EPS (Electronic Power Steering) နဲ့ ရေတက်နေတဲ့လမ်းတွေ

0

Full article

EPS (Electronic Power Steering) ပါတဲ့ ကားတွေ ရေတက်နေတဲ့ နေရာတွေမှာ ကားမောင်းရတော့မယ်ဆိုရင် သတိထားပါ

အခုတလော နေ့စဉ်ရက်ဆက်မိုးရွာတာ တော်တော်များပြီး EPS စနစ်ပါတဲ့ကားတွေ ရေကြီးရေတက်နေတဲ့နေရာတွေမှာဖြတ်မောင်းလို့ ဒိုင်ခွက်မှာ EPS မီးလင်းလာပြီး ကျနော်တို့အလုပ်ရုံမှာ လာရောက်ပြုပြင်တာတွေ တော်များများပါတယ်။ အထူးသဖြင့် power steering နဲ့မော်တာအတွဲလိုက် column တစ်ခုတည်းမှာရှိတတ်တဲ့ Mark XCrown နဲ့ Lexus ကားတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ဒီအမျိုးအစားကားတွေအတွက်ရော အခြား EPS ပါတဲ့ကားလေးတွေအတွက်ပါ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကိုသိစေဖို့ ဒီဆောင်းပါးလေးရေးဖြစ်ပါတယ်။

Steering ဆိုတာ?


ကားတွေမှာ တပ်ဆင်ထားတဲ့ steering ဆိုတာ ကားတစ်စီးရဲ့ အရေးကြီးဆုံးပဲ့ထိန်းပဲ့ကိုင်ရှင်ဆိုရင် မမှားပါဘူး။ ကားတစ်စီး လိုသလိုကွေ့နိုင်ခေါက်နိုင်၊ ကားရဲ့ရွေ့လျားနေတဲ့အရှိန်ကို လိုသလိုထိန်းချုပ်နိုင်ဖို့ steering ဆိုတာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ဘယ်လောက်ကောင်းတဲ့ကားဖြစ်ဖြစ် steering control ကိုလိုသလိုမထိန်းချုပ်နိုင်ဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်သည်အထိ ပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ်။


အခုနောက်ပိုင်းမှာတော့ steering ရဲ့ရည်ရွယ်ချက်က လိုသလိုကွေ့နိုင်၊ ထိန်းချုပ်နိုင်ရုံတင်မကတော့ပါဘူး။ ဒါထက်ပိုလာတဲ့ ရည်ရွယ်ချက်က ကားမောင်းသူရဲ့အားစိုက်မှုကို သက်သာနိုင်သမျှ သက်သက်သာသာနဲ့ steering ကိုလိုသလိုထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာပါတယ်။


ဒီလိုဖြစ်ရအောင် ခေတ်အဆက်ဆက်ကားနည်းပညာတီထွင်တဲ့သူတွေက steering system ကို အဆင့်မြင့်သထက်မြင့်အောင် တီထွင်ဆန်းသစ်လာကြပါတယ်။ ဟိုးအရင် သာမာန် steering ကနေ Hydraulic စနစ်သုံး HAPS (Hydraulic Assisted Power Steering) or HPS (Hydraulic Power Steering) စနစ်တွေကို တီထွင်ခဲ့ပါတယ်။ အခုလက်ရှိလည်း hydraulic စနစ်သုံး power steering ကို တချို့မော်ဒယ်နိမ့်ကားတွေမှာ တပ်ဆင်အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အဲဒီလိုကနေ အခုနောက်ဆုံးပေါ်ကားတွေမှာတော့ EPS စနစ်လို့ခေါ်တဲ့ (Electronic Power Steering or Electric Power Steering) စနစ်တွေကို တီထွင်အသုံးပြုခဲ့ကြပါတယ်။

Hydraulic Vs Electronic


ဘာကြောင့် hydraulic စနစ်ကနေ electronic စနစ်ကို ပြောင်းလဲသုံးစွဲလာကြတာလဲဆိုရင်တော့ အခုနောက်ဆုံးပေါ် electronic စနစ်သုံး power steering တွေက hydraulic စနစ်သုံး steering တွေထက် အားသာချက်တွေအများကြီးရှိလို့ပါပဲ။


၁။ Hydraulic Power Steering စနစ်မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေက electronic စနစ်သုံး steering တွေထက် ပိုပြီးရှုပ်ထွေးပါတယ်။ Hydraulic စနစ်သုံး steering ကို control လုပ်ဖို့အတွက် vane type pump တွေပါမယ်၊ power steering fluid ဘူးတွေပါမယ်။ Pump ကို မောင်းနှင်ဖို့ belt ကြိုးတွေပါမယ်။ Hydraulic fluid line တွေအတွက် high pressure ဒဏ်ခံနိုင်တဲ့ ပိုက်တွေပါလာ ပါမယ်။


၂။ Hydraulic Power Steering စနစ်တစ်ခုလုံးရဲ့ အလေးချိန်နဲ့ နေရာယူမှုက electronic စနစ်သုံး steering စနစ်ထက် အများကြီးပိုပါတယ်။ ဒါကြောင့် နောက်ပိုင်းကားတွေမှာ အလေးချိန်နဲ့ ရှုပ်ထွေးမှုကို လျော့ချချင်တဲ့အတွက် electronic စနစ်သုံး steering တွေကို ကားတိုင်းလိုလိုမှာ အသုံးပြုလာကြတာပါ။


၃။ Hydraulic Power Steering စနစ်မှာ အဓိက အသုံးပြုတာက hydraulic fluid ပါ။ ဒါကြောင့် ဆီပိုက်လိုင်းတွေ ပေါက်တာ၊ ယိုတာ၊ စိမ့်တာတွေနဲ့ မကြာခဏ ပြုပြင်မှုလုပ်ရပါတယ်။ Electronic Power Steering စနစ်မှာတော့ ဒီလိုဆီမပါဝင်တဲ့အတွက် ပြုပြင်ထိန်းသိမ်းရမှုသက်သာပါတယ်။


၄။ ကားတစ်စီးကို အရှိန်အမျိုးမျိုးနဲ့ မောင်းနှင်နေတဲ့အချိန်မှာ Electronic Power Steering စနစ်က Hydraulic Power Steering စနစ်ထက်ပိုပြီး သက်သောင့်သက်သာနဲ့ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။


၅။ Hydraulic Power Steering ကို အဓိက မောင်းနှင်ပေးတာက vane type hydraulic pump ဖြစ်ပြီး ဒီပန့်ကို drive belt တွေရယ်၊ အင်ဂျင်ရယ်၊ ချိတ်ဆက်ပြီး လည်ပတ်ရတာပါ။ ဒီလိုလည်ပတ်ရတာဖြစ်တဲ့အတွက် အင်ဂျင်အပေါ်မှာဝန် (Load) တစ်ခုဖြစ်စေပြီး ဆီစားနှုန်းပိုစေပါတယ်။ Hydraulic စနစ်မှာတော့ ဒီလိုအင်ဂျင်အပေါ်မှာမှီခိုနေတာမဟုတ်တဲ့အတွက် ဆီစားသက်သာစေပါတယ်။


၆။ Hydraulic Power Steering စနစ်က အင်ဂျင်နဲ့ချိတ်ဆက်လည်ပတ်ရတာမို့ အင်ဂျင်ရုတ်တရက် ရပ်သွားတဲ့အခါမှာ hydraulic pump တွေလည်း မလည်ပတ်နိုင်တော့ဘဲ steering လေးလံသွားမှာဖြစ်ပါတယ်။ Electronic စနစ်မှာတော့ အင်ဂျင်ရပ်တန့်သွားသည့်တိုင် အလွယ်တကူ လှည့်နိုင်ခေါက်နိုင်မှာဖြစ်ပါတယ်။

EPS or EAPS ဆိုတာ

EPS (Electronic Power Steering) or EPAS (Electronic Assisted Power Steering) System
Electronic Power Steering System ကို နိုင်ငံအသီးသီးက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဒီဇိုင်းတွေ အမျိုးမျိုးတီထွင်ဖန်တီးထုတ်လုပ်ကြပါတယ်။ ဒီလို ဒီဇိုင်းအမျိုးမျိုး ပုံစံအမျိုးမျိုး ကွဲပြားသော်လည်း ဘယ် Electronic Power Steering စနစ်မှာမဆို မပါမဖြစ်တဲ့ အဓိက အခြေခံပစ္စည်းတွေကတော့

၁။Torque Sensors
၂။ Electric Motor
၃။ Rotational Angle Sensors
၄။ Controller
၅။ Vehicle Speed Sensor
၆။ Coupling between Motor and Steering Mechanism တို့ဖြစ်ပါတယ်။

Electronic Power Steering အမျိုးအစား


Electronic Power Steering တွေမှာ ပါဝင်တဲ့ assisted motor ရဲ့ တည်ဆောက်ပုံကိုမူတည်ပြီး Electronic Power Steering အမျိုးအစားတွေကို ခွဲခြားထားပါတယ်။


၁။ Column Assist Type (C-EPS)
၂။ Pinion Assist Type (P-EPS)
၃။ Direct Drive Type (D-EPS)
၄။ Rack Assist Type (R-EPS)

C Type EPS တွေကိုတော့ Power Assist Unit ၊ Torque Sensor ၊ Controller တွေနဲ့ဖွဲ့စည်းထားပြီး အဲဒီပစ္စည်းတွေအားလုံးကို Steering Column ထဲ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

P Type EPS တွေကိုတော့ ကားအသေးလေးတွေမှာ အသုံးပြုတာများပြီး၊ Power Assist Unit တွေကို Steering Gear Pinion Shaft နဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။


D Type EPS တွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပွတ်တိုက်မှုအလွန်နည်းပါးတဲ့ EPS စနစ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Steering Gear နဲ့ Assist Unit တွေကို တစ်တွဲတည်းတွဲဖက်တည်ဆောက်ထားလို့ ဖြစ်ပါတယ်။


R Type EPS တွေကိုတော့ သူ့မှာပါဝင်တဲ့ ဂီယာအနှေးအမြန် ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တဲ့ စနစ်တွေကြောင့် ပုံမှန်အရွယ်အစားရှိတဲ့ ကားတွေနဲ့ကိုယ်ထည်ကြီးတဲ့ကားတွေမှာအသုံးပြုပါတယ်။

Electronic Power Steering ဘယ်လိုအလုပ်လုပ်သလဲ?


EPS System ရဲ့ အဓိက အလုပ်လုပ်ဆောင်ပုံကတော့ ကားမောင်းသူက steering ကို ဘယ်လောက် လှည့်ပတ်လိုက်တယ်ဆိုတာကို Torque Sensor က အာရုံခံပြီး ECU ကိုပို့ပေးပါတယ်။ ECU ကနေ Steering Wheel Position တွေရယ်၊  ကားဘီးတွေရဲ့လည်ပတ်နှုန်းတွေရယ်ကိုပါ ထည့်သွင်းတွက်ချက်ပြီး Electronic Motor တွေရယ်၊ Power Steering မှာတပ်ဆင်ထားတဲ့ Reduction Gear တွေရယ်ကို ထိန်းချုပ်မောင်းနှင်တဲ့စနစ်နဲ့ အလုပ်လုပ်ပါတယ်။


တချို့ Electronic Power Steering တွေမှာတော့ ကားမောင်းသူက steering ကိုလှည့်လိုက်တဲ့အခါ Steering Angle Sensor က Steering Wheel ဘယ်လောက်လည်သွားလဲဆိုတာ အာရုံခံပြီး၊ Steering Shaft မှာတပ်ဆင်ထားတဲ့ Torque Sensor ကနေတစ်ဆင့် Power Steering Control Module ဆီကို input signal အဖြစ် ပေးသွင်းပါတယ်။ Steering System ကို ဘယ်လောက်ထိ ထောက်ပံ့ပေးဖို့ လိုအပ်သလဲဆိုတာကိုတော့ အခြား input signal တွေဖြစ်တဲ့ Vehicle Speed Sensor နဲ့ Traction Control System တွေကိုပါ ထည့်သွင်းတွက်ချက်ပါတယ်။ အဲဒါတွေ အကုန်တွက်ချက်ပြီး Steering Control Module ကနေ steering motor ကို ဘယ်လောက်ထိလှည့်ပေးရမယ်ဆိုတာ ဆုံးဖြတ်လည်စေခြင်းဖြင့် Electronic Power Steering System ကို လည်ပတ်စေပါတယ်။


မတူညီတဲ့ လမ်းမျက်နှာပြင်တွေဟာ မတူညီတဲ့ steering ထိန်းချုပ်မှုတွေကို လိုအပ်မှာဖြစ်ပါတယ်။ ဥပမာပြောရရင် ပုံမှန်ချောမွတ်နေတဲ့ ကတ္တရာလမ်းပေါ်မှာမောင်းနေချိန်နဲ့ ဖုန်တွေသဲတွေ၊ ဗွက်ထနေတဲ့လမ်းတွေ ပေါ်မှာမောင်းနေချိန်တွေမှာ လိုအပ်တဲ့ steering control တွေလည်းမတူညီပါဘူး။ ဒါကြောင့်လည်း ခုနောက်ပိုင်းကားတွေမှာ Electronic Power Steering တွေကို အသုံးပြုလာကြတာပါ။ ဘာဖြစ်လို့လဲဆိုရင် ဒီ Electronic Power Steering တွေက မတူညီတဲ့မျက်နှာပြင်တွေမှာ လိုအပ်တဲ့ steering ရဲ့လိုအပ်ချက်တွေကို တွက်ချက်ပြီးမှ အကောင်းဆုံးအခြေအနေဖြစ်အောင် ထောက်ပံ့ပေးနိုင်လို့ပါပဲ။

Electronic Power Steering Modes


Electronic Power Steering ရဲ့ အလုပ်လုပ်ပုံလုပ်နည်းတွေကလည်း အမျိုးမျိုးကွဲပြားပါသေးတယ်။ အဲဒီအလုပ်လုပ်ပုံတွေကို အကြမ်းဖျင်းဖော်ပြရမယ်ဆိုရင်......


Normal Mode - Control Module ကိုရောက်လာတဲ့ input signal တွေကိုအခြေခံပြီး ဘယ်ကွေ့ညာကွေ့တွေမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ဒီ Normal Mode အခြေအနေမှာ ကားရဲ့မောင်းနှင်တဲ့ အရှိန်မြင့်တက်လာတာနဲ့အမျှ steering လည်ပတ်မှုတွေကို ထောက်ပံ့ပေးထားတဲ့ အခြေအနေတွေကို တဖြည်းဖြည်းလျှော့ပေးမှာဖြစ်ပါတယ်။


Assist Limitation - ဒီအခြေအနေကိုတော့ EPS Control Module ကို ပြန်လည်ပေးပို့တဲ့ input တွေလွဲချော်သွားတဲ့အခြေအနေမျိုးမှာဖြစ်တတ်ပြီး steering ပုံမှန်ထက် လေးလံတာတွေဖြစ်တတ်ပါတယ်။


Assist Off - ဒီအခြေအနေကိုတော့ Electronic Power Steering စနစ်မှာပါတဲ့ အဓိကအရေးပါတဲ့ အစိတ်အပိုင်းတွေ ပျက်စီးသွားတဲ့အခြေအနေမျိုး၊ ဒီစနစ်တစ်ခုလုံး အလုပ်လုပ်မရအောင် ပိတ်ချလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ Power Steering ဟာ လှည့်ရခက်ခဲလောက်အောင် လေးလံနေပါပြီ။

Electronic Power Steering Warning Light (EPS) ပေါ်လာပြီဆိုရင်


ကား dashboard မှာရှိတဲ့ ဒိုင်ခွက်ထဲမှာ EPS မီးလင်းလာပြီဆိုရင်တော့ EPS စနစ်ဟာ Assist off ဒါမှမဟုတ် Assist Limitation အခြေအနေမှာရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ကား steering ကို ဘယ်ညာ အလွယ်တကူ ကွေ့နိုင်ခေါက်နိုင်သေးတယ်ဆိုရင်တော့ EPS Control Module ကနေ EPS Motor ဆီကို လိုအပ်တဲ့ current အလုံအလောက်ပို့ပေးသေးတယ်လို့ ယူဆနိုင်ပါတယ်။


အဲလိုမဟုတ်ဘဲ steering ကို ဘယ်ညာလှည့်တဲ့အခါ အရမ်းကြီးကိုလေးလံနေပြီဆိုရင်တော့ EPS စနစ်မှာပါဝင်တဲ့ Protection Mode အရ၊ Motor အပူမလွန်ကဲအောင် လုံလောက်တဲ့ current မပို့ဘဲ ထိန်းချုပ်ထားတယ်လို့ ယူဆနိုင်ပါတယ်။ EPS System အတွက်လိုအပ်တဲ့ အခြေခံ input sensors တွေပျက်စီးတာ၊ နောက် EPS စနစ်မှာပါဝင်တဲ့ အခြားပစ္စည်းအစိတ်အပိုင်းတွေပျက်စီးတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော့......

  • Torque Sensor တွေကို calibration လုပ်တာ (ခေတ်မီ diagnostic စက်ဖြင့်)
  • Power Steering Motor တွေကို စစ်ဆေးတာ
  • EPS Control Module တွေကို စစ်ဆေးတာ၊ လဲလှယ်တာ
  • Power Steering တစ်ခုလုံးကို လဲလှယ်တာ
  • Wheel Alignment တွေချိန်တာအစရှိသဖြင့် သေချာအောင်စစ်ဆေးပြီး ပြုပြင် လဲလှယ်တာတွေလုပ်ရမှာဖြစ်ပါတယ်။

Electronic Power Steering တွေပျက်စီးရခြင်း


EPS Gun တွေ အပျက်များရခြင်း အကြောင်းကတော့ gun သဲကာပျက်စီးတာကို မပြုပြင်ရာကနေ၊ အလွယ်တကူ ရေဝင်ပြီး ပျက်စီးရတာများပါတယ်။ နောက်တစ်ချက်က ရေအရမ်းများတဲ့နေရာမှာ gun တစ်ခုလုံးမြုပ်အောင် အချိန်အကြာကြီးမောင်းနှင်တာမျိုးတွေ၊ sockets တွေရေဝင်တာမျိုးတွေကြောင့် သက်တမ်းမကုန်ခင် ပျက်စီးရတာများပါတယ်။


ဒါကြောင့် EPS စနစ်ပါဝင်တဲ့ ကားတွေအတွက်မိုးတွင်းမှာ gun သဲကာတွေကို မဖြစ်မနေသေချာအောင်စစ်ဆေးသင့်ပါတယ်။ ပေါက်ပြဲနေတာမျိုးရှိရင်လည်း အမြန်ဆုံး အသစ်လဲလှယ်သင့်ပါတယ်။
အခုခေတ်ကားတွေမှာ တပ်ဆင်ထားတဲ့ EPS Gun တစ်ချောင်းက အနည်းဆုံးသိန်းဂဏန်းဝန်းကျင်ကနေ အများဆုံးသိန်းဆယ်ဂဏန်းအထက်မှာရှိပါတယ်။ EPS Gun နဲ့ဆက်စပ်အသုံးပြုနေတဲ့ Control Module တွေကလည်း အနည်းဆုံး ၂ သိန်း ၃ သိန်း အထက်မှာရှိပါတယ်။


ဒါကြောင့် မဆင်မခြင်အသုံးပြုလို့ပြုပြင်ရမယ်ဆိုရင် ကုန်ကျစရိတ်များလှပါတယ်။ ဒါ့အပြင်ထပ်ပြီးအကြုံပြုချင်တာကတော့ EPS Warning Light ပေါ်လာတယ်ဆိုရင် ပေမောင်းမနေဘဲ ခေတ်မီဝပ်ရှော့တွေမှာ အမြန်ဆုံးသွားရောက်စစ်ဆေးပြုပြင်သင့်ပါတယ်။ သတိမပြုဘဲ ပေမောင်းနေပါကအခြားအစိတ်အပိုင်းတွေပါ လိုက်ပျက်စီးနိုင်ပြီး မလိုအပ်တဲ့ငွေကုန်ကြေးကျတွေများစေမှာဖြစ်ကြောင်း အကြံပြုတင်ပြပေးလိုက်ရပါတယ်။


စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။


စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments