ရေတိုင်ကီ အဖုံးသေးသေးလေးမကောင်းရင် ဘာတွေဖြစ်တတ်သလဲ?

0

Full article

ညပိုင်းအလုပ်သိမ်းချိန်ရောက်တော့မှ အသိတစ်ယောက်က သူ့ကား Heat တက်၊ ထိုးရပ်နေလို့ လာကြည့်ပေးပါဦးဆိုပြီး ဖုန်းဆက်လှမ်းခေါ်တယ်ဗျ။ အဲဒါနဲ့ သွားစစ်ကြည့်ရပါတယ်။ ရေတိုင်ကီ radiator တွေများပေါက်ပြဲယိုစိမ့်လို့လား၊ ပန်ကာတွေ မလည်လို့လား၊ ရေလည်အုံ Water Pump မလည်လို့လား၊ ဒါမှ မဟုတ် Thermostat များကြေးပိတ်ပြီး ပျက်စီးနေလို့လားဆိုပြီး ဖြစ်နိုင်ချေတွေ တွက်ဆကြည့်ရတာပေါ့။

သေချာစစ်ဆေးကြည့်လိုက်တော့မှ ရေတိုင်ကီအဖုံး (Radiator Cap) ဆိုတာလေး မကောင်းတာသွားတွေ့ရတယ်။ ဒီရေတိုင်ကီ အဖုံးလေးသေးသေးလေးဟာလည်း ကားအင်ဂျင် Heat တက် ထိုးရပ်ရတဲ့ ပြဿနာအရင်းအမြစ် မကြာခဏဖြစ်တတ်ပါတယ်။ ဒီနေ့ ကားရေတိုင်ကီ အဖုံးလို့ခေါ်တဲ့ Radiator Cap (or) Pressure Cap လေးရဲ့ အလုပ်လုပ်ပုံတွေ၊ ကားရေတိုင်ကီ အဖုံးလေးမကောင်းရင်ဖြစ်တတ်တဲ့ ပြဿနာတွေကို ဆွေးနွေးတင်ပြပေးပါ့မယ်။


ရေတိုင်ကီအဖုံးလေးအကြောင်းမပြောခင် ယနေ့ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ကားတွေရဲ့ အင်ဂျင် အအေးပေးစနစ် (Cooling System) အကြောင်း အရင်ပြောပြချင်ပါတယ်။ ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့လကားတွေမှာပါတဲ့အင်ဂျင်တွေဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရရှိတဲ့ (Internal Combustion Engine) တွေပါပဲ။ ဒါကြောင့် ဒီအင်ဂျင်တွေဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲရတဲ့အတွက် ပူပါတယ်။ ဒီလိုပူတဲ့အင်ဂျင်တွေဟာ အပူချိန်လွန်ကဲပြီး မပျက်စီးရလေအောင် အအေးပေးစနစ်တွေကိုတီထွင်ဖန်တီးရတယ်။

ကားအင်ဂျင်အအေးပေးစနစ်မှာပါဝင်တဲ့ အဓိက ပစ္စည်းတွေကတော့

  • Radiator (ရေတိုင်ကီ)
  • Water Pump (ရေလည်အုံ)
  • Cooling Fan (ပန်ကာ)
  • Thermostat (သာမိုစတတ်)
  • Radiator Cap (or) Pressure Cap (ရေတိုင်ကီ အဖုံး) စတာတွေ နဲ့ ဖွဲ့စည်းထားပါတယ်။

Radiator Cap (or) Pressure Cap

ဒီ Cooling System ထဲမှာ ပါဝင်တဲ့ Radiator Cap (or) Pressure Cap ဆိုတာကလည်း အင်ဂျင်အအေးပေးစနစ်အတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကားရေတိုင်ကီ အဖုံးလေးရဲ့ အဓိက လုပ်ဆောင်ချက်တွေက

  • ရေတိုင်ကီထဲက Coolant တွေ အပြင်ကို မထွက်အောင်ကာကွယ်ပေးတာ
  • ရေတိုင်ကီထဲက Coolant တွေရဲ့ Pressure ကို လိုသလိုထိန်းညှိပေးတာ
  • Cooling System ထဲမှာရှိတဲ့ Coolant တွေရဲ့ Boiling Point တွေကိုထိန်းညှိပေးတာ
  • အပူချိန်မြင့်မားနေတဲ့ Coolant တွေကို Expansion Tank လို့ခေါ်တဲ့ အအေးခံတဲ့နေရာကို အဝင်အထွက်လုပ်ရအောင်လုပ်ဆောင်ပေးတာအစရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ပါတယ်။

Radiator Cap ကို Upper Pressure Seal, Lower Pressure Seal, Vacuum Valve, Pressure Spring, Vacuum Spring တို့ဖြင့်ဖွဲ့စည်းထားပါတယ်။ အင်ဂျင်အတွင်းမှာရှိတဲ့ Coolant တွေပူလာတဲ့အခါမှာ Cooling System အတွင်းမှာရှိတဲ့ ဖိအားတွေကလည်း တိုးလာပါတယ်။ အဲဒီလိုတိုးလာတဲ့ Coolant တွေရဲ့ Normal Working Pressure (ပုံမှန်အလုပ်လုပ်သည့် ဖိအား) အတိုင်းတည်ရှိနေဖို့ ဒီ Radiator Cap လေးက ထိန်းညှိပေးထားပါတယ်။

Cooling System အတွင်းမှာရှိတဲ့ Coolant တွေရဲ့ Normal Working Pressure မရောက်မခြင်း Radiator cap လေးမှာရှိတဲ့ Pressure Spring က တွန်းကန်ထားပြီး Coolant တွေရဲ့ Pressure က အဲဒီ Normal Working Pressure ကိုကျော်လွန်သွားပြီဆိုရင်တော့ Coolant တွေဟာ ဒီ Pressure Spring လေးကို တွန်းကန်ထွက်သွားပြီး Expansion Tank လို့ခေါ်တဲ့ ရေပြန်ဘူးထဲမှာ သွားရောက်အအေးခံရပါတယ်။ ဒီလို အပူချိန်နဲ့ ဖိအားများနေတဲ့ Coolant တွေ ရေပြန်ဘူးထဲကိုရောက်သွားတယ်ဆိုတာနဲ့ အအေးပေးစနစ် Cooling System ထဲမှာ ဖိအားတွေလျော့ကျသွားပါတယ်။ ဖိအားလျော့ကျသွားတာနဲ့ Pressure Spring က ပြန်ပိတ်သွားပြီး အအေးပေးစနစ်ရဲ့ဖိအားကို ပုံမှန်အတိုင်းဖြစ်နေအောင် ဆက်လက်ထိန်းပေးထားပါတယ်။

Vacuum Valve ကတော့ Pressure Valve ရဲ့ အောက်ဘက်မှာတည်ရှိပြီး အအေးပေးစနစ်ထဲမှာရှိတဲ့ အအေးခံရည် Coolant တွေရဲ့ဖိအားက ပြင်ပမှာရှိတဲ့ လေထုဖိအားထက်နည်းသွားပြီဆိုရင် Vacuum Valve ပွင့်သွားပြီး ရေပြန်ဘူးထဲကအအေးခံရည်တွေဟာ ရေတိုင်ကီထဲကို တခါပြန်လည်ဝင်ရောက်လည်ပတ်ပါတယ်။

အအေးပေးစနစ် (Cooling System) အတွင်းမှာ ဘာကြောင့် ဖိအားထိန်းထားရသလဲ

Cooling System အတွင်းမှာရှိတဲ့ coolant တွေပေါ်ဘာကြောင့် ဖိအားထိန်းညှိထားဖို့ လိုတာလဲဆိုရင်တော့ Boiling Point ဆိုတဲ့ ရေဆူမှတ်ကို ထိန်းညှိကစားချင်လို့ပါ။ ပုံမှန်အားဖြင့် သာမာန်ရိုးရိုးရေတွေဟာ Atmospheric Pressure ဆိုတဲ့လေထုဖိအား 14.7 psi မှာရှိနေတယ်ဆိုရင် ဒီရေရဲ့ရေဆူမှတ်က 100 ° C (စင်တီဂရိတ်) ဖြစ်ပါတယ်။ ဒီလိုပဲ လေထုဖိအားလျော့ကျသွားလေလေ၊ ရေဆူမှတ်တွေကလည်း လျော့လျော့ကျသွားလေလေပါ။ ဒါကြောင့် မြေပြန့်အခြေအနေနဲ့ တောင်ပေါ်ဒေသအခြေအနေတွေမှာ ပင်လယ်ရေမျက်နှာပြင်ရဲ့အထက်အောက်ပေါ်မူတည်ပြီး ရေဆူမှတ်တွေလည်းကွာခြားသွားပါတယ်။

ယေဘူယျအားဖြင့်ဖိအား Pressure 1 lb (1 ပေါင်) မြင့်တက်လာတိုင်းရေဆူမှတ်က 1.714°C  လောက်မြင့်တက်လာပါတယ်။ ဒါကြောင့် 13-15 Psi ရှိတဲ့ Pressure Cap ကိုသုံးမယ်ဆိုရင် ရေဆူမှတ်က 26°C ကနေ 30°C လောက်ထိ ရေဆူမှတ်မြင့်တက်လာပါတယ်။ ပုံမှန်ရေဆူမှတ်က 100°C မှာဆူမယ်ဆိုရင် ဒီရေတိုင်ကီအဖုံးရဲ့ဖိအားကြောင့် 126°C ကနေ 130°C လောက်ရောက်မှရေဆူပါမယ်။ အခြားစွမ်းဆောင်ရည်မြှင့်ထားတဲ့ ရေတိုင်ကီအဖုံးတွေဆိုရင်တော့ 19–30 Psi အထိ ဖိအားမြင့်ထားတဲ့ ရေတိုင်ကီအဖုံးတွေလည်းရှိပါတယ်။ နောက်တစ်ချက်က အအေးပေးစနစ်ထဲမှာအသုံးပြုနေတဲ့ Coolant တွေရဲ့ ရေဆူမှတ်ကလည်း သာမာန်ရေထက်မြင့်များပါတယ်။ ဒီလိုမြင့်မားတဲ့ရေဆူမှတ်ကို ရေတိုင်ကီအဖုံးရဲ့ဖိအားနဲ့ ရေဆူမှတ်ထပ်မံတိုးမြှင့်ထားတဲ့အတွက်တော်ရုံနဲ့ ရေမဆူနိုင်တော့ဘဲကားအင်ဂျင်ရဲ့ လိုအပ်တဲ့ Normal Working Temperature (95°C ကနေ 105°C) အတွင်း အလွယ်တကူထိန်းထားနိုင်ပါတယ်။

ဒီရေတိုင်ကီ အဖုံးလေးတွေရဲ့ဖိအား Pressure ကို Bar နဲ့ Psi, Kpa စတဲ့ ဖိအားယူနစ်တွေနဲ့ အများဆုံးဖော်ပြလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာအသုံးများတဲ့ ရေတိုင်ကီအဖုံးလေးတွေရဲ့အပေါ်ကိုကြည့်ရင် သိနိုင်ပါတယ်။ အောက်ကတော့ရေတိုင်ကီအဖုံးရဲ့ဖိအားနဲ့ ရေဆူမှတ်တွေ ဆက်စပ်ပြောင်းလဲပုံလေးတွေကို နမူနာတင်ပြထားတာပါ။

ရေတိုင်ကီအဖုံးရဲ့ ဖိအားထိန်းစနစ်ကြောင့် ရေလည်အုံ Water Pump မှာ ဖိအားစနစ်ရပြီး လည်ပတ်အားပိုမိုကောင်းမွန်စေတာ၊ ရေဆူမှတ်မြင့်တက်လာမှုကြောင့် အင်ဂျင်ရဲ့လိုအပ်တဲ့ အပူချိန်ကို အလွယ်တကူထိန်းချုပ်နိုင်တာ အစရှိတဲ့ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီရေတိုင်ကီ အဖုံးလေးမကောင်းလို့ အထဲကဖိအားပေးတဲ့ Spring တွေပျက်စီးသွားလို့ရှိရင်တော့ အောက်ပါပြဿနာတွေ ကြုံတွေလာရနိုင်ပါတယ်။

Coolant တွေ ယိုစိမ့်ထွက်တာ

ရေတိုင်ကီထဲက ဖိအားတွေများလာတဲ့အချိန်မှာ ဒီရေတိုင်ကီအဖုံးလေးကဖိအားဒဏ်မခံနိုင်တော့လို့ အတွင်းက Spring တွေပျက်စီးနေလို့ဆိုရင်တော့ ရေတိုင်ကီထဲကရေတွေက ဒီရေတိုင်ကီအဖုံးကနေယိုစိမ့်ထွက်ပြီး coolant တွေလျော့ကာ အင်ဂျင် Heat တက်လာမှာပါ။ ဒီပြဿနာက အဖြစ်များဆုံးပြဿနာတစ်ခုပါ။ တချို့ရေတိုင်ကီ အဖုံးတွေဆိုရင် အောက်ခြေပြတ်ထွက်ပြီး ဘာ Pressure မှ မထိန်းနိုင်လို့ အလွယ်တကူ  Heat တက် ထိုးရပ်တာတွေ ဖြစ်တာရှိပါတယ်။

Expansion Tank ရေပြန်ဘူးထဲမှာ ရေတွေပြည့်လျှံကုန်တာ

ဒါလည်း ရေတိုင်ကီအဖုံးပျက်လို့ Heat တက်တဲ့ ကားတော်တော်များများမှာ တွေ့ရတဲ့ရောဂါပါ။ အပေါ်က ရှင်းပြထားသလိုပဲ ရေတိုင်ကီအဖုံးမှာပါတဲ့ Pressure Spring မကောင်းရင် ဒီရောဂါအဖြစ်များပါတယ်။ ဒီ Spring က လုံလောက်တဲ့ ဖိအားရောက်မှပွင့်ပေးရမှာပါ  ဒီလိုမဟုတ်ဘဲ Spring မကောင်းတဲ့အတွက် ဖိအားမထိန်းနိုင်တော့ဘဲ ရေတိုင်ကီထဲကရေတွေက ရေပြန်ဘူးထဲကိုတောက်လျှောက်ထွက်ပြီး ရေပြန်ဘူးထဲကနေလျှံကျလို့ ရေတွေကုန်ကာအင်ဂျင် heat တက်စေတာပါ။

Radiator ထိပ်ခေါင်းပျက်စီးတာ

ဒါမျိုးကတော့ ဖြစ်ခဲပေမဲ့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရေတိုင်ကီအဖုံးက Pressure Spring တွေလုံး၀ အလုပ်မလုပ်တော့တဲ့အတွက် ဖိအားတွေများလာပြီးရေတိုင်ကီအဖုံးအုပ်ထားတဲ့ ရေတိုင်ကီခေါင်းကိုကွဲထွက်တာ၊ အက်ထွက်တာမျိုးတွေ ဖြစ်လာပြီးရေယိုစိမ့်ထွက်ကာအင်ဂျင် heat တက်စေတာပါ။

ရေတိုင်ကီထဲ လေခိုတာ

ဒါကတော့ ရေတိုင်ကီအဖုံးမှာပါတဲ့ Seal တွေမလုံတော့တဲ့အတွက် ပြင်ပလေက ရေတိုင်ကီထဲဝင်ပြီး ရေလမ်းကြောင်းထဲလေတွေရောပါပြီးလေခိုကာ အင်ဂျင်အအေးပေးစနစ်ကို နှောက်ယှက်ပြီး အင်ဂျင် Heat တက်စေတာမျိုးပါ။

ဒီအချက်တွေဖြစ်လာပြီဆိုရင်တော့ ကားအင်ဂျင်အအေးပေးစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ကားအင်ဂျင် Heat စေမှာပါ။ ကားမောင်းသူက ကားအင်ဂျင် Heat တက်တာကို သတိမပြုဘဲ မောင်းနှင်မယ်ဆိုရင်တော့ Engine Head Gasket ပျက်စီးတာကနေ အင်ဂျင်တစ်ခုလုံး ပျက်စီးတာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။ ရေတိုင်ကီ အဖုံးသေးသေးလေးကို သတိထား မလဲလှယ်ဘဲ အသုံးပြုမှုတွေကြောင့် ကားအင်ဂျင်ပျက်စီးပြီး ငွေကုန်ကြေးကျများတဲ့ ပြုပြင်မှုတွေလုပ်ရတဲ့သူတွေမနည်းပါဘူး။

နောက်တစ်ချက်က ကားရေတိုင်ကီအဖုံး Radiator Cap တွေကိုတွေ့ရာ အဖုံးကောက်တပ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အပေါ်မှာရှင်းပြခဲ့သလိုပဲ။ ဖိအားတွေကွာခြားသွားတာနဲ့အမျှ ရေဆူမှတ်တွေပြောင်းလဲပြီး ကားအင်ဂျင်ရဲ့သတ်မှတ်အပူချိန် ထိန်းညှိမှုတွေလွဲကုန်မှာပါ။ ဒါကြောင့်ကားထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ သတ်မှတ်ပေးလိုက်တဲ့ဖိအားယူနစ်အတိုင်း အတိအကျတပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ရေတိုင်ကီအဖုံးတိုင်မှာလိုလိုပါတဲ့ Never Open when Hot ဆိုတဲ့ "ပူနေတဲ့အချိန် ဘယ်တော့မှ မဖွင့်ပါနဲ့" ဆိုတဲ့ Safety လေးကိုသတိထားဖို့ပါပဲ။ ကားအင်ဂျင်  Heat တက်ပြီဆို လူတော်တော်များများကလန့်ဖြန့်ပြီး ရေတိုင်ကီအဖုံးကိုပြေးဖွင့်တတ်ကြပါတယ်။ ရေတိုင်ကီအဖုံးကို ဖိအားမြင့်ပြီး ပူနေတဲ့အချိန်မှာဖွင့်မိလို့ ရေပူတွေမျက်နှာကိုလောင်တဲ့သူတွေလည်း တော်တော်များပါတယ်။ ဒါကြောင့် ဘာမဟုတ်တဲ့သေးသေးလေးဆိုပြီး သတိမမူဘဲပြုမူမိရင် ကြီးကြီးမားမားပြဿနာတွေဖြစ်တတ်ပါကြောင်း စေတနာထားတင်ပြလိုက်ရပါတယ်။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

Author