သင့်ကားအင်ဂျင်ကို ပျက်စီးစေနိုင်သော heat တက်ခြင်းအကြောင်းအရင်းများ

0

Full article

ကားအင်ဂျင် heat တက်ရခြင်းရဲ့အကြောင်းရင်း များစွာရှိပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းရင်းတွေက heat တက်ပြီး ဝပ်ရှော့ရောက်လာတဲ့ ကားတော်တော်များများထဲက အများဆုံးဖြစ်တတ်တဲ့ heat တက်ရခြင်း အကြောင်းအရင်းတွေပါ။

အင်ဂျင် ဘာကြောင့် heat တက်ရသလဲဆိုရင် အခြေခံအားဖြင့် အင်ဂျင်ကိုအအေးပေးတဲ့စနစ် cooling system တစ်ခုခုချို့ယွင်းသွားလို့ပါ။ အဲဒီအကြောင်းအရင်းတွေကတော့

၁။ ရေတိုင်ကီထဲ ရေမရှိခြင်း

ရေတိုင်ကီ (radiator ) ထဲမှာ ရေ ဒါမှမဟုတ် coolant ဆေးရည်နည်းသွားခြင်း၊ မရှိခြင်း။ (မြန်မာနိုင်ငံကကားတော်တော်များများမှာတော့ coolant ဆိုတဲ့ ဆေးရည်မသုံးဘဲ ရိုးရိုးရေတွေပဲ သုံးစွဲတာများတာတွေ့ရပါတယ်)။
တစ်လောလေးကပဲ ကားတစ်စီးထိုးရပ်သွားပြီး နှိုးမရလို့ ရုံကိုလာခေါ်လို့ သွားကြည့်တော့ ရေတိုင်ကီထဲရေမရှိပါဘူး။ Heat တက်ပြီးထိုးရပ်သွားတာပါ။
ရေတိုင်ကီထဲရေတွေ ကုန်သွားတာ၊ ခမ်းသွားတာကတော့ head gasket ပျက်တာ၊ water pump seals တွေ မကောင်းတာ၊ ပိုက်ပေါက်တာ၊ ရေတိုင်ကီပေါက်တာ၊ ရေတိုင်ကီ အပေါ် tank ကွဲတာ တွေကြောင့် ဖြစ်နိုင်ပါတယ်။ 
ကားအင်ဂျင် heat တက်တာကို dashboard ပေါ်က temperature warning sign ကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ကားက ပုံမှန်ထက်ပိုပြီး heat တက်နေတယ် ယူဆရင်
 ကိုယ့်ကားရဲ့ ရေတိုင်ကီ ရေရှိ/မရှိ ပုံမှန်စစ်ဆေးပါ၊ ရေဖြည့်ပါ၊ ကားအောက်ကိုငုံ့ကြည့်ပြီး ရေယိုနေတာရှိ/မရှိ၊ ညပိုင်းကားရပ်ထားပြီး မနက်ပြန်ထွက်ရင် ကားရပ်ထားတဲ့နေရာမှာ ရေ (ဝါ) အခြား ယိုစိမ့်မှုတွေရှိ/မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

၂။ ရေတိုင်ကီထဲ ကြေးပိတ်ဆို့တာ

ရေတိုင်ကီကြေးပိတ်လို့ အင်ဂျင် heat တက်ကလည်း တော်တော်လေးအဖြစ်များပါတယ်။ မိုင် ၅ဝ,ဝဝဝ မောင်းနှင်ပြီးတဲ့ ကားတိုင်းရဲ့ ရေတိုင်ကီထဲမှာ ကြေးတွေ၊ အညစ်အကြေးတွေ၊ သံချေးတွေ နဲ့အခြားဖုန်နဲ့ ပိတ်ဆို့စေတတ်တဲ့ အရာတွေတော်တော်များနေလို့ ရေတိုင်ကီဆေးကြောသင့်ပါကြောင်း အကြံပြုချင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရေတိုင်ကီဖြုတ်ဆေးပေးရင်တော့ သင့်ကားရေတိုင်ကီပိတ်ဆို့မှုတွေကနေ ကင်းဝေးပြီး အင်ဂျင် heat တက်ခြင်းကို ကာကွယ်နိုင်မှာပါ။
ရေတိုင်ကီကို ပိတ်ဆို့စေတာကတော့ coolant ဆိုတဲ့ ဆေးရည်အစား ရိုးရိုးရေထည့်သုံးတာ၊ ရိုးရိုးရေနဲ့ coolant ရောသုံးတာတွေကြောင့်ဖြစ်တတ်ပါတယ်။

၃။ ရေတိုင်ကီ အဖုံးမကောင်းတာ (pressure cap)

အကြောင်းအမျိုးမျိုးကြောင့် ရေတိုင်ကီအဖုံး မကောင်းတာကလည်း အင်ဂျင် heat တက်ခြင်းကိုဖြစ်စေနိုင်ပါတယ်၊ ရေတိုင်ကီအဖုံးရဲ့ အဓိကလုပ်ဆောင်ချက်က ရေတိုင်ကီထဲက ရေတွေကို pressure ဖိအားတစ်ခုရအောင် လုပ်ပေးထားပြီး
 အင်ဂျင်အပူကို သယ်ဆောင်ပူနွေးစေပါတယ်။ အဲဒီနောက် အပူနဲ့ဖိအား သတ်မှတ်နှုန်းထက်ပိုလာတဲ့ ရေတွေကို ရေပြန်ဘူးလို့ခေါ်တဲ့ (expansion reservoir) ထဲကိုရောက်အောင်လုပ်ပေးပြီး ဖိအားနဲ့အပူချိန်ကိုလျော့ကျစေပါတယ်။
ဖိအားနဲ့အပူချိန်လျော့သွားတဲ့ ရေတွေကို တဖန် ရေတိုင်ကီထဲပြန်ဝင်စေခြင်းဖြင့် အအေးပေးစနစ်လည်ပတ်အောင် ကူညီပေးတယ်လို့ အလွယ်မှတ်ယူနိုင်ပါတယ်။
ရေတိုင်ကီအဖုံးမကောင်းခြင်းကြောင့် head gasket အထိပျက်စီးပြီး အင်ဂျင် heat တက်ခြင်းဖြစ်နိုင်ပါတယ်၊ ရေတိုင်ကီအဖုံးမကောင်းလို့ လဲလိုက်ပေမယ့် heat ဆက်တက်နေသေးတယ်ဆိုရင် ရေတိုင်ကီအဖုံးဖွင့်ကြည့်လိုက်လို့ ရေတိုင်ကီထဲမှာ ပူစီပေါင်းလေးတွေထွက်နေတာ၊ ရေပြန်ဘူးထဲမှာအမြှပ်ထနေတာမျိုး တွေ့တယ်ဆိုရင် အဲ့ဒါ heat gasket ပျက်နေတဲ့ လက္ခဏာလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ် ။ (အင်ဂျင်ပူနေတဲ့အချိန် ရေတိုင်ကီ အဖုံးကို လုံးဝ
မဖွင့်ပါနဲ့ခင်ဗျာ၊ ရေပူတွေ ပန်းထွက်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်)

၄။ သာမိုစတတ် (thermostat) မကောင်းတာ

အင်ဂျင် heat တက်ရတဲ့ အကြောင်းရင်းနောက်တစ်ခုကတော့ သာမိုစတတ် မကောင်းခြင်းကြောင့်ဖြစ်ပါတယ်၊ သာမိုစတတ်က အင်ဂျင်ကို normal operation temperature (မပူလွန်း၊ မအေးလွန်း) ဖြစ်အေအာင်ထိန်းချုပ်ပေးတဲ့ လုပ်ငန်းလုပ်ဆောင်ပါတယ်။ ကားလမ်းမပေါ်မှာ မော်တော်ပီကယ်က ကားလမ်းမကြပ်အောင် ဘယ်ဘက်ကလမ်းကို ဖွင့်ပေးမယ်၊ ညာဘက်ကလမ်းကို ခဏပိတ်ထားမယ် ဆိုတဲ့ လုပ်ဆောင်ချက်မျိုးပါပဲ။ သာမိုစတတ် အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းပြီး အဖွင့်အပိတ်ကောင်းကောင်းအလုပ်မလုပ်ဘူး၊ လုပ်ပေမယ့် နှေးကွေးနေမယ်၊ သတ်မှတ်အပူချိန်ရောက်နေတာတောင် မဖွင့်ပေးဘူး၊ မပိတ်ပေးဘူးဆိုရင် အင်ဂျင်က ပူလွန်းတာမျိုး (သို့မဟုတ်) အေးလွန်းသွားတာမျိုးတွေဖြစ်နိုင်ပါတယ် ။
သာမိုစတတ် ပျက်စီးရခြင်းကတော့ ရေတိုင်ကီကနေလာတဲ့ ရေလိုင်းထဲမှာ ကြေးတွေ၊ အညစ်အကြေးတွေ ပိတ်ဆို့မှုက သာမိုစတတ်ရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်ပြီး ပျက်စီးစေတတ်လို့ပါပဲ။

၅။ ပန်ကာမကောင်းတာ

ဒါကတော့ မြင်သာထင်သာရှိတဲ့ heat တက်ခြင်း ပြဿနာတစ်ခုပါ။ အင်ဂျင်ကနေ အပူတွေကို ရေတိုင်ကီထဲက ရေတွေက စုပ်ယူလာပြီးတဲ့နောက် ပူနေတဲ့ ရေတိုင်ကီကိုလည်း ပြန်လည်အအေးခံဖို့ အအေးပေးတဲ့စနစ်လိုပါတယ်။ 
အထူးသဖြင့် ပန်ကာက အအေးပေးတဲ့စနစ်နဲ့ ရေတိုင်ကီကို ပြန်အေးပေးပါတယ်။ အဲဒါကြောင့် ပန်ကာမကောင်းရင် ရေတိုင်ကီကိုပြန်လည်အအေးမပေးနိုင်တာကြောင့် အင်ဂျင် heat တက်စေပြန်ပါတယ်။
ပန်ကာမကောင်းတာကတော့ fuses ၊ sensors ၊ switches ၊ relays ၊ wiring တွေချို့ယွင်းတာကြောင့်ဖြစ်တတ်ပါတယ်။ ပန်ကာအတွင်းပိုင်းက ကာဗွန်တွေကုန်သွားလို့လည်း ပန်ကာမလည်တာမျိုးဖြစ်တတ်ပါတယ် ။

၆။ ရေလည်အုံ (water pump) မကောင်းတာ

ရေလည်အုံက အင်ဂျင်အအေးပေးစနစ်အတွက် coolant တွေကို အင်ဂျင်ထဲကို မောင်းသွင်းပေးရတာမလို့ ရေလည်အုံမကောင်းရင် အအေးပေးစနစ်တစ်ခုလုံး ပျက်စီးသွားပြီး ချက်ခြင်း heat တက်လာမှာပါ။ ကားအင်ဂျင် heat တက်တာက အနည်းဆုံးကားစက်ထိုးရပ်နိုင်ပြီး အင်ဂျင်တစ်ခုလုံး ပျက်စီးစေသည်အထိ ထိခိုက်နိုင်သလို၊ အဆိုးရွားဆုံး ကား မီးလောင်မှုလည်းဖြစ်ပွားစေတတ်ပါတယ်။

အထက်ပါအကြောင်းအရာတွေကို သိထားမယ်ဆိုရင် သင့်ကား heat မတက်အောင် ကာကွယ်နိုင်သလို heat တက်လာရင်လည်း ဘာကြောင့်ဆိုတာသိပြီး အပျက်အစီးမများခင် ပြုပြင်ထိန်းသိမ်းသွားနိုင်မှာပါ။

အင်ဂျင် heat တက်ပြီး ကားထိုးရပ်သွားတယ်ဆိုရင်တော့

(၁)ကားစက်ကို အတင်းမနှိုးပါနဲ့။

(၂)
 အဲကွန်းဖွင့်ထားတယ်ဆို ပိတ်လိုက်ပါ။

(၃) စက်ဖုံးကိုလှပ်ပြီး အင်ဂျင်ကို အအေးခံပါ။

(၄) ရေတိုင်ကီအဖုံးကို ပူနေတဲ့ချိန် လုံးဝ(လုံးဝ) သွားမဖွင့်ပါနဲ့။ အေးတဲ့အချိန်ထိစောင့်ပါ။

(၅) ရေတိုင်ကီမှာ ရေလျော့နေရင်ဖြည့်ပါ။

(၆)
 ကားမှာ ရေတွေယိုနေသလား၊ ပိုက်တွေပေါက်နေလား၊ ကွဲနေလား စစ်ပါ။

(၇)
 အင်ဂျင် အရမ်းပူနေချိန် ရေအေးတွေနဲ့ လောင်းတာ၊ ရေအေးတွေ ရေတိုင်ကီထဲ အတင်းဖြည့်တာမျိုးရှောင်ကြဉ်ပါ။

(၈) ကျွမ်းကျင်တဲ့စက်ပြင်ဆရာခေါ်ပြီး စစ်ဆေးပါလို့ အကြံပြုတင်ပြလိုက်ရပါတယ်။

စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေခင်ဗျာ။

Lynn Za Nee (P.T.U)

Author