ကား ဘက်ထရီအားသွင်းစနစ်နှင့် ပြဿနာများ

0

Full article

ဟိုးတလောလေးက ကျနော့်ဘော်ဒါတစ်ယောက် သူ့ကားလေးနဲ့ နယ်ကို ခရီးထွက်တယ်ဗျ။ ခရီးထွက်နေတုန်း ကားရဲ့ ဒိုင်ခွက်ထဲမှာ battery ပုံစံမီးလေးလင်းလာပြီး ကားထိုးရပ်သွားတယ်။ အဲဒါနဲ့ နီးစပ်ရာ ဝပ်ရှော့တစ်ခုကို ပြတော့ alternator (အရပ်ခေါ်- ဒိုင်နမို) မကောင်းလို့ ဖြုတ်စစ်ရမယ်ပေါ့။ ဖြုတ်စစ်ပြုပြင်ပြီး ရန်ကုန်ပြန်ရောက်လာတယ်။ ကားမီးတွေက မှိန်လာလိုက်၊ လင်းလာလိုက် ဖြစ်နေလို့ ကျနော့်ဆီကို လာပြတယ်ဗျ။ ကျနော်လည်း သူ့ကားရဲ့ charging voltage (ဘက်ထရီအားသွင်းဗို့အား) ကိုတိုင်းကြည့်တော့ voltge တွေက မတည်ငြိမ်ဘဲ တက်လိုက်/ကျလိုက် အရမ်းဖြစ်နေတာနဲ့ "အကို့ကား charging ဝင်တာ မမှန်ဘူးဗျ၊ အဲဒါပြန်ဖြုတ်စစ်မှရမယ်" ဆိုပြီး နောက်ရက်ပြန်ဖြုတ်စစ်ပြုပြင်ပေးလိုက်ရပါတယ်။

နောက်တစ်ခါ ကြုံလိုက်ရတာက ကျနော်အလုပ် နားရက်လေးနားနေတုန်း အသိမိတ်ဆွေ တစ်ယောက်က ဖုန်းဆက်တယ်။ "အကိုရေ ကျနော့်အသိကားလေး၊ ဒိုင်ခွက်မှာ ဘက်ထရီ အိုးပုံလေးလင်းလာလို့ဗျ။ တစ်ချက်ကြည့်ပေးပါဦး" ဆိုလို့သွားကြည့်ပေးရပါတယ်။ ဟိုရောက်လို့ သွားကြည့်ပြီး ဘာလုပ်ထားသေးလဲမေးတော့ ဘက်ထရီအိုးဆိုင်မှာ ခုလေးတင် ဘက်ထရီအိုးလဲလာတာတဲ့။ ဘက်ထရီအိုး မကောင်းဘူး လဲရမယ်ဆိုလို့တဲ့။ ကျနော် charging တိုင်းကြည့်လိုက်တော့ charging က မဝင်၊ အဲဒါနဲ့ ရှင်းပြရပါတယ်။

"အကို့ကားက ဘက်ထရီအိုး မကောင်းတာ မဟုတ်ဘူးဗျ။ Alternator (အရပ်ခေါ် – ဒိုင်နမို) မကောင်းတာ။ အဲဒါ ဖြုတ်စစ်ပြီး လိုတာပြင်မှရမယ်ဆိုပြီး ပြောလိုက်ရပါတယ်။ တကယ်တော့ ဘက်ထရီအိုးဆိုင်က alternator မကောင်းလို့ charging မဝင်တာကို မပြောဘဲ သူ့ဘက်ထရီအိုး ရောင်းရအောင် ဂျင်းထည့်လိုက်တာပါ။"

ခုနောက်ပိုင်းကားတွေမှာ ဒီ battery အားသွင်းစနစ်ဟာ မရှိမဖြစ်ကို အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ အပေါ်က ရေးထားခဲ့တဲ့ ပြဿနာတွေဟာလည်း ကားလောက ပတ်ဝန်းကျင်မှာ ခဏခဏ မြင်ရတွေ့ရ ကြုံကြရပါတယ်။ ဒါကြောင့် ဒီအားသွင်းစနစ်အကြောင်းကို မိတ်ဆွေတို့နားလည်သိရှိပြီး အားသွင်းစနစ်ကြောင့်ဖြစ်ရတဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ကာ ငွေကုန်ကြေးကြသက်သာရစေဖို့ ဆွေးနွေးတင်ပြပေးလိုက်ရပါတယ်။

Dynamo လား၊ alternator လား? ဘာတွေ ကွာခြားသလဲ?
ကျနော်တို့ယနေ့ လက်ရှိ မြင်နေတွေ့နေရတဲ့ ကားတွေမှာသုံးတာဟာ ဒိုင်နမိုလား? အော်တာနေတာလား? ဆိုပြီး အခေါ်အဝေါ်အမျိုးမျိုး ကွဲကြပါတယ်။ တကယ်တော့ ကျနော်တို့လက်ရှိမြင်တွေ့နေရတဲ့ မော်ဒယ်မြင့်ကားအားလုံးမှာ တပ်ဆင်ထားတာဟာ alternator ပါ။ Dynamo မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်လောကမှာတော့ အများနှုတ်ကျိုးပြီး ဒိုင်နမိုလို့ခေါ်နေကြတာပါ။
ဒိုင်နမိုနဲ့ အော်တာနေတာမှာ တူညီတဲ့ အချက်တွေရှိပါတယ်။ ဘာတွေတူညီသလဲဆိုရင် mechanical (စက်မှု) စွမ်းအင်ကို electrical (လျှပ်စစ်) စွမ်းအင်အဖြစ်ပြောင်းလဲပေးတာတူတယ်။ နောက် electromagnetic ဆိုတဲ့ လျှပ်စစ်သံလိုက်စွမ်းအင်ကိုသုံးပြီး လျှပ်စီးကြောင်းတွေထုတ်လုပ်ပေးတာတူတယ်။
ဒိုင်နမိုနဲ့ အော်တာနေတာ ဘာတွေကွာခြားသလဲဆိုရင် အခြေခံအားဖြင် ဒိုင်နမိုက DC (Direct Current ) ကိုထုတ်ပေးပြီး Alternator က AC (Alternating Current) ကို ထုတ်လုပ်ပါတယ်။ ကျနော်တို့ လက်ရှိကားတွေရဲ့ အီလက်ထရစ်ကယ်နဲ့ အီလက်ထရောနစ် စနစ်အားလုံး (ဥပမာ ကားအဲကွန်း စနစ်၊ ကားအတွင်းပိုင်း ကက်ဆက်၊ ကားမီး၊ ကားတံခါးအဖွင့်အပိတ်၊ ကားဟွန်းစနစ်) ဟာ DC voltage နဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒီလိုဆို alternator က AC ထုတ်လုပ်တာဆိုတော့ ဘယ်လိုသုံးစွဲသလဲဆိုရင် alternator ကထုတ်လုပ်တဲ့ AC voltage ကို DC voltage ဖြစ်အောင် diode တွေနဲ့ DC voltage အဖြစ် ပြောင်းလဲပြီး ကားအတွင်းပိုင်း အီလက်ထရောနစ်စနစ်တွေ အသုံးပြုနိုင်အောင်ဖန်တီးပေးပါတယ်။ အခုနောက်ပိုင်းမှာတော့ IC regulator type alternator တွေကို သုံးစွဲလာကြပါပြီ။

ပုံမှန်အားဖြင့် ကျနော်တို့ ကားတွေမှာ အသုံးပြုထားတဲ့ ဘက်ထရီအိုးတွေဟာ ကားစတင်စက်နှိုးဖို့အတွက်သာ အသုံးပြုနိုင်ပြီး ကားမှာပါဝင်တဲ့ အခြားအီလက်ထရစ်ကယ်နဲ့ အီလက်ထရောနစ် စနစ်တွေကို အချိန်အကြာကြီးအသုံးပြုဖို့ လုံလောက်တဲ့ စွမ်းအင်မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ကားမှာ ပါဝင်တဲ့ လျှပ်စစ်နဲ့အခြားနည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေကို ဆက်လက်အသုံးပြုနိုင်ဖို့ ကားဘက်ထရီကို အမြဲပြန်လည်အားဖြည့်သွင်းတဲ့ charging system ကားဘက်ထရီအားသွင်းစနစ်ကို မဖြစ်မနေလိုအပ်တာပါ။ Charging စနစ်မကောင်းဘဲ ဘက်ထရီအိုးထဲကအားတွေကို အကုန်သုံးစွဲလိုက်မယ်ဆို လမ်းမှာကားမောင်းနေရင်းစက်ထိုးရပ်တဲ့ ပြဿနာကို ကြုံတွေ့ရမှာပါ။

Alternator တစ်လုံး ဘယ်လို အလုပ်လုပ်သလဲ? ဘာတွေပါဝင်သလဲ?
Alternator တစ်လုံးမှာ အခြေခံအားဖြင့်
၁။ Rotor (သံအူတိုင်)
၂။ Stator
၃။ Rectifier (Diode)
၄။ IC Regulator တို့ပါဝင်ပါတယ်။
Rotor ကို သံလိုက်ဝင်ရိုးစွန်း နှစ်ခုပါဝင်သော သံအူတိုင်၊ rotor coil လို့ခေါ်သော field coil ၊ shaft တို့နဲတည်ဆောက်ထားပါတယ်။
ဒီအော်တာနေတာ တစ်လုံးလည်ပတ်ပုံက လျှပ်စစ်ဖြစ်ပေါ်လာပုံ အခြေခံသဘောတရားကို အသုံးပြုထားတာပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းရှိတဲ့ သံလိုက်စက်ကွင်းအတွင်းမှာ လျှပ်စစ်ဓာတ်ကူးနိုင်တဲ့ (conductor) ဝါယာကြိုးတစ်ချောင်းကို ဆက်တိုက်ရွှေ့လျှားပေးလိုက်တဲ့အခါမှာ အဲဒီဝါယာကြိုးမှာ  electromotive force (လျှပ်စစ်တွန်းအား) တစ်ခုဖြစ်ပေါ်လာပြီး လျှပ်စစ်စီးမှု ဖြစ်ပေါ်စေပါတယ်။ အဲဒီ လျှပ်စစ်ဓာတ်ဖြစ်ပေါ်စေတဲ့ အခြေခံသဘောတရားကိုသုံးပြီး အော်တာနေတာတွေကို ဖန်တီးတည်ဆောက်ထားပါတယ်။
သို့ပေမယ့် နောက်ဆုံးပေါ်နည်းပညာများအရ လက်ရှိအသုံးပြုနေတဲ့ အော်တာနေတာများကိုတော့ ရှေးရိုး လျှပ်စစ်ဓာတ်ထုတ်ယူတဲ့စနစ်များနဲ့ ပြောင်းပြန်၊ လျှပ်စစ်ဓာတ်ကို ဖမ်းယူမယ့် ကွိုင်များကို အပြင်မှာထားပြီး သံလိုက်ကိုအတွင်းကနေ လှည့်ပေးခြင်းအားဖြင့် လျှပ်စစ်ဓာတ်ကို ဖန်တီးထုတ်ယူပါတယ်။ ထို့အပြင် အင်ဂျင်ရဲ့ လည်ပတ်နှုန်းအရ လျှပ်စစ်ဓာတ်ထုတ်ယူမှု ပမာဏအနည်းအများကို ချိန်ညှိနိုင်ရန် အမြဲတမ်းသံလိုက်ကိုသုံးမယ့်အစား လျှပ်စစ်ဓာတ်ပေးမှ သံလိုက်ဖြစ်ပေါ်စေတဲ့ လျှပ်စစ်သံလိုက်အမျိုးအစားကို အသုံးပြုထားပါတယ်။
ဒီနည်းစနစ်နဲ့ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်က အပေါင်းတစ်လှည့် အနုတ်တစ်လှည့်ဖြစ်နေတဲ့ AC (alternating current) ပြန်လှန်လျှပ်စီးအဖြစ်ထွက်လာပါတယ်။ ဒီလိုထွက်လာတဲ့ AC လျှပ်စီးကို rectifier လို့ခေါ်တဲ့ ဒိုင်အုတ်တွေနဲ့ DC (Direct Current) အဖြစ်ပြောင်းလဲပေးပါတယ်။
အဲဒီလိုထွက်ပေါ်လာတဲ့ DC လျှပ်စစ်တွေဟာ အင်ဂျင်လည်ပတ်နှုန်းအရ အတက်အကျ မျိုးစုံဖြစ်ပေါ်နိုင်တာမလို့ 12 V သို့မဟုတ် 24 V တစ်သတ်မှတ်တည်း ကိန်းသေ ရရှိနိုင်ဖို့ IC regulator တွေခံပြီး voltage အားတည်ငြိမ်အောင်ထိန်းပေးပြီး နောက်ဆုံး ဘက်ထရီအိုးဆီကို charging voltage အဖြစ်ဝင်ရောက်ပါတယ်။

Dynamo မသုံးဘဲ ဘာကြောင့် alternator သုံးရတာလဲ? ဘာအားသာချက်တွေရှိသလဲ?

Dynamo ရော alternator ရောနှစ်ခုစလုံးရဲ့ လျှပ်စစ်ထွက်ရာ အခြေခံပင်မကိုကြည့်မယ်ဆိုရင် နှစ်ခုစလုံးဟာ တည်ငြိမ်နေတဲ့လျှပ်စစ်သံလိုက်နဲ့ လည်ပတ်နေတဲ့ ကွိုင် (သို့မဟုတ်) လည်ပတ်နေတဲ့ လျှပ်စစ်သံလိုက်နဲ့ တည်ငြိမ်နေတဲ့ ကွိုင်ကို သုံးပြီး လျှပ်စစ်ထုတ်တာမလို့ ဒီနှစ်ခုစလုံးကနေ အခြေခံထွက်လာတဲ့ လျှပ်စစ်ဟာ အပေါင်းအနုတ်ပြောင်းလဲနေတဲ့ AC လျှပ်စစ်ပဲဖြစ်ပါတယ်။ ဒါကို ဘယ်လို DC လျှပ်စစ်ပြောင်းယူသလဲဆိုတာကို မူတည်ပြီး dynamo နဲ့ alternator ကွာခြားသွားတာပါ။
Dynamo ကနေ ထွက်လာတဲ့ AC လျှပ်စစ်ကို DC ဖြစ်အောင်ဘယ်လိုပြောင်းလဲသလဲဆိုရင် armature ကနေ ထွက်လာတဲ့ AC လျှပ်စစ်ကို commutator တို့ brushes တို့အစရှိတဲ့ mechanical ပစ္စည်းအစိတ်အပိုင်းတွေကို သုံးပြီးပြောင်းလဲပါတယ်။ အဲဒါတွေက mechanical ပစ္စည်းတွေဖြစ်တဲ့ အတွက် တစ်ခုနဲ့တစ်ခု ပွတ်တိုက်တာများလာရင် ပွန်းစားပြီး ပျက်စီးပါတယ်။ ဒါပေမယ့် ဟိုးရှေးခတ်အချိန်မှာ AC လျှပ်စစ်ကနေ DC လျှပ်စစ်ကို ပြောင်းလဲဖို့ အခြားနည်းလမ်းမရှိလို့ ဒီနည်းအတိုင်း dynamo တွေကိုပဲ တပ်ဆင်အသုံးပြုရတာပါ။
ဒါကြောင့် ဟိုးအရင် ၁၉ဝဝ ခုနှစ်ကနေ ၁၉၆ဝ ခုနှစ်လောက်အထိ old model ကားဟောင်းတွေမှာ dynamo တွေကိုပဲတပ်ဆင်အသုံးပြုထားကြတာပါ။
ဒါပေမယ့် ၁၉၆ဝ နောက်ပိုင်း ၁၉ ရာစုကနေ ၂ဝ ရာစု၊ ၂၁ ရာစုကို ရောက်လာတဲ့ အချိန်မှာတော့ အီလက်ထရောနစ်နည်းပညာတွေ အံ့မခန်းတိုးတက်လာပြီး AC ကနေ DC ကို ပြောင်းလဲဖို့ mechanical ပစ္စည်းအစိတ်အပိုင်းကြီးတွေ သုံးစရာမလိုဘဲ အီလက်ထရောနစ်ပစ္စည်း အသေးလေးတွေနဲ့ အလွယ်တကူပြောင်းလဲတဲ့နည်းပညာတွေကို ရှာဖွေ့တွေ့ရှိလာပြီမလို့ လွယ်ကူကျစ်လစ်ပေါ့ပါးပြီး ပွတ်တိုက်ပွန်းစားမှုမရှိတဲ့ အီလက်ထရောနစ်နည်းပညာပစ္စည်းတွေနဲ့ AC to DC လျှပ်စစ်ကို ပြောင်းလဲအသုံးပြုလာကြတာပါ။
ဒီလိုကနေ ဒိုင်နမိုတွေအစား အော်တာနေတာတွေ ပြောင်းလဲအစားထိုးအသုံးပြုလာကြတယ်ဆို မမှားပါဘူး။ နောက်တစ်ချက် ဒိုင်နမိုတွေထက် အော်တာနေတာတွေ အသုံးပြုတဲ့အတွက် ပိုပြီးထူးခြားကောင်းမွန်တာကတော့ alternator တွေဟာ ဒိုင်နမိုတွေထက် idle Speed (Slow အခြေအနေ) မှာလုံလောက်တဲ့ charging voltage ကိုထုတ်ပေးနိုင်တာပါပဲ ။ ဒါကြောင့် ယနေ့ခေတ်ပေါ်ကားတွေမှာ dynamo တွေကို မတွေ့ရတော့ဘဲ alternator တွေကိုပဲ မြင်တွေ့လာရတော့တာပါ။

ကားအားသွင်းစနစ် ချို့ယွင်းလာရင် ဘာတွေဖြစ်တတ်သလဲ?
၁။ ဘက်ထရီပုံ charging မီးလင်းလာတာ။ (ကားစက်လည်ပတ်နေချိန်)
၂။ ဘက်ထရီပုံ charging မီးမလင်းတာ ။ (ကားစက်မလည်သေးချိန် သော့ on ထားချိန်)
၃။ ဘက်ထရီပုံ charging မီးလင်းလိုက်ပျောက်လိုက်ဖြစ်တာ။ (ကားစက်လည်ပတ်နေချိန်)
၄။ ဘက်ထရီပုံ charging မီးလင်းလာပြီး ကားထိုးရပ်သွားတာ။
၅။ ကားရပ်ထားပြီး စက်ပြန်နှိုးမရတော့တာ။
၆။ ကားမီးတွေမှိန်သွားတာ၊ ဟွန်းသံတိုးသွားတာ၊ ကားရှေ့လေကာမှန်ပေါ်က ဝိုက်ဘာတွေ ရွေ့လျားတာ နှေးကွေးသွားတာ။
၇။ ဘက်ထရီ အားသွင်းတဲ့ ဗို့အားများနေတာ။
၈။ အော်တာနေတာကနေ ဆူညံသံတွေ၊ ဘောသံ ပွတ်တိုက်သံတွေထွက်လာတာ။

အထက်ပါ အချက်ထဲက တစ်ခုခုဖြစ်လာပြီဆိုရင် ကားအားသွင်းစနစ် ချို့ယွင်းချက်တစ်ခုခုရှိနေပါပြီ။ ဒီလိုဆိုရင် ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ကားအင်ဂျင်စက်ဖုံးကိုဖွင့်၊ အော်တာနေတာနဲ့ ချိတ်ဆက်ထားတဲ့ belt ကြိုးတွေ ပြတ်တောက်နေသလား? ပွန်းစားနေသလား? စစ်ဆေးနိုင်ပါတယ်။ နောက်တစ်ချက်က voltage တိုင်းတာနိုင်တဲ့ multimeter ရှိမယ်ဆိုရင်တော့ ကိုယ်တိုင်တိုင်းတာကြည့်နိုင်ပြီး အင်ဂျင်လည်ပတ်နေတဲ့ အချိန် charging voltage ဟာ 13.8 V ကနေ 14.8 V အတွင်းရှိရပါမယ်။ အဲဒီသတ်မှတ်ဗို့အားထက်နည်းနေရင် charging မဝင်တာဖြစ်ပြီး များနေရင်တော့ over charging ဖြစ်နေတာဖြစ်ပြီး အော်တာနေတာကို ဖြုတ်စစ်ဆေးဖို့လိုအပ်နေပါပြီ။

ကားအားသွင်းစနစ်မှာ အဖြစ်များတဲ့ ပြဿနာတွေကတော့ alternator နဲ့တွဲစပ်တပ်ဆင်ထားတဲ့ belt ကြိုးပျက်တာ၊ ချောင်တာ၊ alternator ထိပ်က pulley ball and bearing တွေ စားသွားပြီး ဘောချောင် အသံထွက်တာ၊ ပျက်စီးပွန်းစားသွားပြီး free အဖြစ်လည်ပတ်နေတာ၊ ဘောဂျမ်းဖြစ်တာ၊ အော်တာနေတာ အတွင်းပိုင်းထဲက carbon brushes တွေကုန်သွားတာ၊ တိုသွားတာ၊ ငုတ်အတိုအရှည်ပွန်းစားတာ၊ မညီတာ၊ အတွင်းမှာ သံလိုက်ဆွဲအားမညီဘဲ တစ်ဖက်ဆွဲပြီး အတွင်းပိုင်းပစ္စည်းတွေ ပွတ်တိုက်တာ၊ ဒိုင်အုတ်တွေပျက်စီးပြီး voltage မငြိမ်တာ၊ အားမဝင်တာ၊ IC regulator တွေ ပျက်စီးပြီး voltage အားအတက်အကျ ပြောင်းလဲနေတာတွေပဲဖြစ်ပါတယ်။

ဒီကားအားသွင်းစနစ်ဟာ အခုခေတ်ပေါ်ကားတွေအတွက် မရှိမဖြစ်အရေးပါဆုံး စနစ်ထဲက တစ်ခုပါ။ ဒါကြောင့် အမြဲဂရုစိုက်လေ့လာစောင့်ကြည့်ပြီး ကျွမ်းကျင်ဝပ်ရှော့တွေမှာ အချိန်မှန် ထိန်းသိမ်းပြုပြင်ဖို့လိုအပ်လှပါတယ်လို့ တင်ပြလိုက်ရပါတယ်။
စာဖတ်သူ မိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments