ဘရိတ်ဆီ လဲသင့်နေပြီဆိုတာ သင်သိနိုင်မယ့် အချက် (၅) ချက်

0

Full article

ကားဘရိတ်ဆိုတာ ကားမှာပါတဲ့အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဆိုတာ ကားမောင်းသူတိုင်းသိထားပြီးဖြစ်မှာပါ။ ကျနော်တို့ခရီးသွားမယ်ဆိုတိုင်း၊ ကားကိုပုံမှန်ပြုပြင်တဲ့အခါတိုင်း ကားအင်ဂျင်ဝိုင်၊ ကားဂီယာဝိုင်တွေ၊ ကားမှာပါတဲ့ Coolant တွေ၊ ကားရဲ့ အောက်ပိုင်း (Suspension) ပိုင်းတွေကို အထူးအလေးပေးစစ်ဆေးပြီး အင်ဂျင်ဝိုင်တွေလဲတာ၊ ကားအောက်ပိုင်းဘရိတ်ရှူးတွေလဲတာ အစရှိတဲ့လိုအပ်ချက်တွေကို ပြုပြင်တတ်ကြပေမဲ့ ကားဘရိတ်စနစ်ရဲ့ အရေးကြီးဆုံးဘရိတ်ဆီတွေကိုတော့ သေချာစစ်ဆေးပြီး အသစ်လဲလှယ်တာ မရှိသလောက်ရှားပါတယ်။ ဒီနေ့ကားမှာပါတဲ့ဘရိတ်ဆီရဲ့ အရေးပါပုံလေးကို နည်းနည်းပြောပြချင်ပါတယ်။

ဘရိတ်ဆီဆိုတာဘာလဲ?

ဘရိတ်ဆီဆိုတာကတော့ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးပြောရရင် glycol-ether ဆိုတဲ့ Chemical ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil) တစ်မျိုးပါပဲ။ ကျနော်တို့လက်ရှိကားတွေမှာ အသုံးပြုနေကြတဲ့ Brake Fluid (ဘရိတ်ဆီ) တွေကတော့ DOT 3 နဲ့ DOT 4 အမျိုးအစား ဘရိတ်ဆီတွေဖြစ်ပါတယ်။ DOT ဆိုတဲ့ အဓိပ္ပါယ်ကတော့ အမေရိကန် နိုင်ငံက Depeartment Of Transportation ကိုရည်ညွှန်းတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ The Federal Motor Vehicle Safety Standards (FMVSS) နဲ့ အညီထုတ်လုပ်ထားတဲ့ Grade 3 နဲ့ 4 အမျိုးအစား ဘရိတ်ဆီတွေကို DOT 3 ၊ DOT 4 လို့ခေါ်ဆိုတာဖြစ်ပါတယ်။


ဥပမာအားဖြင့် ကားကို 100 Km/hour လောက်နဲ့ မောင်းနှင်နေတဲ့အချိန် ရုတ်တရက်ဘရိတ် Pedal ကိုနင်းလိုက်တဲ့အခါ ဘရိတ် Pedal ကနေတဆင့် Master Cylinder (ဘရိတ်ဆုံ) တွေ ၊ ABS Accumulator တွေကို တွန်းအားဖိအားတွေဖြစ်စေပြီး အဲ့ဒီကနေတစ်ဆင့် ဘရိတ်ဆီတွေကို ဘရိတ်ဆုံတွေထဲက ဘရိတ် Piston တွေဆီကို အလျှင်မြန်ဆုံးနည်းနဲ့ အထစ်အငေါ့မရှိပေးပို့ထပ်ဆင့် ဖိအားပေးမှသာ ကားကဘရိတ်မိပြီး ကားကို အချိန်တိုအတွင်းအရှိန်သတ် ထိန်းချုပ်နိုင်မှာပါ။
ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil) အမျိုးအစားပေါင်းများစွာ ရှိတဲ့အထဲကမှ ဘာကြောင့်ဘရိတ်ဆီတွေကို သီးသန့်တီထွင်ဖန်တီးပြီး ကားတွေ၊ မော်တော်ဆိုင်ကယ်တွေမှာ အသုံးပြုရသလဲဆိုရင်တော့ ဘရိတ်ဆီဟာ အခြားဟိုက်ဒရောလစ်ဆီတွေနဲ့ မတူကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိတွေရှိဖို့လိုအပ်လို့ပါပဲ။

ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကတော့


Viscosity (စေးပြစ်နှုန်း) တည်ငြိမ်ရပါမယ်။ ပူတဲ့အချိန်မှာဖြစ်ဖြစ်၊ အေးတဲ့အချိန်မှာဖြစ်ဖြစ် ဘရိတ်ဆီရဲ့စေးပြစ်နှုန်း မပြောင်းလဲဘဲတည်ရှိရပါမယ်။ ဒါမှဘရိတ်ဖမ်းတဲ့အခါ ချောချောမွေ့မွေ့ လျှင်လျှင်မြန်မြန် အလုပ်လုပ်နိုင်မှာပါ။


Boiling Point (ရေဆူမှတ်) မြင့်မားရပါမယ်။ ပုံမှန်အားဖြင့် ရေဟာ 100° C မှာ ဆူပြီး၊ ဘရိတ်ဆီတွေရဲ့ ရေဆူမှတ်က DOT 3 မှာဆို 205° C (401° F) ရှိပြီး DOT 4 မှာဆိုရင်တော့ 230° C (446° F) လောက်ထိရှိပါတယ်။ ဘရိတ်ဆီတွေဟာ ဒီလိုရေဆူမှတ်မြင့်မှလည်း ဘရိတ်ဖမ်းလိုက်တဲ့အခါ တစ်ခုနဲ့ တစ်ခုပွတ်တိုက်ပြီး အပူချိန်မြင့်တက်လာမယ့် Brake Drum တွေ၊ Brake Shoe တွေနဲ့ အတူတွဲဖက်အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


Corrosion (သံချေးတက် ပွန်းစားမှု) သက်သာစေရပါမယ်။ ဘရိတ်စနစ်မှာ ဘရိတ်ဆီနဲ့ အမြဲထိစပ်နေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Brake Piston တွေ၊ Master Cylinder တွေ၊ ABS Control Valve တွေကို သံချေးတက်ပွန်းစားမှု မဖြစ်စေဖို့လည်းလိုအပ်ပါတယ်။ နောက်ပြီး သံချေးတက် ပွန်းစားမှုတွေကိုဖြစ်စေမယ့် Moisture ဆိုတဲ့ ရေခိုးရေငွေ့တွေ ဒီဘရိတ်စနစ်ထဲ အမြောက်အများ တိုက်ရိုက် ဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ရပါမယ်။


Compressibility (ဖိသိပ်ခံနိုင်မှု) တည်ငြိမ်ရပါမယ်။ အပူချိန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ဘရိတ်ဆီတွေရဲ့ဖိသိပ်ခံနိုင်မှုက တည်ငြိမ်ရပါမယ်။ ဒါမှ ဘယ်လိုအခြေအနေမှာမဆို ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ် Pedal ရဲ့အနေအထားတည်တည်ငြိမ်ငြိမ်ရှိမှာဖြစ်ပါတယ်။

ဒီအချက်တွေက ဘရိတ်ဆီတွေမှာရှိရမယ့်ဂုဏ်သတ္တိတွေဖြစ်ပြီး DOT 4 အဆင့် ဘရိတ်ဆီက DOT 3 ထက် အပူချိန်ခံနိုင်ရည်ရယ်၊ ဖိအားဒဏ်ခံနိုင်ရည်တွေ ပိုများပါတယ်။ ဒါကြောင့်နောက်ပိုင်းကားတွေမှာ DOT 4 Grade တွေကို သုံးစွဲလာကြတာပါ။


ဒီ DOT 3 နဲ့ 4 Grade ဘရိတ်ဆီတွေရဲ့ အားနည်းချက်တစ်ခုက ပတ်ဝန်းကျင်ထဲမှာရှိတဲ့လေထုထဲက ရေခိုးရေငွေ့တွေက ဘရိတ်ဆီထဲကိုတဖြည်းဖြည်း ရောနှောဝင်ရောက်လာတာပါ။ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ တွေပါဝင်လာပြီး ဘရိတ်ဆီတွေ ညစ်ပတ်လာကာ ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကျဆင်းလာတတ်ပါတယ်။ ဘရိတ်ဆီတွေရဲ့ လေထုထဲကရေစုပ်ယူမှုပမာဏက တစ်နှစ်ကို ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျနော်တို့ ဘရိတ်ဆီအဖုံးကိုဖွင့်တဲ့အချိန်၊ ဒါမှမဟုတ်ဘရိတ်ဆီအဖုံးမှာပါတဲ့ Seal လေးတွေမလုံတဲ့အချိန်တွေမှာ ပတ်ဝန်းကျင်လေထုကို ဘရိတ်ဆီက စုပ်ယူပါတယ်။  ဒါကြောင့်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကားတွေကို Km (32,000) ဒါမှမဟုတ် နှစ်နှစ်အကြာ မောင်းနှင်ပြီးတိုင်း ဘရိတ်ဆီတွေကို စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်လို့ အကြံပြုပေးထားကြတာဖြစ်ပါတယ်။


ဘယ်အချိန်မှာ ကျနော်တို့ ဘရိတ်ဆီတွေကို လဲသင့်သလဲ?

ABS မီးတွေ၊ Parking Brake (Hand Brake) မီးတွေလင်းလာတဲ့အခါ၊ ကျနော်တို့ကားတွေမှာအသုံးပြုနေတဲ့ ဘရိတ်ဆီတွေ ညစ်နွမ်းလာတဲ့အခါ၊ ရေပါဝင်မှု နှုန်းများလာတဲ့အခါ ဒီဘရိတ်ဆီတွေနဲ့ တွဲဖက်အလုပ်လုပ်နေတဲ့ ABS Motor တွေ၊ Accumulator တွေ Solenoid Valve တွေ ချို့ယွင်းလာတတ်ပါတယ်။ အဖြစ်များတာကတော့ Pressure မတောင့်နိုင်တာ၊ ABS System Malfunction ဖြစ်တာအစရှိတဲ့ Error တွေတက်လာတတ်ပါတယ်။ ဒီလိုဖြစ်လာနိုင်တာမို့ ဘရိတ်ဆီ မလဲတာကြာလို့  ABS မီးတွေ၊ Parking Brake မီးတွေလင်းလာတယ်ဆိုရင် ဘရိတ်ဆီလဲသင့်ပါတယ်။ တချို့ကားတွေမှာဆိုရင် ABS Accumulator ပြဿနာတက်လာတဲ့အခါ ဘရိတ်ဆီလဲပြီးစမ်းသုံးကြည့်ရင်း ကောင်းသွားတာတွေတောင်ရှိပါတယ်။

ဘရိတ်ပုံမှန် မဟုတ်တဲ့အခါ


ဘရိတ်ဖမ်းလိုက်တဲ့အခါ၊ ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်ခြေနင်းက ပုံမှန်မဟုတ်ဘဲ မာနေတာ၊ ဒါမှမဟုတ် ပျော့ကျသွားတာ၊ ရှောသွားတာမျိုးဆိုရင် ဘရိတ်ဆီအခြေနေကို စစ်ဆေးပြီး၊ ဘရိတ်ဆီ မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်သင့်ပါတယ်။ အပြင်ကားလောကမှာ အဖြစ်များဆုံး ရောဂါလက္ခဏာတွေပါ။

ဘရိတ်ဆုံကနေ အသံထွက်လာတဲ့အခါ


အခုနောက်ပိုင်း ABS စနစ်နဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဘရိတ်ဆုံတွေမှာ ဘရိတ်ဆီမကောင်းတဲ့အခါ၊ ဘရိတ်ဆီညစ်သွားတဲ့အခါ ဘရိတ်ဆုံကနေအသံထွက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဘရိတ်နင်းလိုက်တိုင်း ဘရိတ်ဆုံကနေအသံထွက်လာတာ ဒါမှမဟုတ် ဘရိတ်ဆုံကနေ မော်တာမောင်းသလို အသံတွေထွက် လာတာဆိုရင်တော့ ဘရိတ်ဆီကိုစစ်ဆေးပြီး ဘရိတ်ဆီမကောင်းဘူးဆိုရင် လဲလှယ်ပေးရမှာဖြစ်ပါတယ်။

ဘရိတ်ဆီ အရောင်ညစ်လာတဲ့အခါ


ဒါကတော့ သိသာထင်ရှားတဲ့အရာပါ၊ ကားမောင်းတဲ့သူ တော်တော်များများလည်း ဘရိတ်ဆီအဖုံးဖွင့်ပြီး ဘရိတ်ဆီကောင်းမကောင်း ကြည့်တတ်ကြပါတယ်။ ဘရိတ်ဆီရဲ့ ပုံမှန်အရောင်က အကြည်ရောင်လေးပါ။ ဘရိတ်ဆီအဖုံးကိုဖွင့်စစ်ဆေးကြည့်တဲ့အခါ ဘရိတ်ဆီအရောင်ပြောင်းနေတာ၊ အရမ်းပြစ်သွားတာမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ ဘရိတ်ဆီကို အမြန်ဆုံးလဲလှယ်ပေးရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဘရိတ်ဆီအရောင်ပုံမှန်ဖြစ်နေတယ်ဆိုရင်တောင်မှ ဘရိတ်ဆီရဲ့ Power အပြည့်ရှိ/မရှိ မသေချာနိုင်ပေမယ့် ဘရိတ်ဆီတွေ လုံးဝညစ်နေပြီဆိုရင်တော့ ဘရိတ်ဆီမှာ ရှိရမယ့် ဂုဏ်သတ္တိတွေ လုံးဝမရှိတော့တာသေချာနေလို့ပဲဖြစ်ပါတယ်။

ဘရိတ်ကပ်ပြီး ညှော်နံ့ထွက်တဲ့အခါ


ကျနော်ကိုယ်တိုင် ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။ ဘရိတ်ဆီမသန့်တာ ထည့်လိုက်မိလို့ လမ်းမှာ ဘရိတ်ဆုံတွေက ဘရိတ်မပြန်ဘဲ ဘရိတ်ရှုးတွေကပ်နေလို့ ညှော်နံ့တွေထွက်တာ ကြုံဖူးပါတယ်။ ဘရိတ်ဆီတွေ အကုန်ဖောက်ထုတ်၊ ဘရိတ်ဝါရှာတွေ ဖြုတ်လဲ၊ ဘရိတ် Piston တွေဆေးကျော၊ ဘရိတ်ဆီတွေပါ အကုန်အသစ်လဲလှယ်ပေးလိုက်မှ အားလုံးအိုကေသွားပါတယ်။

ဒီအချက်တွေက ဘရိတ်ဆီနဲ့ပတ်သတ်ပြီး အဖြစ်များဆုံး ရောဂါလက္ခဏာအခြေနေတွေပါ။ ဒါတွေမိတ်ဆွေတို့ ကားတွေမှာဖြစ်လာတယ်ဆိုရင်တော့ Brake Fluid Tester တွေနဲ့အမြန်ဆုံးစစ်ဆေးပြီး မကောင်းဘူးဆိုရင် လဲလှယ်ရမှာပါ။ မလဲလှယ်ဘဲ အသုံးပြုနေမယ်ဆိုရင်တော့ ဘရိတ်ဆီတွေထဲ ရေခိုးရေငွေ့ပါဝင်မှုများလာပြီး ဘရိတ်ဆီရဲ့ဂုဏ်သတ္တိတွေကျဆင်းလာကာ ဘရိတ်နင်း လိုက်တဲ့အခါ ဘရိတ်ပျော့ဆင်းသွားတာ၊ ဘရိတ်ရှောသွားတာ၊ ဘရိတ်မာပြီး မမိတာ၊ ဘရိတ်နင်းလိုက်တဲ့အချိန် အသံထွက်တာ၊ ဘရိတ် Piston တွေ ဂျမ်းဖြစ်တာ၊ သံကြေးတက်တာ၊ ဘရိတ်ဖမ်းလိုက်တဲ့ အချိန်ညှော်နံ့ထွက်တာ၊ Master Cylinder တွေ၊ ABS Accumulator တွေအစရှိတဲ့ ဘရိတ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပျက်စီးပြီး ဘရိတ်ပြဿနာတွေကြုံတွေလာရမှာဖြစ်ပါတယ်။ ဘရိတ်ပြဿနာဆိုတာ တကယ်တော့ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ရှိစေတဲ့ ပြဿနာပါပဲ။ ယနေ့ကားဘရိတ်စနစ်တွေဟာလည်း ခေတ်မီဘရိတ်စနစ်တွေဖြစ်တာမို့ ဘရိတ်ဆီလဲလှယ်တဲ့နေရာမှာလည်း ဟိုးအရင်ခေတ်ဟောင်းနည်းတွေနဲ့ မတူဘဲ ဘရိတ်စနစ်ထဲမှာ လေခိုတာ၊ လေကျန်တာမျိုးမဖြစ်ရလေအောင် ခေတ်မီ Diagnostic စက်တွေ နဲ့ Air Bleeding လုပ်တာ၊ ဘရိတ်ဆီ သီးသန့်လဲလှယ်တဲ့ စက်တွေနဲ့ သေသေချာချာစနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။


ဒါကြောင့် ကားကျန်းမာရေးစစ်ဆေးတိုင်းကပ်ကျော်သွားတတ်တဲ့ မိတ်ဆွေတို့ရဲ့ယာဉ်နဲ့ ယာဉ်မောင်း သူတွေ လုံခြုံစိတ်ချရမှုရဲ့ အရေးကြီးဆုံး၊  အရေးပါဆုံး ဘရိတ်စနစ်ရဲ့ ဘရိတ်ဆီတွေကို အမြန်ဆုံးစစ်ဆေးပြုပြင်လဲလှယ်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာ။

Author