Volkswagen Golf ရဲ့အဋ္ဌမမြောက်မျိုးဆက်သစ်မှာ ဘာတွေအသစ်ဖြစ်မှာလဲ?

0

Full article

ဂျာမနီအခြေစိုက် Volkswagen ကုမ္ပဏီရဲ့နာမည်ကျော်ထုတ်ကုန်တစ်ခုဖြစ်တဲ့ Volkswagen Golf မော်ဒယ်ဟာ လက်ရှိအချိန်မှာတော့ အဋ္ဌမမြောက်မျိုးဆက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မိသားစုသုံး Hatchback တစ်စီးဖြစ်တဲ့ Volkswagen ဟာ ဥရောပနဲ့အာရှစျေးကွက် ၂ ခုစလုံးမှာ အောင်မြင်မှုရရှိထားပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ အဋ္ဌမမြောက်မျိုးဆက် VW Golf အသစ်ကတော့ ၂၀၂၀ ခုနှစ်မော်ဒယ်အဖြစ် ထွက်ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့လပိုင်းက ထွက်ရှိခဲ့တဲ့ Volkswagen Golf မျိုးဆက်သစ်ဟာ နည်းပညာပိုင်းအရ  အရင်မော်ဒယ်ဟောင်းတွေနဲ့ သိသိသာသာကွဲပြားတိုးတက်ခဲ့သလို ကိုယ်ထည်ဒီဇိုင်းအရလည်း ပိုပြီး ကျစ်လစ်လှပလာခဲ့ပါတယ်။ အသစ်ထွက်ရှိလာခဲ့တဲ့ VW Golf မျိုးဆက်သစ်နဲ့ပတ်သက်ပြီး Top Gear ၀က်ဘ်ဆိုက်က စိတ်၀င်စားဖို့ကောင်းတဲ့ အချက် ၈ ချက်အကြောင်း အခုလို တင်ဆက်ဖော်ပြခဲ့ပါတယ်။

(၁) နည်းပညာနဲ့ အဆင့်မြင့် Infotainment စနစ်

Adaptive Cruise Control ၊ Auto High-Beam ၊ Traffic-Sign Assist ၊ Apple CarPlay လိုမျိုး ယာဉ်မောင်းအထောက်အကူပြု ပုံမှန်လိုအပ်ချက်တွေဟာ Optional ပုံစံမျိုးဖြစ်သွားပါပြီ။ ဝယ်ဝယ်ခြင်းတော့ တစ်ခါတည်းအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဝယ်ယူသူဟာ Golf ရဲ့ Infotainment မှာပါတဲ့ 'Shop' ကနေတစ်ဆင့် မိမိလိုအပ်တဲ့အရာတွေကို ရွေးချယ်ပေါင်းထည့်နိုင်တဲ့ ပုံစံမျိုးဖြစ်သွားမှာပါ။ ပြောရမယ်ဆိုရင် Smartphones တွေမှာလိုချင်တဲ့ Apps တွေ Download ဆွဲပြီးထပ်ထည့်သလိုမျိုးပေါ့။

ကားပိုင်ရှင်တွေဟာ သူတို့ရဲ့ VW ID ကနေတစ်ဆင့် ငွေကြေးတွေပေးချေရမှာဖြစ်ပါတယ်။ Software ကိုတော့ OTA (Over-The-Air) ကနေတစ်ဆင့်ပို့ဆောင်ပြီး Activate ပြုလုပ်ပေးမှာဖြစ်ပါတယ်။  Software တွေကို မဝယ်ယူဘဲ ငှားရမ်းတဲ့ပုံစံနဲ့လည်းအသုံးပြုနိုင်ဦးမှာပါ။ ဥပမာ မြို့ထဲပတ်လည်အမောင်းများတဲ့သူတစ်ယောက်ဟာ တစ်ခါတစ်လေ အဝေးပြေးလမ်းပေါ်မှာမောင်းနှင်မယ်ဆိုရင် ACC (Adaptive Cruise Control) ကို မိမိလိုအပ်တဲ့အချိန်ကာလတစ်ခုအထိ ငှားရမ်းထည့်သွင်းမောင်းနှင်တာမျိုးပေါ့။ 'Shop' ကို Data Plans တွေဝယ်ယူဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ နောက်ဆုံးထွက် Golf အားလုံးမှာက eSIM တွေ Built-in ပါပြီးသား။ လိုချင်တဲ့ဝန်ဆောင်မှုနဲ့ အခြားအရာတွေကို Subscription လုပ်ဖို့ ဒါမှမဟုတ် ပိုက်ဆံပေးဖို့သာလိုပါတော့တယ်။  

(၂) မော်ဒယ်ခွဲ (၄) မျိုး

အဋ္ဌမမြောက် VW Golf မျိုးဆက်သစ်ဟာ Drivetrain တွေ၊ ‌လောင်စာဆီစနစ်တွေ၊ အင်ဂျင်တည်ဆောက်ပုံတွေမတူတဲ့ မော်ဒယ်ခွဲ (၄) မျိုးနဲ့ ထွက်ရှိလာပါတယ်။ အဲဒါတွေကတော့ (၁) ဒီဇယ်အင်ဂျင်နဲ့ (တကယ်ကြီးနော်) GTD မော်ဒယ်၊ (၂) ရှေ့ယက်စနစ်၊ ဓါတ်ဆီအင်ဂျင်နဲ့ GTI မော်ဒယ်၊ (၃) Hybrid အင်ဂျင်နဲ့ GTE မော်ဒယ်၊ မြင်းကောင်ရေ 300 hp ထုတ်လုပ်ပေးနိုင်တဲ့ လေးဘီးယက်စနစ်နဲ့ Golf R တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ GTE မော်ဒယ်ရဲ့ Hybrid အင်ဂျင်ဟာ 1.4 Litre ဓာတ်ဆီအင်ဂျင်ကို ဘက်ထရီ၊ လျှပ်စစ်မော်တာတို့နဲ့ တွဲဖက်ထားပြီး ရှေ့ယက်စနစ်နဲ့ မောင်းနှင်မှာပဲ ဖြစ်ပါတယ်။ အရင်မျိုးဆက်တွေက Hybrid Golf တွေဟာ လျှပ်စစ်မော်တာသက်သက်နဲ့ ကီလိုမီတာ ၅၀ လောက်သာ မောင်းနှင်နိုင်ပြီး ယခု Golf အသစ်မှာတော့ ကီလို ၇၀ အထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။ လျှပ်စစ်သက်သက် e-Golf တော့မရနိုင်ပါဘူး။ ID.3 ပဲရှိပါတယ်။

(၃) ရိုးရာမပျက်ခြင်း

Hatchback ကားတော်တော်များများဟာ စျေးကွက်လိုအပ်ချက်နဲ့ ဝယ်လိုအားအရ အရွယ်အစားပိုမိုကြီးမားလာခဲ့ပြီး SUV ပုံစံတွေအဖြစ်ပြောင်းလဲလာခဲ့သလို တချို့ကလည်း လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ Volkswagen Golf ကတော့ ရိုးရာပျက်စေမယ့်သိသာထင်ရှားတဲ့အပြောင်းအလဲမျိုးမလုပ်ခဲ့ပါဘူး။ လျှပ်စစ်မော်တာတစ်ခုတည်းကို အပြည့်အ၀သုံးထားခြင်းမရှိသလို ကိုယ်ထည်ပုံစံပြောင်းလဲတာမျိုးလည်း မရှိပါဘူး။ ယခု အဋ္ဌမ‌မြောက်မျိုးဆက် MK8 သာမက န၀မမြောက်မျိုးဆက် MK9 အထိလည်း ထွက်ရှိလာလိမ့်မယ်လို့ ကားစျေးကွက်အတွင်းမှာ သုံးသပ်ထားကြပါတယ်။ ဆိုလိုတာကတော့ Volkswagen ဟာ ရိုးရာမပျက်တဲ့ လောင်စာအင်ဂျင်နဲ့ပဲ ဆယ်စုနှစ်တော်တော်ကြာတဲ့အထိ ခရီးဆက်နေဉီးမယ့်သဘောပါ။

(၄) Hybrid ရေစီးကြောင်းမှာ စီးမျောလိုက်ပါခြင်း

Volkswagen Golf ဟာ လျှပ်စစ်အင်ဂျင်စနစ်ကို လုံးလုံးလျားလျားကြီး ပြောင်းလဲခြင်းမရှိပေမဲ့လျှပ်စစ်မော်တာနဲ့ တွဲဖက်ထားတဲ့ Hybrid အင်ဂျင်စနစ်ကိုတော့ လိုက်လျောညီထွေလိုက်ပါစီးမျောခဲ့ပါတယ်။ ယခုထွက်ရှိခဲ့တဲ့ အဋ္ဌမမြောက်မျိုးဆက်မှာ 1.0 Litre ၊ 1.5 Litre ဓာတ်ဆီအင်ဂျင် တွေနဲ့တွဲဖက်ပြီး ညက်ညောတဲ့ Hybrid စနစ်တွေ တည်ဆောက်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ 2.0 Litre ဒီဇယ်အင်ဂျင်ကိုတော့ လျှပ်စစ်မော်တာမပါ၀င်ဘဲ သီးသန့်ဖန်တီးခဲ့ပါတယ်။ Volkswagen ရဲ့ရည်ရွယ်ချက်က Hybrid စနစ်ကို ကူးပြောင်းရာမှာ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှုနဲ့ ထိရောက်တဲ့အင်ဂျင်စွမ်းဆောင်ရည်ကို တပြိုင်တည်း ဖော်ဆောင်လိုတဲ့အတွက်ပါပဲ။

(၅) C2X ဆက်သွယ်‌ရေးနည်းပညာ

အသစ်ထွက်ရှိလာတဲ့ Volkswagen Golf အသစ်ကားတိုင်းမှာ Car-to-X (C2X) လို့ခေါ်တဲ့ဆက်သွယ်ရေးနည်းပညာထည့်သွင်းပေးတာ‌ကြောင့် မီတာ ၁၀၀၀ အတွင်းမှာရှိတဲ့ တခြားမော်ဒယ်မြင့်ကားဖြစ်စေ၊ တခြား Infrastructure တစ်ခုခုကိုဖြစ်စေ ဆက်သွယ်နိုင်စွမ်းရှိပါတယ်။  ရည်ရွယ်ချက်ကတော့ လမ်းမပေါ်မှာ စက်ပျက်နေတဲ့ကားတွေ၊ ယာဉ်ကြောပိတ်ဆို့မှုနဲ့ အရေးပေါ်ယဉ်တွေကို ကြိုတင်သိရှိရှောင်ရှားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ VW ရဲ့ C2X နည်းပညာဟာ ယခင်ကလို မိုဘိုင်းဖုန်းကွန်ရက်အပေါ် မှီခိုတာမဟုတ်ဘဲ EU ရဲ့စံသတ်မှတ်ချက်နှုန်းတွေနဲ့ကိုက်ညီတဲ့သီးခြား Wi-Fi စနစ်နဲ့ အလုပ်လုပ်တာဖြစ်လို့ ပိုမိုစိတ်ချရသလို အပိုထပ်ဆောင်းကုန်ကျစရိတ်လည်း မရှိတော့ပါဘူး။ ပိုပြီး အထင်ကြီးဖို့ကောင်းတာက VW Golf ဟာ ဥရောပမှာ ဒီနည်းပညာကိုသုံးတဲ့ ပထမဆုံးကားမော်ဒယ်ပဲ ဖြစ်ပါတယ်။

(၆) Suspension Setting ၁၅ မျိုး

၂၀၂၀ မော်ဒယ်၊ အဋ္ဌမမြောက်မျိုးဆက်သစ် Volkswagen Golf ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက မောင်းနှင်ဖို့အတွက် Suspension Setting ကို ၁၅ မျိုးထိ လိုအပ်သလိုချိန်ညှိနိုင်ခြင်းပင်။ ဒါ့ကြောင့် သာမန် Sport Mode ထက် သာလွန်တဲ့မြန်နှုန်းမြင့်ခံစားမှုကို ရရှိနိုင်သလို Comfort Mode ထက် ပိုပြီး ငြိမ့်ညောင်းဇိမ်ကျတဲ့ ခံစားမှုမျိုးကိုလည်း VW Golf အသစ်က ပေးစွမ်းနိုင်ပါတယ်။

(၇) အရေးပေါ်လုံခြုံရေးနည်းပညာများ

နောက်ဆုံးထွက် VW Golf မှာ ထည့်သွင်းပေးထားတဲ့ လုံခြုံရေးစနစ်၊ လမ်းကြောင်းထိန်းစနစ်တွေဟာ မတော်တဆမှုကို ရှောင်လွှဲလို့မရတော့ဘူးဆိုရင်တောင် အနည်းဆုံးတော့ ကားအတွင်းမှာ လိုက်ပါလာသူတွေရဲ့အသက်ကိုတော့ ကယ်တင်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် အ‌‌ဝေးပြေးလမ်းမပေါ်မှာ တခြားယာဉ်တစ်စီးက မိမိလမ်းကြောင်းပေါ်ကို ကန့်လန့်ဖြတ်၀င်‌ရောက်လာတာမျိုးစတဲ့အခြေအနေမှာ VW Golf ဟာ အလိုအလျောက်တုန့်ခနဲရပ်တန့်နိုင်စွမ်းရှိသလို အချက်ပေးဟွန်းတွေနဲ့လည်း တခြားယာဉ်မောင်းတွေကို တပ်လှန့်နိုင်ပါသေးတယ်။ ဒါ့အပြင် မမြင်ရတဲ့လမ်းချိုးလမ်းကွေ့တွေ၊ လမ်းဆုံလမ်းခွတွေရောက်ရင် ကားရဲ့အမြန်နှုန်းကို အလိုအလျောက်ထိန်းညှိပေးတဲ့ GPS အခြေပြုနည်းပညာတွေလည်း ပါ၀င်ပါတယ်။ အဆိုပါနည်းပညာဟာ Mercedes S-Class နဲ့ Audi A8 တို့လို ဇိမ်ခံကားတွေမှာမှ ပါ၀င်တဲ့နည်းပညာမျိုးပါ။ "Travel Assist" လို့ခေါ်ဆိုပြီး Adaptive Cruise ကိုနောက်တစ်ဆင့် ထပ်မံမြှင့်တင်ထားခြင်းဖြစ်ကာ Tesla ရဲ့ Autopilot နဲ့အလားသဏ္ဍာန်သွားတူပါတယ်။  

(၈) အတွင်းပိုင်းနည်းပညာအရ ရှုပ်ထွေးမှုမရှိခြင်း

တချို့နောက်ဆုံးပေါ်ကားတွေမှာ ဆက်သွယ်ရေးနည်းပညာ၊ ဖျော်ဖြေရေးနည်းပညာ၊ လမ်းကြောင်းပြနည်းပညာတွေပါ၀င်တာနဲ့အမျှ အတွင်းပိုင်းမှာ ခလုပ်တွေကလည်း များလွန်းလှပါတယ်။ ဒါပေမဲ့ VW Golf ရဲ့အတွင်းပိုင်းကတော့ ပြောပလောက်အောင် ခလုပ်တွေမများပါဘူး။ စတီယာရင်ဘီးခွေပေါ်မှာ ခလုပ်တချို့ပါ၀င်သလို မှန်တံခါးအတင်အချ၊ မီးအလင်းရောင်၊ SOS အရေးပေါ်အကူအညီတောင်းခံမှု၊ နောက်ကြည့်မှန်ချိန်ညှိတာတွေအတွက်ပဲ ခလုပ်တွေတပ်ဆင်ပေးထားတပါတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ Touch ခလုပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြဖြစ်ပါတယ်။ Infotainment စနစ်မှာ လိုသလိုထိန်းချုပ်ဖို့အတွက်လည်း မျက်နှာပြင် ၁၀ လက်မရှိတဲ့ Screen တစ်ခုတပ်ဆင်ပေးထားပါတယ်။

Ref: Eight things you need to know about the new Volkswagen Golf by Tom Harrison

Author