ပုံမှန်မဟုတ်သော ကားတာယာပွန်းစားမှုများအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ

0

Full article

တာယာပွန်းစားမှုတွေအကြောင်းပြောမယ်ဆိုရင် ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ မော်တော်ကားတွေ ရွေ့လျားသွားလာနေပုံကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကျနော်တို့ကားမောင်းနှင်တယ်၊ ကားက ရှေ့သွားတယ်၊ နောက်ကို နောက်ဆုတ်တယ်။ ဘာကြောင့် ကားကရှေ့နောက်ရွေ့လျားသွားတာလဲဆိုတာ မိတ်ဆွေတို့ စဉ်းစားကြည့်ဖူးကြပါသလား။ ကားရှေ့တိုးတယ် နောက်ဆုတ်တယ် တစ်နေရာကနေ တစ်နေရာကို ရွေ့လျားသွားတယ်ဆိုတာ အင်ဂျင်ကြောင့်၊ ဂီယာဘောက်ကြောင့် ဖြစ်တယ်လို့ ထင်နိုင်ပါတယ်။ ဒါတွေကြောင့် ဆိုတာလည်း တစ်စိတ်တစ်ဒေသ မှန်ပါတယ်။ ဒါပေမဲ့ တကယ်ကားတစ်စီး ရွေ့လျားသွားရတဲ့ အကြောင်းရင်းက ကားတည်ရှိနေတဲ့ မြေပြင်နဲ့ ကားမှာတပ်ဆင်ထားတဲ့ တာယာတို့ တစ်ခုနဲ့တစ်ခုပွတ်တိုက်ပြီး ရွေ့လျားသွားရတာပါ။ ပွတ်တိုက်မှုတွေကြောင့်ပါ။ ဥပမာ ကားတစ်စီး ရွှံ့နွံလိုနေရာမျိုးမှာ ချော်ထွက် စလစ်ဖြစ်ပြီး ရှေ့တိုးမရ နောက်ဆုတ်မရတာ မြင်ဖူးမယ်ထင်ပါတယ်။ ကားဘီးက လည်နေပေမဲ့ အောက်ကမြေပြင်နဲ့ ကားဘီး ပွတ်တိုက်မှုကောင်းကောင်းမရှိရင် ကားရှေ့တိုးမရ နောက်ဆုတ်မရဘဲ ရွေ့လျားသွားဖို့မဖြစ်နိုင်ပါဘူး။

ကားတစ်စီးရွေ့လျားဖို့အတွက် ကားတာယာနဲ့ မြေပြင်ပွတ်တိုက်မှုရှိမှ ရွေ့လျားသွားနိုင်တာမို့ ကားမောင်းနေသမျှ ကာလပတ်လုံး ကားတာယာတွေကပွန်းစားနေမှာပါပဲ။ ဒါပေမဲ့ အချိန်မတိုင်ခင်သက်တမ်းတိုတိုနဲ့ ကားတာယာပွန်းစားမှုတွေမဖြစ်အောင်၊ နောက်တစ်ချက်က မူမမှန်တဲ့ကားတာယာပွန်းစားမှုတွေကြောင့် ကားဆီပိုစားလာတာ၊ အရှိန်နဲ့မောင်းနှင်နေတဲ့အချိန် ကားမောင်းသူနဲ့ကားကိုအန္တရာယ်ဖြစ်စေတာတွေ မဖြစ်ရအောင် မူမမှန်တဲ့ကားတာယာပွန်းစားမှုတွေအကြောင်း စုစည်းတင်ပြပေးလိုက်ရပါတယ်။

မူမမှန်တဲ့ ကားတာယာပွန်းစားမှု ပုံစံများ

၁။ ကားအလိုင့်မင့် မမှန်မှုကြောင့် ဖြစ်ပေါ်စေတဲ့ ကားတာယာတစ်ခြမ်းစားမှုများ

(A) Toe in , Toe Out

ကားအောက်ပိုင်း အလိုင့်မင့် မမှန်တာကြောင့် ကားတာယာပွန်းစားမှုတွေက အဖြစ်များဆုံးပါပဲ။ ဒါကြောင့် ကားအောက်ပိုင်းပစ္စည်းတွေဖြစ်တဲ့ Tie Rod ၊ Rack End ၊ Shock Absorber ၊ Ball Joint အစရှိတာတွေကို ဖြုတ်တပ်ပြုပြင်ပြီးတဲ့အခါမှာ ကားအလိုင့်မင့် ပြန်ချိန်ကြရတာဖြစ်ပါတယ်။ ကားအလိုင့်မင့် မမှန်ရင် ဖြစ်တတ်တဲ့ ကားတာယာပွန်းစားမှု အမျိုးအစားကတော့ ကားတာယာ တစ်ခြမ်းစားတာမျိုးပါ။ ကားအလိုင့်မင့် မမှန်ရင် ဘာကြောင့် ကားတာယာတွေ ပွန်းစားရတာလဲဆိုရင်တော့ ကားကအရှိန်နဲ့မောင်းနှင်နေတဲ့အချိန်မှာ ကားတာယာတွေဟာ မျဉ်းပြိုင်အနေအထား ရွေ့လျားရမှာဖြစ်ပြီး၊ ကားအောက်ပိုင်း အလိုင့်မင့် မမှန်တာကြောင့် ကားကို အပေါ်ဖက်ကကြည့်လိုက်ရင် ကားတာယာတွေဟာ အတွင်းဘက်ကိုစုနေတာ၊ အပြင်ဘက်ကို ကားထွက်နေတာတွေဖြစ်ပြီး ကားတာယာအတွင်းအစွန်းတွေ မညီမညာစားသွားတာ၊ ကားတာယာ အပြင်အစွန်းတွေ မညီမညာစားသွားတာတွေ ဖြစ်ကုန်တာပါ။

အဲဒီလို ကားကို အပေါ်ဘက်ကနေကြည့်လိုက်ရင် ကားတာယာ အတွင်းစုသွားတာ ၊ ကားတာယာ အပြင်ဖက် ကားထွက်သွားတာတွေကို Toe In  ၊ Toe out လို့ခေါ်ဆိုပါတယ်။

(B) Positive Camber , Negative Camber

Toe In ၊ Toe out ပြဿနာလိုပဲ ကားအလိုင့်မင့်မမှန်လို့ဖြစ်စေတဲ့ အခြားပြဿနာတစ်ခုက Camber တွေရဲ့ တန်ဖိုးတွေ အတိုးအလျော့ ဖြစ်ပြီး မညီညာတဲ့ပြဿနာပါ။ ဒီပြဿနာကလည်း Toe in ၊ Toe Out လိုပဲ ကားတာယာ တစ်ခြမ်းစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ Toe In ၊ Toe out နဲ့ ဒီ Positive Camber ၊ Negative Camber မတူညီတာကတော့ ဒီ Positive Camber ၊ Negative Camber တွေက ကားကို ရှေ့တည့်တည့်ကနေ ကြည့်တဲ့အချိန် ကားတာယာတွေ အတွင်းစုတာ၊ အပြင်စုတာ စတဲ့အချိုးမညီမျှမှုတွေကိုရည်ညွှန်းတာပါပဲ။ ကားအောက်ပိုင်းပြုပြင်သူ၊ အလိုင့်မင်းချိန်သူတွေကတော့ ကန်ဘာစောင်းတာ၊ ကန်ဘာမညီတာ အစရှိသဖြင့်ခေါ်ဝေါ်ကြပါတယ်။

Vertically (ထောင်လိုက်) အတိုင်းတည့်မတ်နေတဲ့ Camber ကိုတော့ Zero Camber ၊ Neutral Camber ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

(C) Positive Caster , Negative Caster

ဒီ Positive Caster ၊ Negative Caster ဆိုတာကတော့ တာယာကို ကားရဲ့ဘေးကနေကြည့်မယ်ဆိုရင် ကားတာယာ ရှေ့ကိုငိုက်နေတာ၊ ကားတာယာ နောက်ကို ငိုက်နေတာကို ဆိုလိုတာပါ။ ဒီအချက်ကြောင့် ကားတာယာ ပွန်းစားမှုတွေကတော့ သိသိသာဖြစ်ခဲပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုတဲ့ Positive Caster ၊ Negative Caster ထောင့်အချိုးအစားတွေကြောင့်လည်း တာယာပွန်းစားမှုတွေ ဖြစ်နိုင်တာမို့ ထည့်သွင်းဖော်ပြလိုက်ရပါတယ်။

ဒီ Toe in ၊ Toe out ၊ Positive Camber ၊ Negative Camber ၊ Positive Caster ၊ Negative Caster ဆိုတဲ့ အချက်တွေက ကားအလိုင့်မင့်ချိန်တဲ့အခါမှာ အရေးကြီးဆုံးအချက်တွေပါ။ ကားတစ်စီးနဲ့တစ်စီး အမျိုးအစား ဖွဲ့စည်းတည်ဆောက်ပုံပေါ်မူတည်ပြီး ကားတစ်စီးနဲ့တစ်စီး ထားသင့်တဲ့ ဒီဂရီအချိုးအစား၊ ထောင့် Angle အချိုးအစားတွေကတော့ ထပ်တူညီမှာမဟုတ်ပါဘူး။ ခေတ်မီအလိုင့်မင့်ချိန်တဲ့ စက်တွေမှာ ကားအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့သတ်မှတ်အချိုးအစားအတိုင်း ချိန်ညှိမှသာ တိကျသေချာတဲ့ အလိုင့်မင့်ကိုရရှိနိုင်ပြီး ကားတာယာ မညီမညာ အလျင်အမြန်ပွန်းစားမှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(Toe in/out ကြောင့် တာယာပွန်းစားတာနဲ့ Camber ကြောင့် တာယာပွန်းစားတာ ကွာခြားပုံလေးပါ)

၂။ တာယာပန်း အလယ်စားသွားတာ

တာယာပန်း အလယ်စားသွားတဲ့ ပြဿနာကတော့ အများအားဖြင့် အင်ဂျင်ပါဝါကြီးတဲ့ ကားလေးအများစုမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အင်ဂျင်ပါဝါကြီးတဲ့ ကားတွေမောင်းနှင်တဲ့အချိန်မှာ ကားရဲ့ Accelerator Pedal ကို ရုတ်တရက်ဆောင့်နင်းပြီး ကားအရှိန်ကို ရုတ်တရက်မြှင့်တာ၊ ကားအရှိန်မြန်နှုန်းမြှင့် မောင်းနှင်နေတာကနေ ရုတ်တရက်ဘရိတ်ဆောင့်အုပ်တာ အစရှိတဲ့အမူအကျင့်တွေကြောင့် ကားတာယာပန်းအလယ်စားသွားတာတွေ အဖြစ်များပါတယ်။

အထူးသဖြင့် ကားအင်ဂျင်ပါဝါကြီးကြီးတွေကို မြို့ထဲ မီးပွိုင့်အဝင်အထွက်တွေမှာ အပေါ်မှာပြောခဲ့သလို ပြုလုပ်တဲ့ အလေ့အထတွေက ကားတာယာပန်း အလယ်ခေါင်စားသွားတာတွေ အဖြစ်များစေပါတယ်။

နောက်ထပ် ကားတာယာပန်းအလယ်စားစေရတဲ့ အကြောင်းတစ်ချက်က ကားတာယာလေပေါင်ကို လိုအပ်တာထက် ပိုထိုးတာတွေကလည်း ကားတာယာပန်း အလယ်စားစေပါတယ်။

(ကားတာယာပန်း အလယ်စားသွားတဲ့ပုံပါ)

၃။ တာယာပန်း ကန့်လန့်ဖြတ်စားသွားတာ

တာယာပန်း ကန့်လန့်ဖြတ်စားတာအဖြစ်များဆုံးကတော့ ရှေ့ဘီးယက် ကားတွေရဲ့ နောက်ဘီး တာယာတွေမှာ အဖြစ်များဆုံးပါပဲ။ ရှေ့ဘီးယက် (Front Wheel Drive) ကားတွေရဲ့ ရှေ့ဘီး Toe in ၊ Toe out မမှန်ကန်တဲ့အခါမှာ ဖြစ်တဲ့ ရောဂါလက္ခဏာပါပဲ။ ရှေ့ဘီးယက်စနစ်ရဲ့ ကားရှေ့ဘီးတွေမှာရှိရမယ့် အလိုင်းမင့်အချိုးအစားနဲ့ ကားရဲ့ Geometric Central Line တွေမညီမျှတဲ့အခါ ကားရဲ့နောက်ဘီးတွေမှာ ဒီလိုကန့်လန့်ဖြတ် တာယာပွန်းစားမှုတွေဖြစ်ပေါ်ပါတယ်။

ရှေ့ဘီးယက် ကားတွေမှာရှိတဲ့ ရှေ့ဘီးတွေရဲ့ Toe in/out မမှန်တဲ့အခါမှာ နောက်ကနေ လိုက်ပါရတဲ့ ကားတာယာတွေရဲ့ မြေပြင်နဲ့ ကားတာယာ ပွတ်တိုက်တဲ့ ထောင့် (Slip Angle) တွေက ညီညီညာညာ မရှိတော့ဘဲ ကားရှေ့ကို ယက်တဲ့အခါတိုင်းမှာ နောက်တာယာတွေရဲ့ မြေပြင်နဲ့ တာယာပွတ်တိုက်မှုဟာ တစ်နေရာထဲကို ပွတ်မှုထောင့် (Slip Angle) အကြိမ်ကြိမ်ဖြစ်ပေါ်စေပြီး တာယာကန့်လန့်ဖြတ် ပွန်းစားတာ ဖြစ်ပေါ်လာရတာပါပဲ။

ရှေ့ဘီးယက်စနစ်ကားမှာရှိတဲ့ အနောက်ဖက် ကားတာယာတွေ ဒီလို ကန့်လန့်ဖြတ်ပွန်းစားတယ်ဆိုရင် အရှေ့ဘီးတွေရဲ့ Toe in/out အချိုးအစားတွေကို ပြန်လည်ချိန်ညှိပေးခြင်းကသာ နောက်ဘီးတွေရဲ့ တာယာကန့်လန့်ဖြတ်ပွန်းစားမှုကို ကုသကာကွယ်နိုင်မှာဖြစ်ပါတယ်။

(ကန့်လန့်ဖြတ် တာယာပွန်းစားပုံ)

၄။ လွှသွားပုံ တာယာပွန်းစားတာ

Saw-Tooth Wear လို့ခေါ်တဲ့ လွှသွားပုံ အထစ်ထစ် တာယာပွန်းစားတာတွေကလည်း အဖြစ်များတဲ့ တာယာပွန်းစားမှုတစ်ခုပါပဲ။ အဲဒီလွှသွားပုံ တာယာပွန်းစားတာတွေကတော့ တာယာပန်းအမျိုးအစားတွေကြောင့် ဖြစ်တတ်ပါတယ်။ ကျနော်တို့တာယာပန်းတွေကို တည်ဆောက်ထားတဲ့အခါ ချောမွတ်တဲ့ လမ်းအမျိုးအစား၊ ကြမ်းတမ်းတဲ့လမ်း၊ နှင်းထူထပ်တဲ့လမ်း၊ ရေစပ်စပ်ရှိတဲ့လမ်း စတဲ့ကားသွားလာရမယ့် လမ်းအနေအထားကို လိုက်ပြီး တာယာရဲ့ပန်းအမျိုးအစားတွေ ကွာခြားကွဲပြားတတ်ပါတယ်။ ဒီလိုလွှသွားပုံ တာယာပွန်းစားမှုကို ဖြစ်ပေါ်စေတဲ့ အများဆုံးအကြောင်းရင်းက ကိုယ်အသုံးပြုထားတဲ့ တာယာရဲ့ ပန်းတည်ဆောက်ပုံနဲ့ အမြဲမပြတ် ထိတွေ့သွားလာနေတဲ့ လမ်းရဲ့အခြေအနေမကိုက်ညီဘူးဆိုရင် ဒီလိုလွှသွားပုံကားတာယာစားတာတွေက အဖြစ်များပါတယ်။

နောက်တစ်ချက်က ကားမှာတင်ဆောင်ထားတဲ့ ဝန်အလေးချိန်နဲ့ လက်ရှိတာယာလေပေါင်များတာ နည်းတာ တွေကြောင့်လည်း ဒီလိုလွှသွားပုံ ကားတာယာပွန်းစားတာဖြစ်ပေါ်စေပါတယ်။ နောက်တစ်ချက်က ကားမှာရှိတဲ့ ကားအောက်ပိုင်း ဆက်စပ်ပစ္စည်းတွေ ဥပမာ (ဘောဂျွိုင့်) တို့လို ပစ္စည်းတွေမကောင်းရင်လည်း ဒီလို လွှသွားပုံ တာယာပွန်းစားမှုဖြစ်ပေါ်စေမှာပါ။

နောက်တစ်ချက်က ကားမှာတပ်ဆင်ထားတဲ့ ဂွေတွေရဲ့ Wheel Balance မညီတာတွေကြောင့်လည်း ဒီလို လွှသွားပုံ ကားတာယာပွန်းစားတာ ဖြစ်စေတတ်ပါတယ်။

ဒီလို လွှသွားပုံ တာယာမညီမညာပွန်းစားတယ်ဆိုရင်တော့ဖြင့် ကားအမြဲတမ်းအသုံးပြုနေတဲ့ လမ်းအနေ အထားနဲ့လိုက်ဖက်ညီမယ့် ကားတာယာပန်းအမျိုးအစားကို ပြောင်းလဲသုံးစွဲတာ၊ တာယာလေပေါင်ချိန်ကို ဂရုတစိုက်စစ်ဆေးတာ၊ ကားအောက်ပိုင်း ပုံမှန်စစ်ဆေးပြုပြင်ထိန်းသိမ်းတာ၊ ကီလိုမီတာ 15,000 လောက် အသုံးပြုပြီးတိုင်း ကားဂွေတွေရဲ့ Wheel Balancing စစ်ဆေးပြုပြင်တာတွေလုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ။

(Saw Tooth Wear)

၅။ တာယာထိပ်ကွက်ပုံ ပွန်းစားတာ

တာယာထိပ်ကွက် ပွန်းစားတာတွေကလည်း အဖြစ်များတဲ့ တာယာပွန်းစားမှု ပြဿနာတစ်ခုပါပဲ။ တာယာ တစ်လုံးမှာ ပွန်းစားတာ မညီမျှဘဲ၊ တောင်တန်းတွေ ချိုင့်ဝှမ်းတွေပုံစံဖြစ်နေတယ်ဆိုရင်တော့ အဲဒါ တာယာ ထိပ်ကွက်ပွန်းစားတာပါပဲ။ ဒီလို တာယာထိပ်ကွက် ပွန်းစားတာ အဖြစ်များတဲ့ ရောဂါအရင်းအမြစ်က ရှော့ဘားလို့ခေါ်တဲ့ (Shock Absorber) တွေပါပဲ။ ကားတာယာဂွေ၊ ကားတာယာတွေနဲ့ ချိတ်ဆက်ထားတဲ့ ကားရှော့ဘားတွေ မကောင်းဘူးဆိုရင် ကားဟာ အရှိန်နဲ့ မောင်းနေတဲ့အချိန် မညီညာတဲ့လမ်းတွေပေါ်မှာ ညင်ညင်သာသာ မရွေ့လျားနိုင်ဘဲ မြင်းပြေးသလို ကဆုန်ပေါက်ခုန်တာတွေဖြစ်ပေါ်တတ်ပါတယ်။

ဒီလို ရှော့ဘားမကောင်းမှုတွေ ဖြစ်လာတဲ့ ခုန်ဆွခုန်ဆွဖြစ်မှုတွေကြောင့် ကားတာယာပွန်းစားမှုတွေ မညီညာဘဲ အခုလို တာယာမျက်နှာပြင်ပေါ် အကွက်လိုက် အကွက်လိုက် ပွန်းစားမှုတွေဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ကားဘီးခွေ wheel Balance မညီညာရင် အရှိန်နဲ့မောင်းနှင်နေချိန်မှာ ဖြစ်ပေါ်တဲ့ Centrifugal Force ကြောင့် ကားတာယာ တုန်ခါမှုတွေဖြစ်ပေါ်ပြီး ဒီလိုတာယာထိပ်ကွက်ပွန်းစားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် တာယာထိပ်ကွက်ပွန်းစားတာတွေ ဖြစ်ပေါ်လာတယ် ဆိုရင်တော့ ကားအောက်ပိုင်းပစ္စည်းတွေ စစ်ဆေးတာ၊ အထူးသဖြင့် ရှော့ဘားတွေကောင်း/မကောင်း ဖြုတ်စစ်ဆေးတာ၊ ကားဘီး Wheel Balancing ချိန်တာတွေ ပြုလုပ်သင့်ကြောင်းပါ။

(တာယာ ထိပ်ကွက် ပွန်းစားတာ)

ကားတာယာလေပေါင် မညီမျှမှုကြောင့် ဖြစ်ပေါ်စေတတ်သော တာယာပြဿနာများ

ကားတာယာ လေပေါင်ချိန်ကလည်း ကားတာယာရဲ့ သက်တမ်းအပေါ်၊ ကားတာယာ ပွန်းစားမှုတွေအပေါ် ရာခိုင်နှုန်းတော်တော်များများ သက်ရောက်မှုရှိပါတယ်။ နောက်ပြီး ကားတာယာလေပေါင်ချိန်က ကားတာယာ သက်တမ်းသာမက၊ အခြား ဆီစားနှုန်း၊ ကားတုန်ခါမှု၊ ကားအောက်ပိုင်း ပစ္စည်းတွေရဲ့သက်တမ်း၊ ကားနဲ့ ကားမောင်းသူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးတွေကိုပါ အရေးတကြီး သက်ရောက်မှုရှိနေပါတယ်။

ကားတာယာလေပေါင်ချိန်မမှန်ဘဲ၊ ကားတာယာလေပေါင်ချိန်မပြည့်မီဘဲ မောင်းနှင်မယ်ဆိုရင် ကားတာယာထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ စစ်တမ်းကောက်ယူချက်အရ

  • ကားမှာ တပ်ဆင်ထားတဲ့ တာယာ လေပေါင်ချိန် (0.2 bar = 2.9 psi) လျော့နည်းမယ်ဆိုရင် ဆီစားနှုန်း 1% မြင့်တက်မယ်၊ တာယာသက်တမ်း 10% လျော့ကျသွားပါမယ်။
  • ကားမှာ တပ်ဆင်ထားတဲ့ တာယာ လေပေါင်ချိန် (0.4 bar = 5.801 psi) လျော့နည်းမယ်ဆိုရင် ဆီစားနှုန်း 2% မြင့်တက်မယ်၊ တာယာသက်တမ်း 30 % လျော့ကျသွားပါမယ်။
  • ကားမှာ တပ်ဆင်ထားတဲ့ တာယာ လေပေါင်ချိန် (0.6 bar = 8.702 psi) လျော့နည်းမယ်ဆိုရင် ဆီစားနှုန်း 4% မြင့်တက်မယ်၊ တာယာသက်တမ်း 45 % လျော့ကျသွားပါ့မယ်။

ဒီအချက်တွေအပြင် တာယာလေပေါင်ချိန်လျော့နည်းမယ်ဆိုရင် စတီယာရင် တုန်ခါတာမျိုး၊ ကားတည်ငြိမ်မှု လျော့ကျတာမျိုး၊ အရှိန်နဲ့မောင်းတဲ့အချိန် တာယာကျွတ်ထွက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကားတာယာလေပေါင်ချိန် လျော့နည်းမှုတွေ မဖြစ်ရအောင် နှစ်ပတ်တစ်ခါ တာယာလေပေါင်ချိန်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

တာယာလေပေါင်ချိန်များတာမျိုးကတော့ အပေါ်မှာပြောခဲ့တဲ့ တာယာပွန်းစားမှုတွေ ဖြစ်နိုင်သလို ကားကို မြန်နှုန်းမြင့် မောင်းနှင်နေတဲ့အချိန် တာယာပေါက်ကွဲထွက်တာမျိုးတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် အထူးသတိပြု စစ်ဆေးသင့်ပါတယ်။

နောက်တစ်ချက်က ကားတာယာတပ်ဆင်မှု အလွဲတွေကြောင့်လည်း တာယာတွေပျက်စီးစေတတ်ပါတယ်။ တာယာတွေက ကားမောင်းနှင်နေတဲ့အချိန်မှာမှ ပျက်စီးစေတတ်တာမဟုတ်ဘဲ ကားတာယာတွေ အသစ်လဲလှယ်တပ်ဆင် အသုံးပြုတဲ့အခါများမှာလည်း အမျိုးမျိုးသော အဆင်မပြေမှုတွေကြောင့် တာယာတွေ ပျက်စီးစေတတ်တာကို သတိပြုရမှာဖြစ်ပါတယ်။ ဥပမာ ကားတာယာ လိုင်နာ နှုတ်ခမ်းသားတွေက တာယာဂွေအလယ် သေချာမကျဘဲလိမ်နေတာမျိုးတွေပါ။

ဒီအချက်တွေက ကားတာယာတွေမှာအဖြစ်များဆုံး ကားတာယာတွေရဲ့သက်တမ်းကို တိုစေတတ်တဲ့ အကြောင်းခြင်းရာတွေပါ။

အကျဉ်းချုပ်ပြောရရင် ကားတာယာတွေကို သတ်မှတ်သက်တမ်းကုန်သည်အထိ သုံးစွဲနိုင်ဖို့အတွက်ဆိုရင်တော့

  • ကားတာယာတွေ မူမမှန်တော့ဘူး ထင်ရင် ကားအလိုင့်မင့် စစ်ဆေးပေးပါ။
  • ကားအောက်ပိုင်း ဆက်စပ်ပစ္စည်းတွေကို စစ်ဆေးပြုပြင်ထိန်းသိမ်းပါ။
  • အသုံးပြုမယ့် လမ်းကို လိုက်ပြီး လိုက်ဖက်မယ့် ကားတာယာပန်းအမျိုးအစားကို ရွေးချယ်ပါ။
  • ကားအရှိန်ရုတ်တရက် မြှင့်တာ၊ ရုတ်တရက် ဘရိတ်ဆောင့်အုပ်တာတွေကို ဆင်ခြင်ပါ။
  • ကားလေပေါင်ချိန်ကို ၂ ပတ်တစ်ကြိမ်သေချာ သတိပြုစစ်ဆေးပေးပါ။
  • ကားလေပေါင်ချိန်တွေကို သတ်မှတ်နှုန်းအတိုင်းသာ လေပေါင်ချိန်မှန်အောင် ထိုးပေးပါ။ မိမိကားရဲ့ သတ်မှတ်လေပေါင်ချိန်ကို (Car Owner Manual) တို့ ၊ ကားတံခါးဘောင်တို့ ၊ အွန်လိုင်းမှာ ကားအမျိုးအစားလိုက် လေပေါင်ချိန် တို့ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။
  • ကားကို 15,000 Km မောင်းပြီးတိုင်း ကား Wheel Balancing စစ်ဆေးပေးပါ။

ဒီအချက်တွေကို လိုက်နာပြီး ပုံမှန်စစ်ဆေးပြုပြင် ထိန်းသိမ်းပေးမယ်ဆိုရင် ကားတာယာတွေ သတ်မှတ်သက်တမ်း မပြည့်ခင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကားတာယာဆိုတာ ငွေကုန်ကြေးကျများပြီး အဆိုးဝါးဆုံးဖြစ်တတ်တာက ကားနဲ့ ကားမောင်းသူရဲ့ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တဲ့ ပစ္စည်းမို့ အထူးသတိပြု ပြုပြင်ထိန်းသိမ်းသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

စာဖတ်သူ မိတ်ဆွေညီအစ်ကို မောင်နှများ အားလုံး နည်းပညာဗဟုသုတကြွယ်ဝပြီး အန္တရာယ်ကင်း ဘေးရှင်းပါစေ ခင်ဗျာ။

Author