အကောင်သေးသေးနဲ့ အဆိပ်ပြင်းတတ်တဲ့ PCV Valve အကြောင်း

0

Full article

PCV Valve ကိုတော့ ကားလောကနဲ့ ကားစက်ပြင် ဝပ်ရှော့လောကမှာ PC Valve လို့ အတိုကောက်ခေါ်တတ်ကြပြီး ပုံမှန်အားဖြင့် လူသိနည်းတဲ့ ပစ္စည်းတစ်ခုပါ။ ဘာဖြစ်လို့ လူသိနည်းရတာလည်းဆိုရင် ဒီပစ္စည်းလေးက ဖွဲ့စည်းတည်ဆောက်ပုံရှင်းရှင်းလေးနဲ့ အရွယ်အစား သေးငယ်ပြီး ပျက်စီးခဲလှပါတယ်။ ဒီလိုအပျက်အစီးနည်းတဲ့အတွက် လူသိနည်းပြီး ဒီ Valve မကောင်းတဲ့အခါ တော်ရုံ သတိမမူမိတာကြောင့် အင်ဂျင်ကြီးကြီးမားမား ပျက်စီးမှုတွေအထိ ဖြစ်တတ်ပါတယ်။ တစ်ဖက်မှာလည်း ပျက်စီးခဲလှတဲ့အတွက် အင်ဂျင်မူမမှန်တဲ့ရောဂါလက္ခဏာတွေ တွေ့ရသည့်တိုင် ဒီပစ္စည်းလေးကို ထည့်သွင်းစဉ်းစားမှုမရှိဘဲ အခြားအပျက်အစီးလွယ်တဲ့ပစ္စည်းတွေ ဖြစ်နိုင်ခြေအစိတ်အပိုင်းတွေကိုသာ အရင်စဉ်းစားလေ့ရှိတာမို့ တော်တော်နဲ့ရောဂါအဖြေကိုရှာမတွေ့ဘဲ ကပ်ကျော်ကျန်ကျန်နေတတ်တဲ့ ပစ္စည်းလေးဖြစ်တာမို့ပါပဲ။

ဒီနေ့တော့ ဒီကပ်ကျော် ကျန်ကျန်နေတတ်တဲ့ ပစ္စည်းလေးအကြောင်းရယ်၊ ဒီပစ္စည်းလေးအလုပ်လုပ်ပုံတွေရယ်၊ ဒီပစ္စည်းလေးပျက်စီးနေရင် ဖြစ်တတ်တဲ့ကားရောဂါလက္ခဏာတွေအကြောင်းတွေကို မတော်တဆဖြစ်ဖြစ် တမင်သက်သက်ဖြစ်ဖြစ် မိတ်ဆွေတို့ကားလေးမှာ ဒီလိုရောဂါလက္ခဏာတွေ ဖြစ်နေပြီး သွားတိုက်ဆိုင်နေတယ်ဆိုရင်  ဒီပစ္စည်းလေးကိုသတိရစေဖို့ စုစည်းတင်ပြလိုက်ရပါတယ်။

PCV Valve ဆိုတာဘာလဲ?

PCV Valve ရဲ့ အရှည်က (Positive Crankcase Ventilation) ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး တစ်ဖက်တည်းကိုပဲ စီးဆင်းနိုင်အောင်လုပ်ထားတဲ့ One Way Valve လေးတစ်ခုပါ။ အင်ဂျင်အတွင်းပိုင်း Crankcase ဆိုတာ လေဝင်လေထွက်တွေကို ထိန်းချုပ်ပေးတဲ့ Valve လေးလို့လည်း အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဒီ PCV Valve လေးရဲ့အတွင်းပိုင်းမှာ စပရင် (Spring) လေးရယ်၊ ပလန်ဂျာ (plunger) ရယ် ဒါမှမဟုတ် Ball လေးရယ် အစရှိသဖြင့် ရိုးရိုးရှင်းရှင်းလေး တည်ဆောက်ထားပါတယ်။ ဒီ PCV Valve လေးကိုသုံးစွဲရတဲ့ အဓိကရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ Emission Control လို့ခေါ်တဲ့ လေထုကို အဆိပ်အတောက်ဖြစ်စေမယ့် ကားကနေထွက်ရှိမယ့် ဓာတ်ငွေ့တွေကို လျော့ပါးဖယ်ရှားဖို့ရယ်၊ နောက် အင်ဂျင်ပျက်စီးစေနိုင်တဲ့ အင်ဂျင်အတွင်းပိုင်း Pressure ဖိအားတွန်းအားတွေ တည်ဆောက်မှုကို ဖယ်ရှားဖို့ရယ် ဆိုပြီး ဒီ PCV Valve လေးကို သုံးတာပါ။ ဒါကြောင့် ဒီကောင်လေးက အကောင်သေးပေမယ့် တန်ဖိုးရှိသလို သူပျက်စီးတဲ့အခါလည်း အင်ဂျင်ကိုထိခိုက်စေနိုင်တာမျိုးပါ ဖြစ်စေတတ်ပါတယ်။

အင်ဂျင်အတွင်းပိုင်း မလိုအပ်တဲ့ ဖိအားတွန်းအားတွေဆိုတာ ……

ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ Internal Combustion Engine လို့ခေါ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရရှိတဲ့ အင်ဂျင်တွေမှာ Blow-By လို့ခေါ်တဲ့ အင်ဂျင်အတွင်းပိုင်းမှာ မလိုလားအပ်တဲ့ ဖိအားတွန်းအားတွေ တည်ဆောက်မှုရှိပါတယ်။ အဲဒီ Blow-By ဘယ်လိုဖြစ်ပေါ်လာသလဲဆိုရင်တော့ ကားအင်ဂျင်တွေမှာရှိတဲ့ 4 Strokes (Intake, Compression, Power, Exhaust) ထဲကမှ ကားအင်ဂျင်အတွက် အဓိက စွမ်းအင်ရတဲ့ Power Stroke ကနေ ဖြစ်ပေါ်လာတာပါ။ အင်ဂျင်လည်ပတ်ဖို့ Intake Stroke မှာ ဆီနဲ့ လေကိုဆွဲသွင်းမယ်၊ အဲဒီလေကို ဖိကျစ်မယ်၊ ပြီးရင် မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး Crankshaft ကိုတွန်းဖို့ Power Stroke ကိုရရှိပါတယ်။ အဲဒီ Power Stroke တစ်ခုရဖို့ အင်ဂျင်ရဲ့ Combustion Chamber ဆိုတဲ့ မီးလောင်ခန်းထဲမှာ ဖိကျစ်ထားတဲ့ ဆီနဲ့လေအရောအနှောတွေဟာ အပြင်းအထန်ပေါက်ကွဲရပါတယ်။ ဒါမှလည်း အင်ဂျင်မှာတပ်ဆင်ထားတဲ့ အဓိက လည်ပတ်ရမယ့် Crankshaft ကို လည်အောင် တွန်းအားပေးနိုင်မှာပါ။

ဒီလို မီးလောင်ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အခါ မီးလောင်ပေါက်ကွဲမှုစွမ်းအားတွေမဆုံးရှုံးရလေအောင် မီးလောင်ခန်းနံရံနဲ့အတူ ပစ်စတင် (Piston) မှာတပ်ဆင်ထားတဲ့ Rings တွေက အဓိကထိန်းပေးထားပါတယ်။ ဒီ Piston Rings တွေက မီးလောင်ခန်းနံရံကို တွန်းကန်ထားပြီး မီးလောင်ခန်းအတွင်းက စွမ်းအား (Power) တွေ အပြင်မထွက်အောင် ထိန်းပေးထားပါတယ်။

စာကြွင်း ။   ။ ဒါကြောင့် အင်ဂျင်သက်တမ်းကြာလာလို့ ဒီ Piston Rings တွေပွတ်တိုက်မှုများပြီး ပွန်းစားလာပြီဆိုတာနဲ့ အင်ဂျင်ပါဝါကျလာရတာပါပဲ။

ဒါပေမဲ့ မီးလောင်ခန်းအတွင်းက ဖိကျစ်ထားတဲ့ ဆီလေအရောအနှောကို မီးရှို့လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုက အင်မတန်ပြင်းထန်ပါတယ်။ ဒီလိုပြင်းထန်လှတဲ့အတွက် ဘယ်အမျိုးအစားကောင်းတဲ့ Piston Rings တွေကမှ ဒီပေါက်ကွဲမှုပါဝါတွေကို 100 % လုံခြုံအောင် ထိန်းထားနိုင်စွမ်းမရှိပါဘူး။ ဒီမှာပဲ Power Stroke ကနေ ဖြစ်ပေါ်လာတဲ့ တွန်းအားဖိအားတွေက Piston Rings ကနေလွတ်ထွက်လာတာကိုအခြေပြုပြီး Blow-By လို့ခေါ်ဝေါ်ကြတာမျိုးပါ။

ဒီလွတ်ထွက်လာတဲ့ တွန်းအားဖိအားတွေက အင်ဂျင်ရဲ့ အင်ဂျင်ဝိုင်ဆီကန်လို့ခေါ်တဲ့ Crankcase ထဲမှာသွားစုစုနေပါတော့တယ်။ ဒီလိုနဲ့ အင်ဂျင်ရဲ့အတွင်းပိုင်းမှာ မလိုအပ်တဲ့ဖိအားတွန်းအား Pressure တွေဖြစ်ပေါ်လာတာပါပဲ။

PCV Valve ကိုဘာလို့သုံးတာလဲ? ဘယ်လိုသုံးတာလဲ?

ဟိုးအရင် 1960 မတိုင်ခင်နှစ်တွေမှာတော့ အပေါ်မှာပြောခဲ့သလို အင်ဂျင်အတွင်းပိုင်းမှာဖြစ်ပေါ်တဲ့ Blow-By Gas လို့ခေါ်တဲ့ မလိုလားအပ်တဲ့ အတွင်းပိုင်းဖိအားတွန်းအားတည်ဆောက်မှုတွေကိုဖြေရှင်းဖို့ အင်ဂျင်အတွင်းကနေ လေထုထဲကို တိုက်ရိုက်ထုတ်ပြီး ဖိအားဖြေလျှော့တဲ့နည်းကို သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ လေထုညစ်ညမ်းမှုကို အကြီးအကျယ်ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလို Blow-By Gas တွေထဲမှာ မီးမလောင်ကျွမ်းသေးဘဲ ကျန်ရှိနေတဲ့ (Hydrocarbon) တွေရယ်၊ မီးလောင်ပြီးသား (Carbon Monoxide) တွေရယ်၊ အခြားအမှုန်အမွှားတွေရယ်၊ ဓာတုဓာတ်ပြုမှုကနေဖြစ်လာတဲ့ ဆာလဖာတို့လို အက်ဆစ်ဓာတ်အစရှိတဲ့ ဓာတ်တစ်မျိုးက လေထုတဲ့တိုက်ရိုက်ရောက်ရှိကုန်လို့ပါပဲ။

1960 နောက်ပိုင်းနှစ်များမှာတော့ လေထုညစ်ညမ်းမှုဥပဒေတွေအရ လေထုထဲကိုဒီလိုညစ်ညမ်းတဲ့ဓာတ်ငွေ့တွေ တိုက်ရိုက်ထုတ်လုပ်တာကို တားမြစ်ရာကနေ ဒီလို PCV Valve လို့ခေါ်တဲ့ပစ္စည်းတွေ EGR Valve လိုခေါ်တဲ့ပစ္စည်းတွေပေါ်လာပြီး လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးကြတာပါ။

ဒီ PCV Valve ကိုတော့ များသောအားဖြင့် အင်ဂျင်ဟက် Engine Head ရဲ့ တိုက်ပစ်အဖုံး (Tappet Cover) မှာတပ်ဆင်ထားပြီး အဲဒီကနေ တစ်ဆင့် အင်ဂျင်ရဲ့ Inlet ထဲကို ပြန်လည်ထည့်သွင်းပေးပြီး တစ်ဖန် ပြန်လည်ပြီးလောင်ကျွမ်းစေတာပါ။

ဒီလုပ်ငန်းစဉ်ကို ပြောပြရရင် အင်ဂျင်အတွင်းပိုင်းမှာ Blow-By Gas တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားရှိနေတဲ့ ဓာတ်ငွေ့တွေဟာ အင်ဂျင်မှာရှိတဲ့ လေလိုင်းပေါက်တွေကနေတစ်ဆင့် အင်ဂျင်ဟက်ဆီကိုရောက်ရှိပြီး PCV Valve လေးကို တွန်းအားတွေဖြစ်ပေါ်စေပါတယ်။ အဲဒီ ဓာတ်ငွေ့တွေဟာ PCV Valve အတွင်းမှာရှိတဲ့ Spring လေးကိုတွန်းကန်ပြီး ပွင့်စေနိုင်လောက်တဲ့ ဖိအားရောက်ပြီဆိုတာနဲ့ PCV Valve ထဲမှာရှိတဲ့ Spring ရယ် Plunger ရယ်က ပွင့်သွားပြီး အဲဒီဓာတ်ငွေ့တွေ Inlet ထဲကို ပြန်လည်ဝင်ရောက် မီးလောင်ကျွမ်းစေပါတယ်။ ဖိအားများလေလေ Valve ပွင့်တာ များလေဖြစ်ပြီး ဖိအားနည်းတဲ့အချိန်မှာဆိုရင်တော့ Valve က လိုအပ်သလောက်ပမာဏပဲ ဖွင့်ပေးမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ PCV Valve က Blow-By Gas တွေကို ဖယ်ရှားပြီး လေထုညစ်ညမ်းမှုကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

PCV Valve မကောင်းရင် ဘာတွေဖြစ်တတ်သလဲ?

PCV Valve ပိတ်ဆို့နေတဲ့အတိုင်း ပျက်စီးသွားတယ်ဆိုရင် (အများအားဖြင့် ပိတ်ဆို့ပြီးပျက်စီးတာများပါတယ်)...

၁။ အင်ဂျင်အတွင်းပိုင်းမှာ ဖိအားတွေများလာတာ

အပေါ်မှာရှင်းပြခဲ့သလိုပဲ ဒီ PCV Valve ရဲ့ အဓိက ရည်ရွယ်ချက်က Blow-by Gas တွေကြောင့်ဖြစ်ပေါ်လာတဲ့ အင်ဂျင်အတွင်းပိုင်းဖိအားတွေကို ဖယ်ရှားဖို့ပါပဲ။ ဒါကြောင့် PCV Valve မကောင်းတော့ဘူး ပိတ်ဆို့သွားမယ်ဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းမှာ မလိုလားအပ်တဲ့ ဖိအားတွေဖြစ်ပေါ်လာပါမယ် ။

၂။ Engine Oil တွေယိုစိမ့်ထွက်တတ်တာ

ဒါကလည်း အပေါ်ကအချက်နဲ့ဆက်စပ်နေပါတယ်။ အင်ဂျင်အတွင်းပိုင်းမှာ မလိုလားအပ်တဲ့ ဖိအားတွေ အရမ်းများလာတဲ့အခါမှာ အင်ဂျင်အတွင်းမှာရှိတဲ့ အင်ဂျင်ဝိုင်တွေကို တွန်းအားပေးတာ ဖိအားပေးတွေဖြစ်ပေါ်လာပြီး အင်ဂျင်ဝိုင်ယိုစိမ့်နိုင်တဲ့ Oil Seal အမျိုးမျိုးကနေ အင်ဂျင်ဝိုင်တွေ ယိုစိမ့်ထွက်လာတတ်ပါတယ်။ Oil Seal တွေ မာနေလို့ ၊ ပျက်စီးနေလို့ ပြုပြင်လိုက်ပြီးသည့်တိုင် ခဏခဏ အင်ဂျင်ဝိုင်တွေ ယိုစိမ့်ထွက်နေတယ်ဆိုရင် ဒီလိုအတွင်းပိုင်းဖိအားတည်ဆောက်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ PCV Valve ကောင်းမကောင်းကို မဖြစ်မနေစစ်ဆေးသင့်ပါတယ်။

၃။ Oil Seals တွေနဲ့ Gasket တွေ ပျက်စီးတာ

PCV Valve မကောင်းလို့ အင်ဂျင်ခန်းထဲက ဖိအားတွေ တည်ဆောက်မှု များပြားလာရင် အင်ဂျင်အတွင်းထဲက အင်ဂျင်ဝိုင်တွေကို တွန်အားဖိအားပေးတာတွေကြောင့် Oil Seal တွေကို တွန်းကန် ပျက်စီးစေရုံမကဘဲ အင်ဂျင်ဘလောက်နဲ့ အင်ဂျင်ဟက်ကြားမှာရှိတဲ့ Head Gasket တွေပျက်စီးနိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။

၄။ ဆီမိလ္လာလို့ခေါ်တဲ့ Oil Sludge တွေဖြစ်ပေါ်တာ

အင်ဂျင်အတွင်းပိုင်းမှာဖြစ်ပေါ်တဲ့ Blow-By Gas တွေထဲမှာ Hydarcarbon တွေ၊ Carbon Monoxide တွေ၊ အခြား ဆာလာဖာတို့ အက်ဆစ်အစရှိတဲ့ ဓာတု ဓာတ်ပေါင်းတွေအများကြီးပါဝင်ပါတယ်။ အဲဒါတွေက အပြင်ကို ထွက်ခွင့်ရတာနဲ့ တစ်ဖန်ပြန်လည် မီးလောင်ကျွမ်းခွင့်မရတဲ့အခါမှာ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ အင်ဂျင်ဝိုင်တွေနဲ့ ရောနှောကုန်ပြီး အင်ဂျင်ဝိုင်တွေကို အင်ဂျင်ဝိုင်ဂျိုးတွေဖြစ်တာ၊ အင်ဂျင်ဝိုင် မိလ္လာလို့ခေါ်တဲ့ အင်ဂျင်အစိတ်အပိုင်းတွေမှာ အင်ဂျင်တွေ အထပ်ထပ်ကြေးကပ်ကုန်တာတွေဖြစ်စေပါတယ်။ တစ်ချို့အင်ဂျင်ဝိုင် အမျိုးအစားမကောင်းတာ၊ ဂရိတ်မပြည့်တာတွေ အသုံးပြုလို့ ဒီလိုမျိုးရောဂါတွေဖြစ်တတ်ပေမဲ့လည်း ဒီ PCV Valve မကောင်းရင်တော့ အင်ဂျင်အတွင်းမှာရှိတဲ့ ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ အပြင်မထွက်နိုင်လို့ အင်ဂျင်ဝိုင်နဲ့ရောနှောပြီး ဒီလိုအင်ဂျင်ဝိုင်ကြေးတက်တာတွေ ဖြစ်စေတတ်တယ်ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။

ဒီလိုအင်ဂျင်ဝိုင် ကြေးတက်တာတွေကိုမပြုပြင်ဘဲ ရေရှည်သုံးစွဲမယ်ဆိုရင်တော့ အင်ဂျင်ဝိုင်သွားရာ ဆီလိုင်းတွေ ပိတ်ဆို့နိုင်ပြီး အင်ဂျင်အတွင်းပိုင်းအစိတ်အပိုင်းတွေဆီ အင်ဂျင်ဝိုင်မရောက်တော့တဲ့အခါ အင်ဂျင်အတွင်းပိုင်း ပစ္စည်းတွေ ပျက်စီးသွားနိုင်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

၅။ အင်ဂျင်မီးခိုးမှုတ်တာ

အင်ဂျင်အတွင်းပိုင်း Blow-By Gas တွေက အပြင်ကို မထွက်နိုင်ဘဲ အတွင်းပိုင်းဖိအားများလာတဲ့အခါမှာ အင်ဂျင်မီးခိုးမှုတ်တာတွေဖြစ်ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် စက်နှိုးထားရင်း အင်ဂျင်ဝိုင်ဂိတ်တံကို ဆွဲထုတ်တဲ့အခါမျိုးမှာ အမဲရောင်မီးခိုးတွေ မှုတ်ထွက်တာမျိုးတွေကလည်း ဒီ PCV Valve မကောင်းရင် ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါက Piston Ring တွေမကောင်းရင် ဖြစ်တတ်တဲ့ရောဂါနဲ့ဆင်တူတတ်တာမို့ မလိုအပ်ဘဲ အင်ဂျင်အကြီးစားပြုပြင်မှုတွေ မလုပ်ရအောင် ဒီ PCV Valve ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဒီအချက်တွေက PCV valve ပိတ်ဆို့နေရင် ဖြစ်တတ်တဲ့ အခြေခံအချက်တွေပါ။ အခြားတစ်ဖက်မှာလည်း ဒီ PCV Valve က ပွင့်လျက်အနေအထားအတိုင်း အသေဖြစ်နေတယ်။ ပျက်နေတယ်ဆိုရင်လည်း အောက်ပါရောဂါလက္ခဏာတွေဖြစ်တတ်ပါသေးတယ်။

၁။ Idle အခြေအနေ (Slow) အခြေအနေမှာ အင်ဂျင်တုန်ခါတာ

၂။ Lean Air – Fuel Mixture လို့ခေါ်တဲ့ လေများပြီး ဆီကျွေးနည်းတာ

၃။ အင်ဂျင်အတွင်းပိုင်း မီးလောင်ခန်းထဲမှာ Misfire ဖြစ်တာ

၄။ ဆီပိုစားလာတာ

၅။ Engine Check မီးလင်းလာတာ

၆။ Engine Check မီးလင်းလာလို့ Diagnostic စက်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ Oxygen Sensor တို့၊ Mass Air-flow Sensor တို့လိုမျိုး ဆီလေအချိုးနဲ့သက်ဆိုင်တဲ့ Error Code တွေဖော်ပြတာ အစရှိတဲ့ ရောဂါလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

PCV Valve ဆိုတာ အင်ဂျင်တစ်လုံးလုံးမှာရှိတဲ့ အတော်သေးငယ်တဲ့ ပစ္စည်းတစ်ခုပါ။ ဒါ့အပြင် ဈေးလည်းမကြီးတဲ့ ပစ္စည်းလေးတစ်ခုပါ။ ဖွဲ့စည်းတည်ဆောက်ပုံ အလုပ်လုပ်ပုံ ရှင်းလင်းတဲ့အတွက် ပျက်စီးတာလည်း အဖြစ်နည်းပါတယ်။ ဒါကြောင့် ဒီလိုရောဂါလက္ခဏာတွေကြုံတွေ့လာရရင် အခြားဖြစ်နိုင်ချေရှိတဲ့ အဖြစ်များတဲ့ ရောဂါတွေကိုပဲ စဉ်းစားတတ်ကြတာမို့ တကယ်ပျက်တာနဲ့ကြုံခဲ့ရင် လူသိနည်းပြီးအတော်တိုင်ပတ်တဲ့အထိ ရောဂါရှာဖွေချိန်တွေကြာ၊ ရေလိုက်လွဲပြီး ငွေကုန်ကြေးကျများတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ထက် ဒီကောင်လေးက ပစ္စည်းသေးသလောက် အလုပ်လုပ်ရတဲ့တာဝန်ကြီးတာမို့ ပျက်စီးနေတာကို မပြုပြင်ဘဲ ကြာရှည်ထားရင် အင်ဂျင်ပိုင်းပျက်စီးတာတွေအထိ ကြုံတွေ့နိုင်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ကားမှာ ဒီလိုရောဂါလက္ခဏာတွေကြုံလာခဲ့ရင် တူညီတဲ့ရောဂါတွေဖြစ်လာခဲ့ပြီး အဖြေရှာမတွေ့ခဲ့ရင် အကောင်သေးသေးနဲ့ အဆိပ်ပြင်းတတ်တဲ့ PCV Valve အကြောင်းလေးကို သတိရပြီး ကောင်းမကောင်း အလုပ်လုပ်မလုပ် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်လို့ အကြံပြုတင်ပြလိုက်ရပါတယ်။

စာဖတ်သူ မိတ်ဆွေညီအစ်ကို မောင်နှမများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ။

Lynn Za Nee ( P.T.U )

Author