Android Auto သုံးတော့မယ်ဆို

0

Full article

ဟိုး…… လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်ကတော့ ကားမောင်းတဲ့အခါမှာ bluetooth နားကြပ်လေးနဲ့ဖုန်း ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုမှုတွေနဲ့ ပြန်လည်ဖြေကြားမှုတွေလုပ်ခဲ့ကြရတယ်။ နားကြပ်များမပါလို့ကတော့ ဖုန်းကိုကြည့်လိုက်၊​ ရှေ့ကိုကြည့်လိုက်၊ နား နားကပ်လိုက်နဲ့၊ လက်ရော၊ မျက်လုံးရော၊ ခေါင်းရော တော်တော်ကိုအလုပ်ရှုပ်ခဲ့ကြတယ်။ Message ပို့မယ်ဆိုရင် ပိုဆိုးတာပေါ့။ ဖုန်းကြည့်လိုက်၊ တစ်ပိုင်းတစ်စဖတ်လိုက်၊ ရှေ့ကြည့်လိုက်၊ ကျန်တစ်ပိုင်းကိုဆက်ဖတ်လိုက်၊ စာတစ်ပိုင်းတစ်စရိုက်လိုက်၊ ရှေ့ကြည့်လိုက်၊ ကျန်အပိုင်းကိုဆက်ရိုက်လိုက်နဲ့ တကယ့်ကို အန္တရာယ်ကိုဖိတ်ခေါ်နေတော့တာပါပဲ။ တချို့များ လက်ကိုင်ခွေကို တံတောင်ဆစ်နှစ်ဘက်နဲ့ထိန်းပြီး စာရိုက်တဲ့သူတွေတောင်ရှိပါရဲ့။

ဒီဘက်ခေတ်သစ်မှာတော့ ကားရဲ့ infotainment ကနေတစ်ဆင့် ဖုန်းနဲ့ကားချိတ်ဆက်ပြီး smartphones တွေရဲ့လုပ်ဆောင်ချက်အများအပြားကို ကားကနေပြီး ကူညီလုပ်ဆောင်ပေးနိုင်စွမ်းရှိလာပါပြီ။ Android ဖုန်းတွေအတွက် Android Auto နဲ့ iPhone တွေအတွက် Apple CarPlay ဆိုပြီးတော့ပေါ့။ တစ်ခုရှိတာက ကိုယ့်ကားရဲ့ infotainment စနစ်ဟာ အဲဒီ features တွေကို အထောက်အပံ့ပေးဖို့တော့လိုပါတယ်။ ဟိုတစ်ပတ်ကတော့ Apple CarPlay အကြောင်းနည်းနည်းရေးခဲ့ဖူးတယ်။​ ဒီတစ်ပတ်အတွက်တော့ Android Auto ပေါ့။ Android ဟာ iOS ထက်စာရင် နည်းပညာပိုင်း ပိုပြီးခေတ်ရှေ့ပြေးလေ့ရှိပြီး၊ iOS ကတော့ ပိုပြီး တည်ငြိမ်မှုကိုပေးပါတယ်။ တကယ်လို့ မိတ်ဆွေဟာ Android Auto အသုံးပြုပြီဆိုရင်တော့ အောက်ပါအချက်ကလေးတွေဖတ်ထားသင့်ပါတယ်။

၁။ ဖုန်းကိုလက်ဖြင့်ကိုင်စရာမလိုဘဲ ပြောဆိုဆက်သွယ်နိုင်ခြင်း

ကားမောင်းနေစဉ်မှာ ဖုန်းကိုလက်ဖြင့်ကိုင်ပြီး ခေါ်ခြင်း၊ လက်ခံခြင်းတွေလုပ်ဆောင်တာဟာ တောာ်တော်လေး အန္တရာယ်များတဲ့ကိစ္စပါ။ ဒီလိုမဖြစ်ရလေအောင် bluetooth နားကြပ်တွေပေါ်လာခဲ့တယ်။ အခုကတော့ ဖုန်းနဲ့ ကား infotainment ကိုချိတ်ဆက်လိုက်ရုံပါပဲ။ အခု နောက်ဆုံးပေါ်ကားတွေမှာတော့ Android ဖုန်း (Samsung ၊ Xiaomi ၊ Huawei စတာတွေ) တွေနဲ့ချိတ်ဆက်နိုင်ဖို့ Android Auto ၊ iPhone တွေနဲ့ ချိတ်ဆက်ဖို့အတွက် Apple CarPlay ဆိုပြီး ကားမှာပါတဲ့ infotainment တိုင်းက အထောက်အပံ့ပေးလာကြပါပြီ။

Android Auto အသုံးပြုပြီဆိုတာနဲ့ လက်နဲ့ကိုင်စရာမလိုဘဲ hands-free ဖုန်းခေါ်ဆိုနိုင်မှုဟာ အခြေခံအချက်ပါပဲ။ ဖုန်းနဲ့ကားချိတ်ဆက်ပြီးပြီဆိုတာနဲ့ Google ရဲ့ အသံနဲ့ထိန်းချုပ်ခိုင်းစေနိုင်မှုကစတင်ပါပြီ။ “OK Google” နဲ့စတင်ပြီး “call ဘယ်သူ.. ဘယ်ဝါ” ဆိုပြီး ကိုယ်ခေါ်ချင်တဲ့သူကို အသံနဲ့ပြောပြီး ခေါ်ခိုင်းလို့ရပါပြီ။ အဲဒီလိုမှမကြိုက်ဘူးဆိုရင်လည်း infotainment မျက်နှာပြင်ပေါ်က နံပတ်အကြီးကြီးတွေကို နှိပ်ပြီးခေါ်ဆိုလို့ရပါသေးတယ်။ ဖုန်းမှာထည့်ထားတဲ့ contacts တွေကိုလည်း infotainment မျက်နှာပြင်ပေါ်မှာ ရှာဖွေပြီးခေါ်ယူတာမျိုးလုပ်နိုင်ပါသေးတယ်။

အခုနောက်ပိုင်း Google Assistant ဟာ မြန်မာအသံထွက်တွေနဲ့ ကောင်းကောင်းကြီး အကျွမ်းတဝင်ရှိလာတာမို့ မြန်မာနာမည်တွေကို အင်္ဂလိပ်ရေးပြီး contact မှာသိမ်းထားမယ်ဆိုရင် အသံနဲ့ ခေါ်ခိုင်းရတာတွေလည်း တော်တော်ကြီးအဆင်ပြေလာတာ တွေ့ရပါတယ်။

၂။ Google Assistant နဲ့ဘာတွေထပ်လုပ်လို့ရမလဲ

Google Assistant ဆိုတာက အသံနဲ့ပြောဆိုထိန်းချုပ်မှုကို အထောက်ပံ့ပေးတဲ့နေရာမှာတော့ အကောင်းဆုံးထဲက တစ်ခုပါ။ သူ့ရဲ့ AI ဟာ တော်တော်လေးကောင်းမွန်ပြီး ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ အကောင်းဆုံးလို့တောင်မှဆိုနိုင်တာမျိုး။ Google Assistant ဆိုရင် “OK Google” ဆိုပြီး Google Assistant ကို activate လုပ်ပြီးတာနဲ့ “What’s the news?” “What is the Weather Today?” “Remind me to go shopping?” စသည်ဖြင့် အချက်အလက်များစွာကို မေးမြန်းလို့၊ ချိန်းချက်လို့၊ သတိပေးခိုင်းလို့ရပါပြီ။

တစ်ခုရှိတာကတော့ “While Driving” mode မှာတော့ “OK Google” ကို activate လုပ်ထားဖို့လိုတာပေါ့။

၃။ Navigation ကိုလွယ်လွယ်လေးသုံးလို့ရမယ်

“OK Google” နဲ့ဆိုရင် နေရာတော်တော်များများကို အသံနဲ့ပြောပြီးရှာခိုင်းလို့ရပါတယ်။ Google Maps နဲ့ချိတ်ဆက်ထားတဲ့အတိုင်း ကိုယ်သွားမယ့်နေရာအတွက် အကောင်းဆုံးလမ်းကိုရွေးချယ်ပြသပေးမှာဖြစ်သလို  ကားကျပ်မကျပ်လည်းကိုလည်း မြေပုံကနေတစ်ဆင့် သိရှိနိင်ဦးမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဂြိုဟ်တုလမ်းညွှန်စနစ် တစ်ပါတည်းမပါဝင်တဲ့ကားတွေ၊ ပါဝင်ပေမဲ့လည်း အသုံးပြုလို့မရသေးတဲ့ မြန်မာလိုမျိုးနိုင်ငံတွေအတွက် တော်တော်လေးအသုံးတည့်ပါတယ်။ ခရီးဝေးပဲသွားသွား၊ မြို့ထဲပတ်လည်ပဲဒိုးဒိုးပေ့ါ။

၄။ သောတအာရုံကိုဖြည့်ဆည်းခြင်း

လူက ကားမောင်းနေချိန်မှာဆိုရင် (အထူးသဖြင့်တစ်ယောက်တည်းမောင်းနှင်နေချိန်) ကိုယ့်အတွက် အပျင်းဖြေစရာက သောတအာရုံတစ်ခုပဲရှိပါတယ်။ ရေဒီယိုတွေက ချက်ခြင်းကောက်ဖွင့်ဖို့အဆင်ပြေပေမယ့် ကိုယ်ကြားချင်တာကို နားဆင်ဖို့ဆိုတာကတော့ တော်တော်လေးကို အကြောင်းတိုက်ဆိုင်ဖို့လိုမှာပါ။

ဒါပေသိ Android Auto နဲ့ဆိုရင်တော့ ဖုန်းထဲက သီချင်းတွေကိုပဲဖွင့်မလား၊ podcasts ပဲနားထောင်မလား၊ မကျေနပ်သေးရင် stream music တွေလည်းဖွင့်ပြီးနားထောင်လို့ရပါသေးတယ်။

နောက်ဆုံးပေါ်မော်တော်ကားတွေမှာပါပြီးသား built-in အသံစနစ်တွေက ကောင်းပြီးသားပါ။ ဒါပေမဲ့ equalizer နဲ့ပတ်သက်ပြီး အချို့ကားတွေမှာတော့ ချိန်ညှိနိုင်မှု အားနည်းပါသေးတယ်။ ဒီပြဿနာကိုလည်း Android Auto ချိတ်ဆက်မှုကနေပြီး အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်။

၅။ အလိုအလျောက် စာပြန်ခြင်း

တချို့လူတွေမှာရှိတတ်ကြတယ်။ ကိုယ့်ဖုန်းထဲကို ဖုန်းခေါ်တာပဲဖြစ်ဖြစ်၊ စာဝင်တာပဲဖြစ်ဖြစ် ချက်ခြင်းဖတ်လို၊ အကြောင်းပြန်လိုကြတယ်။ ဒီအမူအကျင့်ဟာ မကောင်းတဲ့အမူအကျင့်လို့ ပြောလို့မရပေမဲ့ ကားမောင်းနေစဉ်မှာတော့ အန္တရာယ်များတဲ့အမူအကျင့်လို့ ပြောလို့ရပါတယ်။

ဒါကိုအထောက်အပံ့ဖြစ်စေတာကတော့ Auto Reply ပါပဲ။ Auto Reply ကို on ထားလိုက်ရင်ပဲ ကိုယ်ကကားမောင်းနေမယ်ဆိုရင် မောင်းနေတာကို ဖုန်းကသိသွားပြီး “I’m driving right now” ဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဆီကိုဖုန်းခေါ်သူတွေ ဒါမှမဟုတ် စာပို့သူတွေကို ကိုယ်ထည့်ချင်တဲ့စာသားနဲ့ အလိုအလျောက် စာပြန်ခိုင်းလို့ရပါတယ်။

၆။ Android Auto ကို အလိုအလျောက်ပွင့်စေခြင်း

အခုမှစတင်အသုံးပြုသူတွေအတွက်တော့ Android Auto နဲ့ ဖုန်းနဲ့ကားချိတ်ဆက်မှုဟာ အကြိမ်ရေများလာတာနဲ့အမျှ ရှည်ကြာတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာတော့တာပါပဲ။ ဒါပေမဲ့ တခြားနည်းလမ်းရှိပါတယ်။ အဲဒါကတော့  “Auto Launch” ဆိုတဲ့ feature ပါ။

အဲဒီ feature ကို on ထားမယ်ဆိုရင် ဖုန်းနဲ့ကား bluetooth နဲ့ချိတ်ဆက်မိတိုင်းမှာ Android Auto က အလိုအလျောက် အလုပ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ကြိမ်ချိတ်ဆက်ထားဖို့တော့ လိုတာပေါ့လေ။ Auto Launch ကိုဖွင့်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Settings အောက်က Phone Screen Settings ၊ အဲဒီအောက်က “Auto Launch” ကိုသွားဖွင့်လိုက်ရုံပါပဲ။

နောက်တစ်ခုရှိတာက “Pocket Detection” ပါ။ Auto Launch မှာမှ Pocket Detection ကိုပါဖွင့်ထားမယ်ဆိုရင်တော့ ဖုန်းဟာ အိတ်ကပ်ထဲမှာရှိနေရင်တောင် Android Auto နဲ့အလိုအလျောက် ချိတ်ဆက်ပေးမှာဖြစ်လို့ ပိုပြီးလွယ်ကူအစဉ်ပြေစေမှာပါ။

၇။ Android Auto အထောက်အပံ့ပေးတဲ့ third-party apps များကိုအသုံးပြုခြင်း

Android Auto မှာ မိုက်တာတစ်ခုကတော့ Android ရဲ့ မူရင်း apps တွေသာမက အခြား third-party apps တွေကိုလည်း install လုပ်ပြီးအသုံးပြုနိုင်တာပါ။ လွယ်လွယ်လေးပါ။ Google Play Store ကနေပြီး download ပြုလုပ်အသုံးပြုရုံပါပဲ။ Android Auto app ကိုဖွင့်၊ အပေါ်မှာရှိတဲ့ ဟမ်ဘာဂါနဲ့တူတဲ့ sign ကလေးကိုနှိပ်ပြီး ကိုလိုချင်ရာကိုရွေးချယ်လိုက်ရုံပါပဲ။

အဲဒီမှာက “Apps for Android Auto” ဆိုပြီး ကားရဲ့ Android Auto မှာအသုံးပြုလို့ရတဲ့ apps တွေကိုပြသထားမှာပဲဖြစ်ပါတယ်။ ဥပမာ message ပို့ဖို့အတွက် WhatsApp တို့ Telegram တို့ Facebook Messenger တို့ Skype တို့ကိုကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုလို့ရတာပေါ့။

၈။ Data နှင့် ဘက်ထရီချွေတာရေး

သတိပြုရမှာက ဖုန်းနဲ့ကားကို Android Auto နဲ့ချိတ်ဆက်အသုံးပြုရာမှာ အဓိကအလုပ်လုပ်သူက ဖုန်းပါ။ Data connection (အင်တာနက်) ၊ bluetooth နဲ့ အခြား apps တွေအားလုံးအတွက် ဖုန်းက အဓိကအလုပ်လုပ်ပေးရတာဖြစ်တဲ့အတွက် data ကုန်ကျစရိတ်တက်လာမှာဖြစ်သလို ဘက်ထရီသုံးစွဲမှုကလည်း မြင့်မားမှာ အမှန်ပါပဲ။

ဒါကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ Maps လိုမျိုး apps တွေအတွက် တစ်ချိန်လုံးဖွင့်ထားစရာမလိုဘဲ ကြိုပြီးတင်ထားလို့ရပါတယ်။ နောက်တစ်ခုက ဖုန်းရဲ့ Wifi ကို မလိုအပ်တော့ရင် ပိတ်ထားတာပါ။  “Wifi Suspend Mode” ကိုသုံးပြီးလည်း Wifi signal ရှာဖွေနေတာမျိုးကိုမလုပ်ဖို့ တားထားလို့ရပါသေးတယ်။ ဒါဟာ ဖုန်းရဲ့ဘက်ထရီကို အချိန်ကြာလာတာနဲ့အမျှ သက်သာမှုနှုန်း မြင့်မားစေပါတယ်။

၉။ Update လုပ်ဖို့ သတိမမေ့ပါနဲ့

အခြား Android အသုံးပြု devices တွေ apps တွေလိုပါပဲ။ Android Auto မှာလည်း မကြာခဏဆိုသလို updates တွေထုတ်ပေးလေ့ရှိပါတယ်။ Android Auto သုံးစွဲမှုအတွေ့အကြုံကိုလိုက်ပြီး ပိုပိုပြီးကောင်းမွန်လာအောင် ပြင်ဆင်ဖန်တီးပေးခြင်းဖြစ်တဲ့အတွက် အခါအလားလျော်စွာ update လုပ်ဖို့ကိုလည်း အကြံပေးချင်ပါတယ်။

Android Auto webpage အောက်မှာကိုယ့်ရဲ့ email လိပ်စာထည့်ထားပေးလိုက်မယ်ဆိုရင်တော့ Android Auto နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေနဲ့ အခြားအချက်အလက်တွေကို ပို့ပေးနေမှာဖြစ်တဲ့အတွက် update အသစ်ထွက်ရှိလာရင် အလွယ်တကူသိရှိနိုင်တာပေါ့။

၁၀။ Google Calendar ဖြင့်ချိတ်ဆက်အသုံးပြုခြင်း

Android Auto အသုံးပြုပြီဆိုရင် Google Calendar ကိုအသုံးပြုပြီး reminders တွေထည့်ဖို့လည်း မမေ့ပါနဲ့။ ကိုယ့်ရဲ့ meeting အချိန်တွေ၊ dates တွေ စတဲ့ ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာတွေကို Googel Calendar ထဲမှာထည့်ထားမယ်ဆိုရင် ကားမောင်းနေရင်း သတိပေးမှုတွေကို Google Calendar ကနေပြီး အလိုအလျောက်ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ထားပါတော့။ ကိုယ်က Novotel မှာ ကိစ္စတစ်ခုချိိန်းထားတယ်ဆိုရင် အချိန်၊ လိပ်စာ တိတိကျကျထည့်သွင်းထားလိုက်ပါ။ Android Auto ကနေ Maps ကိုအလိုအလျောက်ဖွင့်ပြီး သင်သွားမယ့်နေရာကို လိုအပ်တဲ့အချိန်မှာ လမ်းညွှန်ပြသပေးသွားပါလိမ့်မယ်။ ဒီထက်ပိုပြီးပြောရမယ်ဆိုရင် သင်သွားမယ့်နေရာကို ရောက်နိုင်မရောက်နိုင်ဆိုတာကိုလည်း လမ်းကြောအခြေအနေပေါ်လိုက်ပြီး အချိန်မီ ရောက်နိုင်/မရောက်နိုင်ကိုလည်း Android Auto ကနေပြီး သင့်ကို သတိပေးမှုတွေ ပြုလုပ်ပေးနိုင်ပါသေးတယ်။

Ref: Android Auto Tips and Tricks and Hidden Features by Naresh

Author