၂၀၂၀ မှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမယ့် ကားတွေဆိုတာ

0

Full article

အားလုံးစောင့်မျှော်နေကြတဲ့ ကားတချို့  ၂၀၂၀ မှာထွက်ရှိလာဖို့ရှိနေတယ်။ အများစုက EV (လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးကား) တွေဖြစ်တယ်။​ နောက်ပြီး အနာဂတ်အတွက် ပိုပြီးခိုင်မာတဲ့ ခြေလှမ်းတွေရဲ့ စတင်ရာလည်းဖြစ်လာပါလိမ့်မယ်။

ကမ္ဘာ့မော်တော်ယာဉ်လောကတစ်ခုလုံးအတွက် စောင့်ကြည့်မျှော်လင့်စရာ ၂၀၂၀ ကား model တွေက ဘာတွေဖြစ်မလဲ။

Tesla Roadster 2.0

လျှပ်စစ်ကားလို့ ပြောလိုက်တယ်ဆိုရင်ပဲ Tesla ဆိုတာ လုံးဝကိုချန်ရစ်လို့မရတဲ့ အမှတ်တံဆိပ်တစ်ခုပါ။​ Tesla ထဲကမှ ပထမဆုံးမျိုးဆက် Roadster ကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်မိတ်ဆက်ခဲ့တယ်။​ Tesla ရဲ့ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံးကားဟာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာအနှံ့ အစီးရေ ၂,၀၀၀ လောက်သာရောင်းချနိုင်ခဲ့ပေမဲ့ ဒီဘက်နှစ်တွေမှာတော့ လတိုင်း၊ လတိုင်း အစီးရေ ၃၀,၀၀၀ အထိရောင်းချနိုင်တဲ့အထိကို အောင်မြင်မှုတွေမြင့်မားလို့နေပါပြီ။​ အထင်ကြီးစရာကောင်းတဲ့အချက်တစ်ခုက Tesla ကုမ္ပဏီဟာ လျှပ်စစ်မော်တာပိုင်းသာမဟုတ် မော်တော်ယာဉ်ဆိုင်ရာရွေ့လျားအားနဲ့ဆိုင်နဲ့ သဘောတရားပိုင်းကိုပါ ပိုပြီးကောင်းမွန်လာအောင် တည်ဆောက်လာတာပါပဲ။ အစောပိုင်း Roadster ဟာ နှစ်သက်ဖွယ်ရာကောင်းပြီး အောင်မြင်မှုတွေရရှိခဲ့တာမှန်ပါတယ်။​ ဒါပေမဲ့ Roadster 2.0 ကတော့ လက်ရှိအချိန်အတွက် အံ့မခန်းဆိုတာမျိုးပါ။ 0-60mph နှုန်းကိုရဖို့ 1.9-second ပဲကြာမှာဖြစ်တယ်။​ နောက်တစ်ခုက ဘက်ထရီကို အားအပြည့်သွင်းထားရင် မိုင် ၆၀၀ အထိသွားလို့ရလာမယ်။ ဒါဟာ Tesla အတွက် တည်ထောင်သူ Elon Musk ရဲ့ ၂၀၂၀ ကတိစကားတွေထဲကတစ်ခုဖြစ်ပြီး လက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်မှုရှိ/မရှိကတော့ ဒီနှစ်ထဲမှာပဲအားလုံးကတွေ့မြင်ကြရမှာပါ။ တစ်ခုကျန်ပါသေးတယ်။ Tesla မှာအသုံးပြုထားတဲ့ ဘက်ထရီရဲ့သက်တမ်းဟာ မိုင်တစ်သန်းအထိတောင်မှာ သုံးလို့ရအောင် ကြိုးစားနေပါတယ်တဲ့။ (လက်ရှိ Tesla ဘက်ထရီတွေရဲ့ သက်တမ်းဟာ မိုင် ၅ သိန်းဝန်းကျင် အသုံးပြုလို့ရတယ်လို့ ဆိုကြပါတယ်။)

Ford Mustang Mach-E

Ford ရဲ့ Mustang တွေဟာ အမေရိကရဲ့ muscle ကားလောကမှာတော့ ဆရာတစ်ပါးပါပဲ။​ အခု ၂၀၂၁ model Mustang ကတော့ အင်ဂျင်နဲ့မဟုတ်တော့ပါဘူး။ ရေစီးကြောင်းအပြောင်းအလဲအတိုင်း လျှပ်စစ်စွမ်းအပြည့်အဝသုံး Mustang Mach-E ဖြစ်သွားပါပြီ။

အမြင့်ဆုံးပါဝါ 450hp အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး 0-60mph နှုန်းကိုရရှိဖို့အတွက်အချိန်ကတော့ 3-second ပါတဲ့။ နောက်တစ်ခုက Ford ရဲ့ 2021 Mustang Mach-E ဟာ ဘက်ထရီကိုအားအပြည့်သွင်းထားမယ်ဆိုရင် မိုင် ၃၀၀ ကျော်မောင်းလို့ရမယ်ဆိုထားပါတယ်။ Tesla တွေကိုတော့မမီသေးဘူးဆိုနိုင်ပေမဲ့ မိုင် ၃၀၀ ကျော်ဆိုတာကတော့ လက်ရှိအချိန်မှာ တော်တော်လေးများတဲ့ ပမာဏတစ်ခုလို့ဆိုလို့ရပါတယ်။

Volkswagen GTI

လျှပ်စစ်ကားကို မနှစ်သက်ဘဲ သုံးနေကျ combustion အင်ဂျင်တွေကိုပဲ ဆက်လက်အသုံးပြုချင်သူတွေအတွက် သိသာတဲ့အပြောင်းအလဲတွေမလုပ်ထားပေမဲ့ အသုံးပြုသူတွေအတွက် လက်တွေ့ပိုမိုအသုံးကျစေမယ့် ဂျာမန်ကားကလေးကတော့ Volkswagen GTI ပါ။ သိသာတဲ့အပြောင်းအလဲတွေမရှိဘူးလို့ဆိုပေမဲ့ model အသစ်ဖြစ်တဲ့အတိုင်း ပိုမိုကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်၊ လက်တွေ့အသုံးကျမှု၊ ဆီစားနှုန်းတွေကတော့ ထုံးစံအတိုင်း ရရှိမှာပါ။ နောက်တစ်ခုက ပိုပြီး မြင့်မားတဲ့အရည်အသွေးနဲ့ အတွင်းခန်း၊ ပိုပြီး စတိုင်ကျလာတဲ့ပုံစံအပြင်ကိုမှ လူတိုင်းလိုက်မီနိုင်တဲ့ ဈေးနှုန်းနဲ့ထွက်ရှိလာဖို့ရှိနေတဲ့အတွက် Volkswagen ချစ်သူတွေ စောင့်မျှော်နေတဲ့ ကားတစ်စီးလည်းဖြစ်နေပါတယ်။

Chevrolet Tahoe/Suburban

Chevrolet ရဲ့ Tahoe ရယ် သူထက်ပိုပြီးအသက်ကြီးတဲ့အပြင် အရွယ်အစားလည်းပိုကြီးတဲ့ Suburban တို့ကလည်း ဒီနှစ်အတွင်း model အသစ်တွေထွက်လာဦးမှာပါ။ ပိုမိုက်တဲ့အချက်က Tahoe ရော Suburban နှစ်မျိုးစလုံးဟာ အလုံးစုံအသစ်အနေအထားနဲ့ထွက်လာမှာပဲဖြစ်ပါတယ်။ SUV frame အသစ်တွေနဲ့ ဖြစ်သလို အတွင်းခန်းတွေကလည်း လုံးဝကိုပြောင်းလဲမြင့်တက်သွားမှာပါ။ အောက်ပိုင်းဆိုရင်လည်း four-corner air suspension နဲ့တောင်မှ မှာယူနိုင်မှာဖြစ်ပြီး အကောင်းဆုံးအချက်ကတော့ Tahoe မှာရော Subrban မှာရော နောက် suspensions တွေကို independent rear-suspension ဒီဇိုင်းနဲ့ ထွက်ရှိလာတာပါပဲ။ ကြမ်းမှကြမ်းတွေကို နှစ်ခြိုက်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

Mercedes-Benz S-Class

Mercedes-Benz S-Class ဟာ ထွက်လာပြီဆိုရင် ဈေးကွက်အတွင်းမှာရှိတဲ့ ဘယ်ကားမဆိုထက် နည်းပညာပိုင်းနဲ့ ဇိမ်ကျမှုအပိုင်းမှာ အမြဲတမ်းရှေ့ပြေးနေလေ့ရှိပါတယ်။ အခုထွက်လာမယ့် Mercedes-Benz S-Class ကတော့ ခုနစ်ဆက်မြောက်မျိုးဆက်ဖြစ်ပြီး ဘာတွေကွဲပြားသွားမှာလဲ။ ဒီမေးခွန်းကိုကပဲ Mercedes-Benz ချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းနေပါပြီ။​ ဝိုင်းပြီးမျှော်လင့်ကြတာကတော့ ပိုပြီးချောမွတ်တောက်ပြောင်တဲ့ အသွင်သဏ္ဌာန်၊ အလုံးစုံအပြောင်းအလဲနဲ့ dashboard ဒီဇိုင်း၊ ခေတ်ရှေ့ပြေးတဲ့ အလိုအလျှောက်မောင်းနှင်မှုစနစ်အပြင်ကိုမှ ရွှေပေါ်မြတင်ထားသလိုမျိုး သက်သောင့်သက်သာအထူးရှိမှုတွေဖြစ်ပါလိမ့်မယ်။

Land Rover Defender

၂၀၂၀ Land Rover Defender ဆိုရင်ရော ဘယ်လိုနေမလဲ။ သိကြတဲ့အတိုင်း Land Rover ရဲ့ Defender ဆိုတာက လုံးဝကြီးကိုသက်ရှိထင်ရှား ဂန္ထဝင်ကားလေ။ အားလုံးက စံ တစ်ခုအဖြစ်သတ်မှတ်ထားရဲ့ကား။ သူ့အချိန်တုန်းကဆိုရင် ဘယ်သူမှ မယှဉ်နိုင်ခဲ့တဲ့ကား။ အဲဒီကားရဲ့ ၂၀၂၀ model က ဘယ်လိုရှိမလဲဆိုတာကတော့ Land Rover ချစ်သူတွေတင်မကဘူး၊ အားလုံးကပါ စောင့်မျှော်နေကြပါတယ်။

၂၀၂၀ Land Rover Defender ကြီးကတော့ ရှေးမူမပျက်လက်ရာကိုမှာမှ သေချာပေါက် အပေါစားမဆန်တဲ့ နှစ်လိုဖွယ်ရာ ခန့်ညားမှုအပြည့်နဲ့ရယ်။ အတွင်းခန်းခေတ်မီမှုနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ Defender အသစ်ဟာ အားလုံးစောင့်မျှော်စရာ စာရင်းမှာပါဝင်လာတော့တာပါပဲ။

ကဲ…… ကားချစ်သူတွေအတွက် အသစ်ကိုမှ လုံးဝကိုပြောင်းလဲတိုးတက်မှုအသစ်တွေနဲ့ ၂၀၂၀ ကားတွေကတော့ သိပ်မကြာမီထွက်ရှိလာတော့မှာဖြစ်တဲ့အတွက်......

Ref: The cars we're most looking forward to in 2020 by Roadshow

Author