Full article

မှန်ဒေါက်တာ – ဟေ့ ကိုဘသောင်း၊ ဘယ်တုန်းဗျ။

ကိုဘသောင်း – အခုတလော အိတ်ဇော ကျောက်ဇကာ (Catalytic Converter) ခွဲထုတ်ကြတာ ကားပိုဆွဲတယ်ကြားလို့ အိတ်ဇောဆိုင်သွားမလို့ဗျို့။ အခမဲ့ ခွဲထုတ်ပေးတဲ့အပြင် ၅ဝဝဝ တောင်ပြန်ပေးဆိုပဲ။

မှန်ဒေါက်တာ – နဲတာပေါ့ဗျ။ ကျွန်တော်စုံစမ်းတဲ့ဆိုင်က ပရိုဘောက်ဆို ၂ဝဝဝဝ၊ ဗန်နတီ ဒီဇယ်ထရပ်ကားဆို ၄ဝဝဝဝ ပေးမယ်ဆိုပဲ။ ဒါပေမယ့် ရမ်းမလုပ်နဲ့ဗျ။ ဒီကိစ္စ စိတ်ဝင်စားလို့ အင်တာနက်မှာ ရှာဖတ်ကြည့်ပြီးပြီ။ ခင်ဗျားကိုပြောပြမယ်။ ပြီးမှ ခွဲသင့်မသင့် စဉ်းစားပေါ့ဗျာ။

ကိုဘသောင်း – ပြောပြပါအုန်းဗျာ။ ခင်ဗျားဖတ်မိတာလေး။

မှန်ဒေါက်တာ – ထုတ်လုပ်တဲ့သူက တကယ်လိုအပ်လို့ အကုန်ကျခံပြီး တပ်ထားတဲ့ပစ္စည်းကို ဒီမှာလွယ်လွယ်တွေးပြီး ထုတ်ပစ်ကြတာကို ဘဝင်မကျလွန်းလို့ဗျာ။ အိတ်ဇောမှာပါတဲ့ကျောက်ဇကာဆိုတာ မြင်လွယ်အောင်ဥပမာပေးရရင် လူ့နှာခေါင်းထဲမှာရှိတဲ့ အမွှေး နဲ့ နှပ် တွေဖွဲ့စည်းတည်ဆောက်ထားပုံနဲ့ ဆင်တယ်ဗျ။ အမွှေး နဲ့ နှပ် တွေက ကျွန်တော်တို့ရှုသွင်းလိုက်တဲ့ အမှုန်အမွှားပါတဲ့လေတွေကို သန့်စင်ပေးပြီး၊ အိတ်ဇောကကျောက်ဇကာကတော့ အင်ဂျင်ကထွက်လာတဲ့ အငွေ့တွေထဲက ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့တွေကို ဓါတ်ပြုဖယ်ရှားပြီး အနံ့ဆိုးတွေကိုလဲ လျှော့ချပြီးမှ အပြင်ကိုထွက်စေတယ်ဗျ။ အိတ်ဇောမှာပါတဲ့ ကျောက်ဇကာကို ပလက်တီနန်၊ ရွှေ၊ ကြေးနီ အစရှိတဲ့ တန်ဖိုးရှိသတ္တုများနှင့်ပြုလုပ်ထားပြီး၊ အပြင်ပန်းကြည့်ရင် ပျားအုံလိုတည်ဆောက်ထားတယ်။ ကျောက်ဇကာ (Catalytic Converter) ရဲ့အဓိကအလုပ်က အင်ဂျင်ကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ် (အဆိပ်ငွေ့) ကို ကာဘွန်ဒိုင်အောက်ဆိုဒ် နဲ့ ရေ အဖြစ် ဓါတ်ပြောင်းပေးတယ်။ ကျောက်ဇကာကို ဖယ်ထုတ်လိုက်ရင် အိတ်ဇောကထွက်တဲ့အငွေ့အနံ့က သိသိသာသာဆိုးဝါးပြီး နဲနဲရှုမိတာနဲ့မအီမသာခံစားရတယ်။ ပိုရှုမိရင် လူတွေရဲ့ ဦးနှောက်၊ အာရုံကြော၊ အဆုတ်နဲ့ နှလုံးကို အဓိကထိခိုက်စေပြီး များများရှုမိရင် သေနိုင်တယ်ဗျ။ အဲဒါကြောင့် အရေးကြီးလို့ U.S.A မှာ ၁၉၇၅ ကစလို့ ကားတိုင်း မပါမနေရပစ္စည်းအဖြစ် ဥပဒေပြုပြီး တပ်ဆင်စေခဲ့တယ်။ မပါရင် ပြင်းထန်စွာအရေးယူတယ်ဗျ။

ကိုဘသောင်း – ကျွန်တော်တို့လဲ ဒီတိုင်းတော့ မထုတ်ဖြစ်ပါဘူးဗျာ။ အိတ်ဇောကပိတ်ပြီး ချက်မီးလင်းလာပြီး ကားကမဆွဲ၊ အပူချိန်ကတက်လာတော့ သူများတွေက အိတ်ဇောခွဲပြီးကျောက်ဇကာထုတ်လိုက်ရင် ငွေ လဲရ၊ ကားဆွဲအားလဲကောင်းဆိုတော့..

မှန်ဒေါက်တာ – ပြဿနာရဲ့ အရင်းမြစ်က လောင်စာဆီကြောင့်ဗျ။ ခဲဓါတ်များတဲ့ဆီ၊ အရည်အသွေးနိမ့်တဲ့ လောင်စာဆီတွေကြောင့် အပြည့်အဝမလောင်ကျွမ်းဘဲ အိတ်ဇောမှာ မီးခိုးကြပ်ခိုးမှိုင်းသွားပိတ်တာဗျ။ အရည်အသွေးစံချိန်မှီတဲ့ လောင်စာဆီသာသုံးရင် ပလပ်လဲ ခဏခဏမလဲရဘူး။ ကျောက်ဇကာလဲ မပိတ်ဘူးပေါ့ဗျာ။ အခုက ဖိနပ်မတော်လို့ ခြေထောက်ဖြတ်ပစ်ရတဲ့ ပုံစံဗျာ။ တော်တဲ့ဖိနပ် ရှာသင့်တာပေါ့။ နိုင်ငံတော်က စက်သုံးဆီ အရောင်းဆိုင်တွေကို ထိထိရောက်ရောက်ကြပ်မတ်သင့်တယ်ဗျာ။

ကိုဘသောင်း – ဒါဆို ခုလတ်တလောပိတ်နေတာကို ဘယ်လိုလုပ်ရင်ကောင်းမလဲဗျ။

မှန်ဒေါက်တာ – အသစ်ဈေးက နိုင်ငံခြားမှာတင် $100 လောက်ရှိတယ်ဗျ။ အခုဒီမှာကျတော့ ဝယ်လို့မလွယ်သေးတော့ ဖြုတ်ပြီး ဆေးရည်နဲ့ဆေးပြီး ပြန်သုံးရင် ၁ နှစ်လောက်တော့ မှေးသုံးပေါ့ဗျာ။ ဖြုတ်ရောင်းလိုက်ပြီး တော်ကြာနောက်ပိုင်း နိုင်ငံခြားမှာလို မပါမနေရ ဥပဒေပြဋ္ဌာန်းလိုက်ရင် ဂွကျနေအုန်းမယ်။

ကိုဘသောင်း – အိတ်ဇောဆိုင်တွေက ဘာလို့ ပိုက်ဆံပေးပြီး အလကားထုတ်ပေး တပ်ပေး တာလဲဗျာ။

မှန်ဒေါက်တာ – ဟေ့လူရ မှတ်ထား။ ခင်ဗျားကိုပေးတဲ့ဈေးရဲ့ ၂ဆမက ကျောက်ဇကာထဲက အဖိုးတန်သတ္တု (ပလက်တီနမ်၊ ရွှေ) တွေကို အရည်ကြိုမယ့်သူတွေကို ပြန်ရောင်းစားရလို့ပေါ့ဗျ။ သူခိုးနွားကောင်းမသိ စကားပုံလို လတ်တလောအဆင်ပြေပြီးရော ကားတိုင်းသာ ဒီလိုကျောက်ဇကာတွေ ထုတ်ပစ်ပြီး မောင်းကြရင်ဖြင့် ရန်ကုန်မြို့ထဲ ကားတွေပိတ်ချိန် ထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့တွေကို ကျွန်တော်တို့အားလုံး ပြန်ရှုကြရမှာ ရင်လေးစရာပါဗျာ။

ကိုဘသောင်း – ဒီအန္တရာယ်စက်ကွင်းက ကျွန်တော်တို့မိသားစုတွေလဲ မလွတ်ဘူးဗျ။

မှန်ဒေါက်တာ – မှန်တာပေါ့ဗျာ။ နိုင်ငံတော်အနေနဲ့လဲ အမျိုးသားရေးအတွက် အဆင့်မှီလောင်စာဆီတင်သွင်းဖို့နဲ့ ကားတင်သွင်းတဲ့ပေါ်လစီကို သုံးသပ်သင့်ပြီဗျ။ မော်ဒယ်နိမ့်တဲ့ကားတွေ၊ ကီလို ၁သိန်းအထက်အသုံးများတဲ့ကားတွေက ကျောက်ဇကာပိတ်ဖို့ပိုများလို့ တင်သွင်းမလာအောင် ကြပ်မတ်သင့်တယ်ဗျ။ ကားဟောင်းအပ်ပြီး မော်ဒယ်နိမ့်တဲ့ကားသွင်းရင် အခွန်ပိုကောက်ပြီး မော်ဒယ်မြင့်လေ အခွန်နှုန်းလျှော့လေ လုပ်ရမှာဗျ။ ဒါမှ တိုင်းပြည်နဲ့ ပြည်သူအတွက် တကယ်အကျိုးရှိမယ်။ အမျှော်အမြင်ရှိတဲ့ မူဝါဒတွေ ချမှတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။

10542688_793152977403497_3971486598181911352_o-500x250

Reference from: Mhan Doctor

Author