာအများစုအတွက်တော့ ဆောင်းတွင်းဆိုတာ စိတ်ပျက်စရာကောင်းတဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ခရီးသွားလာရာမှာလည်း အန္တရာယ်ကျရောက်နိင်မှုအမြင့်မားဆုံး ရာသီဥတုတစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် အပူချိန်အလွန်နိမ့်ကျပြီး ဆီးနှင်းကျလေ့ရှိတဲ့ဒေသမျိုးမှာ ကားမောင်းရတာဟာ အခက်အခဲတွေအများကြီးရှိသလို ယာဉ်ကြံ့ခိုင်မှုနဲ့ Maintenance ပိုင်းအားနည်းခဲ့ရင် မတော်တဆမှုကြုံတွေ့နိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ကိုယ့်ရဲ့ကားကို ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်မလဲ၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေကိုဦးစားပေးလုပ်ဆောင်ရမလဲဆိုတာကို ဒီဇင်ဘာလမ်းညွှန်ချက်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ဒီလမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဆောင်းရာသီမှာ ကြုံတွေ့ရတဲ့မော်တော်ကားနဲ့ဆိုင်တဲ့အခက်အခဲတွေ၊ ပြဿနာတွေထက်ဝက်လောက် လျော့ကျသွားမယ်လို့ မျှော်လင့်မိပါတယ်။


Antifreeze ပမာဏကို စစ်ဆေးပါ

ဆောင်းတွင်းမှာ ကားတစ်စီးနဲ့ခရီးထွက်တော့မယ်ဆိုရင် ပထမဆုံးလုပ်ဆောင်သင့်တာကတော့ Radiator ထဲမှာ ပါဝင်တဲ့ Antifreeze လို့ခေါ်တဲ့ ဒြပ်ပေါင်းအရည်ပါဝင်မှုနှုန်းကို အရင်စစ်ဆေးသင့်ပါတယ်။ အင်ဂျင်အပူရှိန်လျော့နည်းစေဖို့ တပ်ဆင်ပေးထားတဲ့ Radiator တွေထဲမှာ ရေနဲ့ရောစပ်ထားတဲ့ Antifreeze အရည်တွေပါဝင်လေ့ရှိပါတယ်။ မြန်မာနိုင်ငံလိုရာသီဥတုမျိုး၊ ရန်ကုန်မြို့ရဲ့အပူချိန်မျိုးမှာ Antifreeze ပါဝင်မှုနည်းပါးတာဟာ ပြဿနာမရှိပေမဲ့ အအေးဓာတ်ပြင်းထန်လွန်းတဲ့ဒေသမျိုးတွေမှာတော့ Antifreeze ကို အမြဲတမ်းဂရုစိုက်စစ်ဆေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ Auto Service သမားတွေရဲ့အဆိုအရ Radiator ထဲမှာ Antifreeze ပါဝင်မှုက ရေနဲ့ ၅၀/၅၀ အချိုးကျဖြစ်သင့်တယ်လို့ သိရပါတယ် ဒီလိုစစ်ဆေးဖို့အတွက် နီးစပ်ရာဝပ်ရှော့တစ်ခုခုကို သွားနိုင်သလို ကိုယ်တိုင်လည်း စစ်ဆေးနိုင်ပါတယ်။ ကိုယ်တိုင်စစ်ဆေးမယ်ဆိုရင်တော့ Antifreeze စမ်းသပ်ကိရိယာတစ်ခုဝယ်ယူထားဖို့ လိုအပ်မှာပါ။


တာယာတွေကို စစ်ဆေးပါ


သင့်ကားနဲ့အတူ ဖြတ်သန်းသွားရမယ့်ဆောင်းရာသီခရီးလမ်းဟာ ဆီးနှင်းတွေတဖွေးဖွေးပြည့်နှက်နေမယ်ဆိုရင် အတွင်းပိုင်းစစ်ဆေးမှုတွေသာမက မော်တော်ကားရဲ့ကိုယ်ထည်ပိုင်းနဲ့ကြံ့ခိုင်မှုကိုပါ စစ်ဆေးဖို့လိုအပ်လာပါပြီ။ အဓိကအားဖြင့် သင့်ကားရဲ့ တာယာအရည်အသွေးကို အရင်ဆုံးစစ်ဆေးရပါလိမ့်မယ်။ ဖြူလွလွဆီးနှင်းတွေဟာ သင့်ကို တန်ဖိုးနည်းပြီးအရည်အသွေးညံ့ဖျင်းတဲ့တာယာအမျိုးအစားသုံးခွင့်မပေးပါဘူး။ တာယာတွေကိုစစ်ဆေးရာမှာ အပေါ်ယံဖြစ်တဲ့ တာယာပန်းတွေရှိ/မရှိ၊ အသစ်ဟုတ်/မဟုတ်ဆိုတာတွေထက် ဆီးနှင်းပေါ်မှာ ကုပ်အားကောင်းကောင်းနဲ့မောင်းနှင်နိုင်မယ့် တာယာအမျိုးအစားဖြစ်သလားဆိုတာကို အဓိကထားစစ်ဆေးသင့်ပါတယ်။ အနောက်တိုင်းက ကားမောင်းသူအများစုကတော့ တာယာတွေရဲ့ပန်းအထူကိုစစ်ဆေးရာမှာ ပဲနိစေ့လေးတွေကို အသုံးပြုတတ်ကြပါတယ်။


မှန်သုတ်တံတွေကို စစ်ဆေးပါ


ဆီးနှင်းဖုံးတဲ့လမ်းတွေပေါ် ဖြတ်မောင်းမယ့်တာယာတွေကို စစ်ဆေးပြီးပြီဆိုရင်တော့ ဒုတိယမြောက်အနေနဲ့ ရှေ့လေကာမှန်ပေါ်က ရေသုတ်တံတွေကို စစ်ဆေးရမှာပါ။ ဆောင်းရာသီမှာ ဘာ့ကြောင့်ရေသုတ်တံတွေကိုစစ်ဆေးသင့်လဲလို့မေးလာရင် အကြောင်းရင်း ၂ ချက်ကို ထောက်ပြရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ သင့်ကားရှေ့စက်ဖုံးမှာ Aerodynamic ဆန်တဲ့အကာအကွယ်မျိုးမပါဘူးဆိုရင် လေထုထဲမှာ လွင့်မျောလာတဲ့နှင်းစက်နှင်းပွင့်တွေဟာ သင့်ကားရဲ့ရှေ့မှန်ကိုလာရောက်ကပ်ငြိမှာ သေချာပါတယ်။ ဒီလိုကပ်ငြိရာမှာ အမှိုက်သရိုက်နဲ့ ဖုန်မှုန့်တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ အမှိုက်တွေ၊ ဖုန်မှုန့်တွေနဲ့ ဆီးနှင်းဖတ်တွေရောစပ်ပြီး ရှေ့မှန်ပေါ်မှာ အညစ်အကြေးတွေကို ထုနဲ့ထည်နဲ့ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုဆီးနှင်းကနေတစ်ဆင့် ဖြစ်တည်လာတဲ့အမှိုက်တွေကို ဖယ်ရှားဖို့က ရေသုတ်တံတွေပုံမှန်အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် စိတ်ချရစေဖို့ ဆောင်းတွင်းသုံးတဲ့အားကောင်းတဲ့ရေသုတ်တံအမျိုးအစားကို လဲလှယ်တပ်ဆင်သင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရှေ့လေကာမှန်ဆေးကြောတဲ့နေရာမှာ အသုံးပြုတဲ့ Washer Fluid အမျိုးအစားကိုလည်း ပြန်လည်စစ်ဆေးသင့်ပါတယ်။


ပုံမှန်စစ်ဆေးမှုတွေကိုလည်း အပြည့်အစုံပြန်လုပ်ပါ


ဆောင်းတွင်းမှာခရီးသွားဖို့အတွက် အထက်မှာဖော်ပြခဲ့တဲ့အထူးစစ်ဆေးချက်တွေ ပြုလုပ်ပြီးပြီဆိုရင် ပုံမှန်ပြုလုပ်နေကျစစ်ဆေးမှုတွေကိုလည်း တစ်ကြိမ်စီထပ်မံပြုလုပ်သင့်ပါတယ်။ အဲဒါကတော့ ဘက်ထရီငုတ်တွေစစ်ဆေးဖို့၊ ပလပ်ခေါင်းတွေစစ်ဆေးဖို့၊ ဘရိတ်တွေကိုပြန်စစ်ဆေးဖို့နဲ့ အင်ဂျင်ဝိုင်တိုင်းဖို့ပဲဖြစ်ပါတယ်။ ဘက်ထရီငုတ်တွေဆားပေါက်နေတာမျိုးဟာ အအေးဓာတ်လွန်ကဲချိန်မှာ ပိုမိုဆိုးရွားလာတတ်ပြီး ငုတ်တွေကို ကျွတ်ဆတ်ကျိုးပဲ့စေတတ်ပါတယ်။ ဘရိတ်မကောင်းဘဲနဲ့ ဆီးနှင်းထူထပ်တဲ့ခရီးလမ်းမှာ မောင်းနှင်မယ်ဆိုရင်လည်း အန္တရာယ်ကိုဖိတ်ခေါ်တာနဲ့အတူတူပဲဖြစ်မှာပါ။ အင်ဂျင်ဝိုင်ဆိုတာကလည်း ပုံမှန်စစ်ဆေးဖြည့်တင်းသင့်တဲ့လိုအပ်ချက်တစ်ခုပါပဲ။

ကဲ... ဒီဇင်ဘာပိတ်ရက် အအေးပိုင်းတွေကိုခရီးထွက်မယ့်သူတွေအတွက်တော့ သေချာပေါက်လုပ်ဆောင်သင့်တဲ့အချက်တွက်ဖြစ်မှာပါ။

Ref: What is a Winter Car Check? by Evans Halshaw

Author