COVID-19 ကြားက အငှားယာဉ်မောင်းများအတွက် အကြံဉာဏ်အချို့

0

Full article

မတ်လ ၂၃ ရက်နေ့၊  မြန်မာနိုင်ငံမှာ coronavirus စတွေ့ပြီးနောက်ပိုင်း နိုင်ငံသူနိုင်ငံသားတွေရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေဟာ အပြောင်းအလဲလုပ်ကြရပါတော့မယ်။ အသွားအလာကို နည်းနိုင်သမျှနည်းအောင် လျှော့ချရမယ်။ ကိုယ့်နေအိမ်မှာကိုယ် အတတ်နိုင်ဆုံးနေကြရပါလိမ့်မယ်။ နောက်ဆုံးသတင်းတွေအရဆိုရင် မြန်မာနိုင်ငံဟာ ပထမဆုံး ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်ခံရသူဦးရေ စုစုပေါင်း ၁၀ ဦးရှိနေပြီဖြစ်တဲ့အတွက် အစပိုင်းအခြေအနေအရ တော်တော်များတဲ့အထဲမှာ ပါဝင်နေတာပါ။

အခုအချိန်မှာ လူတိုင်းလူတိုင်း မိမိတို့အိမ်မှာနေထိုင်ခြင်းအားဖြင့်

  • ကိုယ့်ကို COVID-19 ကူးစက်မှုဘေးမှ အကောင်းဆုံးအကာအကွယ်ဖြစ်စေတယ်။
  • တကယ်လို့ ကိုယ့်မှာ coronavirus ကူးစက်ခံနေရပြီဆိုရင်တောင်မှ လူများစွာထံ ဆက်လက်ပြန့်ပွားမှုနှုန်းကိုလည်း အကောင်းဆုံးလျှော့ချပေးနိုင်တယ်။
  • အကောင်းဆုံးအချက်ကတော့ ရောဂါကူးစက်နိုင်တဲ့အန္တရာယ်တွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ်စတေးပြီး ကုသမှုတွေပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထိရောက်ဆုံး အကူအညီပေးခြင်း ဖြစ်နေတာပါပဲ။

ဒါကြောင့်မို့လို့ အခုလိုပြန့်ပွားမှုနှုန်း မတရားမြန်တဲ့ ကူးစက်ရောဂါဖြစ်ပွားချိန်မှာ ကိုယ့်အိမ်ကိုယ်နေကြတာဟာ အကောင်းဆုံးဖြစ်တယ်ဆိုပေမဲ့ မဖြစ်မနေ သွားလာကြရတဲ့သူတွေလည်း လောကနိယာမအတိုင်း ရှိနေကြဦးမှာပါ။ အနည်းဆုံး ‘lock down’ မလုပ်ခင်အချိန်ထိ ရှိနေကြဦးမှာပါ။ အဲဒီလိုသွားလာနေကြတဲ့သူတွေအထဲမှာ အငှားယာဉ်မောင်းနှင်ပြီး မိသားစုဝမ်းရေးကို နေ့စဉ်ဖြေရှင်းနေကြရသူတွေကလည်း အကောင်းဆုံးကာကွယ်ရာဟာ နေအိမ်ဆိုတာသိပေမဲ့ မနေနိုင်ရှာကြပါဘူး။ မိသားစုအတွက် အပြင်ထွက်ပြီး မောင်းနှင်ကြရပါတယ်။ လူစိမ်းပေါင်းများစွာနဲ့ ဆက်ဆံကြရပါတယ်။

ဒီလိုအခြေအနေမှာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက်ရော၊ မိမိခရီးသည်ကို ကာကွယ်ဖို့အတွက်ကပါ အရေးပါလို့လာပါပြီ။ ဒါဆိုရင်အကောင်းဆုံး ဘယ်လိုကာကွယ်ကြမလဲ။

တရုတ်နိုင်ငံမှာတော့ taxi အချို့ဟာ ပုံမှာပါတဲ့အတိုင်း “isolation bubble” ကိုအသုံးပြုကြတယ်။​ ငွေပေးခြေမှုစနစ်ကို smartphone တွေနဲ့အသုံးပြုတာများတဲ့ တရုတ်နိုင်ငံက taxi သမားတွေအတွက် isolation bubble ဆိုတဲ့ ယာဉ်မောင်းနေရာကို ပလက်စတစ်အကြည်နဲ့ အပြည့်ကာရံလိုက်ခြင်းဟာတော်တော်လေးကို အလုပ်ဖြစ်သလို ယာဉ်မောင်းအတွက်ရော၊​ ခရီးသည်အတွက်ပါ စိတ်ရှင်းစေပါတယ်။​

မြန်မာနိုင်ငံမှာတော့ ငွေစက္ကူတွေကိုအများစု အသုံးပြုနေကြတဲ့အတွက် isolation bubble အသုံးပြုမယ်ဆိုရင်တောင်မှ ငွေပေးခြေတဲ့အချိန်မှာ တိုက်ရိုက်ထိတွေ့မှုတွေ ရှိလာတော့မှာအမှန်ပါပဲ။ အဲဒီအတွက် ဘာတွေကို ပြင်ဆင်ထားဖို့လိုမလဲ။

  • တိုက်ရိုက်ထိတွေ့နိုင်တဲ့အကွာအဝေးကို များနိုင်သမျှများအောင်ကြိုးစားပါ။ ငွေကြေးပေးချေဖို့အတွက် ငွေကြေးသိမ်းဆည်းတဲ့ ခွက်တစ်ခွက် (လေလုံအောင်ပိတ်ထားနိုင်တဲ့)နဲ့ ငွေအကြွေပြန်အမ်းဖို့အတွက် ခွက်တစ်ခွက်ထားရှိပါ။ ငွေစက္ကူတွေကိုင်တွယ်ရာမှာ အထူးသတိထားဖို့လိုပြီး ဘယ်အရာကိုမှ ဆက်လက်မကိုင်တွယ်မီ လက်ကို အနည်းဆုံး hand gel နဲ့ ဆေးကြောဖို့လိုပါတယ်။ မီးညှပ်လိုမျိုး ညှပ်စရာတစ်ခုခုကိုလည်း အစားထိုးအသုံးပြုနိုင်တာ သတိပြုပါ။
  • လက်များကိုဆေးကြောပါ။ ဒါကတော့ရှင်းပါတယ်။ ငွေစက္ကူတွေအတွက်သာမက ဘယ်အချိန်မဆို မိမိရဲ့မျက်နှာနဲ့ မိမိရဲ့ဖုန်းကို ကိုင်တွယ်မှုမလုပ်ခင် ဆေးကြောသင့်လှပါတယ်။
  • ခရီးသည်အတွက်လည်း hand gel နဲ့ tissue အသုံးပြုဖို့ ထောက်ပံ့ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် mask ပါ အထောက်အပံ့ပေးသင့်ပေမဲ့ ဝိသမလောဘသားတွေကြောင့် မျက်နှာဖုံးအတွက် အခက်အခဲများရှိနိုင်ပါတယ်။
  • မိမိကိုယ်တိုင်တော့ mask အတတ်အနိုင်ဆုံး အသုံးပြုပါ။​
  • မျက်နှာကို ထိကိုင်တာမျိုး မလုပ်မိဖို့ ကြိုးစားပါ။ Coronavirus ဟာ အရည်ပြားကို ထိတွေ့ရုံမျှနဲ့ ကူးစက်နိုင်ခြေသိပ်မရှိပေမဲ့ ပါးစပ်၊ နှာခေါင်းအစရှိတဲ့ အပေါက်တွေကနေ ခန္ဓာကိုယ်ထဲဝင်သွားခြင်းကနေတော့ အများဆုံးကူးစက်လျက်ရှိနေပါတယ်။
  • အပူချိန်တိုင်း ကရိယာကိုလည်း ဆောင်ထားသင့်ပါတယ်။ ခရီးသည်တိုင်းကို အပူချိန်တိုင်းတာမျိုး ပြုလုပ်ပြီး ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက်ပိုများနေတဲ့သူတွေကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေကို မိမိအသိစိတ်နဲ့သွားရောက်ပြသဖို့ တိုက်တွန်းသင့်ပါတယ်။
  • Virus ဟာ မျက်နှာပြင်အမျိုးမျိုးမှာ အခြေအနေအမျိုးမျိုးကြောင့် အချိန်အတိုင်းအတာအမျိုးမျိုးအထိ ရှင်သန်နိုင်ပါတယ်။ ထို့အတွက် ခရီးသည်တစ်ဦးပို့ဆောင်အပြီးမှာ ရောဂါပိုးကိုသေစေနိုင်တဲ့ ဖြန်းဆေးအသုံးပြုကာ ကား cabin ကိုသန့်ရှင်းသင့်လှပါတယ်။
  • နောက်တစ်ခုက mask ၊ hand gel နဲ့ spray တို့ရဲ့အရည်အသွေးပါ။ စံသတ်မှတ်ချက်နဲ့ကိုက်ညီတာမျိုးကို ဝယ်ယူအသုံးပြုသင့်ပါတယ်။ DIY ဆိုပြီး ကိုယ့်ဘာသာကိုယ်လုပ်ဖို့ဆိုတာတွေမှာ တချို့က နည်းလမ်းမှန်ပြီး တချို့ကနည်းလမ်းမှားတဲ့အတွက် အဲဒါမျိုး ကိုယ့်ဘာသာလုပ်ဖို့ ဒါမှမဟုတ် တခြားလုပ်ရောင်းသူတွေထံက ဝယ်ယူအသုံးပြုဖို့ဆိုရင် ကျွမ်းကျင်နဲ့ ဆေးပညာရှင်တွေ၊ ဓါတုဗေဒပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
  • နောက်ဆုံးအချက်ကတော့ အိမ်ပြန်တဲ့အခါမှာပါ။ ခေါင်းကနေစလို့ တစ်ကိုယ်လုံးမှာ Coronavirus တွယ်ညိလာနိုင်တာကို သတိပြုပြီး အိမ်ထဲမဝင်ခင်ကတည်းက လက်တွေ၊ အဝတ်အထည်တွေကစလို့ ဖိနပ်တွေအဆုံး ဆေးကြောဖို့ သန့်ရှင်းစေဖို့ မမေ့ပါနှင့်။

COVID-19 ကူးစက်မှုဘေးမှ လွတ်ကင်းပြီး သန့်ရှင်းလတ်ဆက်တဲ့ နေ့ရက်တွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Ref: Taxi Drivers And Coronavirus by choicequote

Author