တရုတ်တို့ သိမ်းပိုက်ထားလိုက်တဲ့ ဥရောပရဲ့ ကမ္ဘာကျော် မော်တော်ယာဉ်ဆိုင်ရာအမှတ်တံဆိပ်တွေ

0

Full article

ထိပ်တန်းတရုတ်ကားအမှတ်တံဆိပ် ဘယ်နှစ်ခုလောက်သိသလဲဗျ။ China whisper ရဲ့အဆိုအရဆိုရင် Chery (Gold AYA အဖြစ် မြန်မာနိုင်ငံတွင်ပူးပေါင်းလုပ်ဆောင်လျက်ရှိ)  ၊ Geely ၊ Dongfeng Motor ၊ Foton Motor ၊ BYD Auto ၊ Brilliance Auto ၊ Tianma Auto ၊ JAC Motors ၊ Great Wall Motors ၊ Zhonghua Car စတာတွေဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းကားအမှတ်တံဆိပ်တွေဖြစ်ကြပါသတဲ့။ မြန်မာနိုင်ငံမှာတော့ BAICGACSoueastLifan စတဲ့ကားတွေအပြင် Foton Motor ကပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်းမှာ အစုရှယ်ယာ ၆၇%​ကို Changsheng Xingye (Xiamen) ထံကိုပြန်ရောင်းခဲ့တဲ့ ဂျာမနီအမှတ်တံဆိပ် Borgward စတာတွေဟာ ဝယ်လိုအားမြင့်မားနေတဲ့ကားတွေဖြစ်ကြတယ်။ ကြားဖြတ်ပြောရရင် Foton Motor ဟာ BAIC Group ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုပါ။ Borgward လိုမျိုး ဥရောပရဲ့ (တစ်ချိန်ကဖြစ်ဖြစ်) အထင်ကရ အမှတ်တံဆိပ်တွေကိုလည်း တရုတ်မော်တော်ယာဉ်ကုမ္ပဏီတွေဟာ ရရင် ရသလိုဝယ်ယူနေတာ တော်တော်လေးကိုများပြားနေပါပြီ။ အဲဒီအထဲကမှ အကျော်ကြားဆုံး အမှတ်တံဆိပ် ငါးခုလောက်ကို ရွေးထုတ်တင်ပြပါရစေ။

Volvo

Volvo ဟာမူလကတော့ ဆွီဒင်ကုမ္ပဏီပါ။ နောက်ပိုင်း Ford ရဲ့ဝယ်ခြင်းခံရတယ်။ ၂၀၁၀ မှာတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ Geely ကို Ford ကပြန်ရောင်းလိုက်ပါတယ်။

Geely ဟာ ကမ္ဘာကျော်အမှတ်တံဆိပ်ကို သေသေချာချာ အစီစဉ်ချ စီမံခန့်ခွဲခဲ့ပြီး ဆွီဒင်မှာပဲ ထုတ်လုပ်မှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့တယ်။ ဘယ်ဂျီယံနဲ့ မလေးရှားမှာလည်း (ဟုတ်ပါတယ်၊ အချက်အလက်အရဆိုရင် ၁၉၆၇ ခုနှစ်ကတည်းကပါ) ဆက်လက်ထုတ်လုပ်ဆဲပါပဲ။ နောက်ပိုင်းမှာတော့ တရုတ်၊ အိန္ဒိယနဲ့ အမေရိကတို့မှာ မော်တော်ယာဉ်ထုတ်လုပ်မှုတွေကို ထပ်မံတိုးချဲ့ ထုတ်လုပ်ခဲ့ပါတယ်။

MG

အောင်မြင်မှုတွေရဲ့နောက်မှာ ကျရှုံးခန်းတွေကလည်း စောင့်ကြိုနေတတ်တာ သဘာဝပါ။ MG ရဲ့ အောင်မြင်ခြင်းရက်စွဲတွေကုန်ဆုံးချိန်မှာတော့ ရေနစ်သူအတွက် အသက်ကယ်ကွင်းက BMW ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ BMW က Rover Group ကိုဝယ်ယူခဲ့တာပါ။

၂၀၀၅ ခုနှစ်မှာတော့ Rover ဆိုတဲ့နာမည်ကိုလိုချင်တဲ့ Nanjing Automobile Group ကဆက်လက်ဝယ်ယူခဲ့ပေမဲ့ Rover ကိုမရဘဲ MG ကိုပဲရရှိခဲ့ပါတယ်။ Rover ဆိုတဲ့အမည်ကို Ford က Land Rover ကို အကာအကွယ်ပေးဖို့ဝယ်ယူခဲ့လို့ပါ။ အဲဒီတုန်းကသာပိုင်တာပါ။ နောက်ပိုင်းမှာတော့ Land Rover ဟာ အိန္ဒိယရဲ့ giant ကြီး Tata ကပိုင်ဆိုင်သွားခဲ့ပါတယ်။

အခု MG ရဲ့ပိုင်ရှင်ကတော့ တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ SAIC Motor ပဲဖြစ်ပါတယ်။

LDV

မူလပထမကတော့ Leyland DAF Vans ပေါ့။ ဗြိတိန်တို့ရဲ့ ဘာမင်ဂမ်အခြေစိုက် နာမည်ကျော် Van ကားတွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့ တရုတ်တို့ရဲ့ SAIC အပိုင်ဖြစ်သွားပါပြီ။

SAIC ဟာ LDV ကိုဝယ်ယူလိုက်ပြီးနောက် ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှာ ပြည်လည်စတင်ခဲ့တယ်။ တရုတ်ပြည်တွင်းမှာတော့ (LDV ရဲ့ model အမည်တစ်ခုဖြစ်ခဲ့တဲ့) Maxus အမှတ်တံဆိပ်အောက်ကနေ ထုတ်လုပ်ရောင်းချခဲ့ပြီး နိုင်ငံတကာကိုတော့ LDV အဖြစ်နဲ့တင်ပို့ရောင်းချခဲ့ကြတာပါ။

Lotus

ဟုတ်ပါတယ်။ Lotus ကို တရုတ်တွေပိုင်သွားပါပြီ။

ပိုပြီးတိတိကျကျဆိုရရင်ဖြင့် Lotus ရဲ့ ၅၁ ရာခိုင်နှုန်းကို Geely က ၂၀၁၇ ခုနှစ်မှာ ပိုင်ဆိုင်သွားခဲ့တာပါ။ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းကိုတော့ မလေးရှားက Etika Automotive ကပိုင်ဆိုင်ပါတယ်။

အဲဒီမတိုင်ခင်ကဆိုရင် မလေးရှားရဲ့နာမည်ကျော် Proton ထုတ်လုပ်ရေးရဲ့ မိခင်ကုမ္ပဏီ DRB-HICOM က ပိုင်ဆိုင်ခဲ့ပါသေးတယ်။ (PROTN Holding ကိုလည်း DRB-HICOM က ၅၀.၁% နဲ့ Geely က ၄၉.၉% ပိုင်ဆိုင်တာပါ။) အဲဒီမတိုင်ခင်က အီတလီသား Romano Artioli က Bugatti ကိုရိုက်ချိုးဖို့ဆိုပြီး Lotus ကို GM (General Motors) ထံကဝယ်ယူခဲ့ဖူးပါတယ်။

Geely ဟာ Lotus ကုမ္ပဏီရဲ့ အင်ဂျင်နီယာပိုင်းကိုလည်း ပိုင်ဆိုင်ထားပြီး ယူကေ၊ အမေရိကနဲ့ မလေးရှားတို့မှာ ဌာနတွေဖွင့်လှစ်ထားရှိပါတယ်။

Pirelli

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဘောလုံးဝါသနာအိုးတွေတော့ မှတ်မိကြမှာပါ။​ အီတလီက နာမည်ကျော် Inter Milan အသင်းရဲ့ ရင်ဘက်မှာ ကာလကြာရှည်ရှိနေခဲ့တဲ့ တာယာအမှတ်တံဆိပ်ပါ။ Pirelli ဟာ ကမ္ဘာ့အကောင်းဆုံး တာယာတွေထဲကတစ်ခုဖြစ်ပြီး ဥရောပတလွှား ဂန္ထဝင်အမှတ်တံဆိပ်တစ်ခု လည်းဖြစ်ပါတယ်။ အခုအချိန်မှာ Pirelli ရဲ့ အဓိကရှယ်ယာအစုဖြစ်တဲ့ ၄၅.၅% ကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ChemChina ကပိုင်ဆိုင်သွားပါပြီ။

ChemChina က အဲဒီရှယ်ယာပမာဏကို ၂၀၁၅ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး ပေးလိုက်ရတဲ့ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၄၇ ဘီလီယီယံဝန်းကျင်နဲ့ဖြစ်ပါတယ်။

Ref: Five European automotive brands now owned by Chinese companies by Damien O'Carroll

စိုင်းဆိုင်(ရန်ကုန်)

Author