ကားမောင်းသူတိုင်းသိထားသင့်သော ကားတာယာပေါ်က အရေးကြီး ဂဏန်းသင်္ကေတများအကြောင်း

0

Full article

ကားတာယာဟာ ကားတစ်စီးအတွက်အရေးပါတဲ့အရာဆိုတာ ကားမောင်းတဲ့သူတိုင်းသိပါတယ်။ အမြန်လမ်းလိုနေရာမျိုးမှာ ကားမောင်းရင်းတာယာကွဲလို့ လူရောကားရောထိခိုက်ပျက်စီးတာတွေကို ကြားမိမြင်မိကြမှာပါ။ ခရီးသွားမယ်ဆိုတိုင်းလည်း ကားတာယာဆိုင်တွေ၊ ကားဝပ်ရှော့ဆိုင်တွေမှာ သွားရောက်စစ်ဆေးတတ်ကြပေမဲ့ ကားတာယာပေါ်ကကိန်းဂဏန်းတွေကိုတော့ လူတိုင်းကိုယ်တိုင်ကိုယ်ကျမသိနိုင်ကြပါဘူး။ ဒီနေ့ ကားတာယာပေါ်က ကိန်ဂဏန်းတွေ အက္ခရာ သင်္ကေတတွေအကြောင်း တင်ပြချင်ပါတယ်။

ကားတာယာပေါ်က ကိန်းဂဏန်းတွေက ဘာကိုဆိုလိုတာလဲ?

ကျနော်တို့လက်ရှိအိမ်စီးကား၊ ကားလေးဈေးကွက်မှာအသုံးပြုနေတဲ့ တာယာတွေကို လေ့လာကြည့် လိုက်မယ်ဆိုရင် တာယာပေါ်မှာ အောက်ဖော်ပြပါ နမူနာကိန်းဂဏန်းတွေကို မြင်တွေ့ရမှာပါ။

ဥပမာ

285/60R18 116V

175/65R15 88T

225/45R17 91V

အစရှိတဲ့ ကိန်းဂဏန်းတွေကို မြင်တွေ့ကြရမှာပါ။ အဲဒါတွေက ဘာကိုဆိုလိုသလဲဆိုရင်တော့…

225/45R17 ဆိုတဲ့ ဥပမာဆိုက်တစ်ခုနဲ့ ရှင်းပြပါ့မယ်။

·       225/45R17 91V ဆိုတဲ့ ကိန်းဂဏန်းအတွဲလေးမှာ (225) ဆိုတဲ့ ကိန်းဂဏန်းအတွဲလေးက တာယာရဲ့ Width ဆိုတဲ့ အကျယ်ကိုရည်ညွှန်းတာပါ။ ဘယ်လိုအကျယ်ကို ရည်ညွှန်းတာလဲဆိုရင်တော့ တာယာကို ဒေါင်လိုက်အနေအထား ထောင်ထားလိုက်တဲ့အခါမျိုးမှာမြင်ရတဲ့ တာယာရဲ့အပြင်ဖက်အစွန်းနှစ်ခုကြားက အကွာအဝေးအကျယ်ကို ရည်ညွှန်းတာပါ။ နောက် 225 ဆိုတဲ့ ဂဏန်းရဲ့ အကွာအဝေး အတိုင်းအတာ ယူနစ်က mm (millimeter) နဲ့သတ်မှတ်ထားတာပါ။ ဒါနိုင်ငံတကာစံချိန်စံညွှန်းအရ သတ်မှတ်ချက်ဖြစ်ပါတယ်။ ဒီတော့ 225/45R17 91V ကိန်းဂဏန်းစုတစ်ခုမှာ အရှေ့ဆုံးက 225 ဆိုတာ တာယာရဲ့ အကျယ် 225 mm (8.858 Inch) ရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။

·       225/45R17 91V မှာ 45 ရဲ့ဆိုလိုရင်းကတော့ တာယာရဲ့ ထုအထူအတိုင်းအတာကို အကျယ်အချိုးနဲ့ယူပြီးဖော်ပြထားတာပါ။ ပြန်ရှင်းပြပါမယ်။ အပေါ်မှာ တာယာရဲ့ အကျယ် Width ကို 225 လို့ဖော်ပြပြီးသွားပါပြီ။ အခုထပ်ဖော်ပြတဲ့ တာယာရဲ့ ထုအမြင့်ကတော့ အကျယ် 225mm ရဲ့ 45% ဖြစ်ပါတယ်။ တွက်ကြည့်မယ်ဆိုရင် တာယာရဲ့ အတွင်းဂွေကနေ အပေါ်ပန်းသားအထိ

225 x 0.45 = 101.25 mm (3.98 Inch) အမြင့်ရှိပါတယ်။

တာယာရဲ့ အကျယ်ကို Section Width ၊ တာယာရဲ့ ထုအမြင့်ကို Section Height လို့လည်း ခေါ်ဆိုတတ်ကြပါတယ်။

·       225/45R17 91V မှာရှိတဲ့ R ရဲ့ အဓိပ္ပါယ်ကရော ဘာကိုဆိုလိုတာလဲဆိုရင်တော့ R ဆိုတာ တာယာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ရည်ညွှန်းတာပါ။ တာယာအတွင်းသားတွေကို ဘယ်လိုဖွဲ့စည်း တည်ဆောက်ထားသလဲဆိုတဲ့ အဓိပ္ပါယ်ပါ။ တာယာအတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံတွေကို

အများအားဖြင့် အင်္ဂလိပ်အက္ခရာသုံးမျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။

1.         R

2.         D

3.         B

R ဆိုတာက Radial Construction ကိုဆိုလိုတာဖြစ်ပြီး  တာယာအတွင်းပိုင်းအသားအလွှာတွေကို အလည်ကနေ အထပ်လိုက် တစ်လွှာပြီးမှတစ်လွှာထပ်ပြီး တည်ဆာက်ထားတာဖြစ်ပါတယ်။

D ဆိုတာကတော့ Bias-Ply Construction ကိုဆိုလိုတာဖြစ်ပြီး တာယာအတွင်းပိုင်း အသားလွှာတွေကို ထောင်ဖြတ်ပုံစံ၊ ဓားလွယ်ခုတ်၊ စလွယ်ခုတ်ပုံစံ တည်ဆောက်ထားတာဖြစ်ပါတယ်။

B ကတော့ Belt Type Construction ကိုဆိုလိုတာဖြစ်ပြီး သူ့တည်ဆောက်ပုံက D နဲ့ပုံစံဆင်တူပါတယ်။ ဒါပေမဲ့ B type မှာ ခါးပတ်ပုံစံ အပိုအထောက်အကူပြု အတွင်းပိုင်းတည်ဆောက်ပုံတွေ ပါဝင်တည်ဆောက်ထားတာဖြစ်ပါတယ်။

ကျနော်တို့အခုလက်ရှိ ကားလေးလောကမှာ အသုံးများဆုံး တာယာကတော့ R Type Construction အမျိုးအစားတွေဖြစ်ပြီး 98% လောက် R အမျိုးအစား Radial Construction ကို အသုံးပြုတယ်လို့ စစ်တမ်းများအရ သိရှိရပါတယ်။

·       225/45R17 91V မှာရှိတဲ့ 17 ဆိုတဲ့ ဂဏန်းရဲ့ အဓိပ္ပါယ်ကတော့ တာယာရဲ့အတွင်းပိုင်းစက်ဝိုင်း (Diameter) အချင်းဆိုက်ပါ။ တစ်နည်းအားဖြင့် တာယာတပ်ဆင်ရမယ့် ကားဘီးဂွေရဲ့ ဆိုက် အရွယ်အစားဖြစ်ပါတယ်။ ဒီတာယာအတွင်းပိုင်း အချင်း (Diameter) ကိုတော့ Inches (လက်မ) ဆိုက်နဲ့ သတ်မှတ်ထားပြီး 17 inch လက်မရှိတဲ့ ဂွေဆိုက်မှာ တပ်ဆင်ရမယ့် တာယာဖြစ်ပါတယ်။

·        225/45R17 91V မှာရှိတဲ့ 91 ကတော့ ကားဘီးတာယာ တစ်ဘီးချင်းဆီပေါ်မှာ သယ်ယူထမ်းဆောင်နိုင်တဲ့ Load ဝန်အားရဲ့ အညွန်းကိန်းတွေကိုဖော်ပြထားတာပါ။

ဥပမာအားဖြင့်

91 ဆိုရင် ကားတာယာတစ်ခုခြင်းဆီပေါ်မှာ 615 Kg (ကီလိုဂရမ် ) or 1355.84 lb (ပေါင်) ထမ်းဆောင်နိုင်ပါတယ်။

116 ဆိုရင် 1250 kg (or) 2755.77 lb

88 ဆိုရင် 560 kg (or) 1234.58 lb

တခြားအညွှန်းကိန်းတွေအတွက် သတ်မှတ်ဝန်တင်နိုင်အားတွေကို အောက်မှာလေ့လာနိုင်ပါတယ်။

225/45R17 91V မှာပါတဲ့ V ဆိုတဲ့ သင်္ကေတရဲ့ အဓိပ္ပါယ်ကတော့ ဒီတာယာအတွက် အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အမြန်နှုန်း (Speed) သတ်မှတ်ချက်ကို ဖော်ပြထားတာပါ။

ဥပမာအားဖြင့် ဒီ V နံပါတ်အတွက်ဆိုရင် အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းက

V = 240 km/h (or) 149 mph (mile per hour) ဖြစ်ပါတယ် ။ V နေရာမှာ T ဆိုတဲ့ ဂဏန်းပါလာရင်တော့

T = 190 km/h (or) 118 mph ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ဖော်ပြပါဇယားမှာ လေ့လာလို့ရပါတယ်။

နောက်ထပ်တာယာတွေရဲ့ အရေးကြီးတဲ့အချက်တစ်ခုက Manufacturing Date ပါ။ ဒါကိုလည်း ကားတာယာတွေပေါ်မှာ ကြည့်ရှုနိုင်ပါတယ်။ ကားတာယာတွေရဲ့ ထုတ်လုပ်ထားတဲ့ ခုနှစ်တွေကို တာယာတွေပေါ်မှာ ဘယ်လိုဖော်ပြထားသလဲဆိုရင်တော့…

ဂဏန်း ၄ လုံးတွဲ ဖော်ပြလေ့ရှိပါတယ်။ ဥပမာ

1615

3705

3515

4914 ဆိုပြီးဖော်ပြထားတာ မြင်ရမှာပါ။ ဒါတွေက ဘာကိုဆိုလိုသလဲဆိုရင်တော့…

3705 ဆိုရင် ရှေ့ဂဏန်း 37 က ထုတ်လုပ်သည့် လကို အပတ်စဉ် အရေအတွက်နဲ့တွက်ပြီး ဖော်ပြထားတာပါ။ တစ်လ မှာ 4 ပတ်ရှိတာမို့ 37 ပတ်ဆိုရင် 10 လပိုင်း ပထမ အပတ်မှာ ထုတ်ထားတာလို့ သိနိုင်ပါတယ်။ နောက်က 05 ဆိုတာကတော့ ရှင်းပါတယ်။ ထုတ်လုပ်တဲ့ ခုနှစ် နောက်ဆုံး ဂဏန်းကိုယူထားတာပါ ။ 05 ဆိုရင် 2005 ခုနှစ်ထုတ်တယ်လို့ဆိုလိုပါတယ်။

နောက်ထပ် 1615 ဆိုရင် ရှေ့က 16 က ထုတ်လုပ်တဲ့လကို အပတ်စဉ်နဲဖော်ပြတာမို့ တစ်လမှာ 4 ပတ်နဲ့တွက်ရင် 16 ပတ်ဆိုတာ 4 လပိုင်း နောက်ဆုံးအပတ်မှာ ထုတ်ထားတာပါ ။ နောက်က 15 ကတော့ 2015 ခုနှစ်မှာ ထုတ်လုပ်တယ်လို့ အလွယ်တကူသိရှိနိုင်ပါတယ်။

တာယာတွေရဲ့ သက်တမ်းကိုတော့ ထုတ်လုပ်တဲ့ ခုနှစ်နဲ့လကနေစပြီးရေတွက်ရင် တာယာအမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး ၄ နှစ် ၅ နှစ် ၆ နှစ်ထက်ပိုပြီး မသုံးစွဲသင့်ပါဘူး။ တာယာပန်းတွေ ကောင်းနေသေးတာပဲဆိုပြီး ထုတ်လုပ်တဲ့ ခုနှစ်ထက်ပိုပြီး အသုံးပြုမယ်ဆိုရင် တာယာဆွေးမြေ့ကွဲထွက်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။

တာယာပေါ်က အခြားသတ်မှတ် အညွှန်းကိန်းများ

ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ ကားတာယာတွေမှာကတော့ အပေါ်မှာဖော်ပြထားတဲ့ အညွှန်းကိန်းတွေပဲ တွေ့ရတာများပါတယ်။ ဒါထက်ပိုတဲ့ အခြားအညွန်းကိန်းတွေလည်း တာယာတွေပေါ်မှာ တွေ့ရတတ်ပါတယ်သေးတယ်။ ဥပမာ

P225/45R17 91V ဆိုကြပါစို့။ အပေါ်မှာ ဖော်ပြထားတဲ့ အညွန်းကိန်းတွေရဲ့ ရှေ့မှာ P တစ်လုံးပိုလာပြီဆိုရင် အဲဒါဘာကိုရည်ညွှန်းသလဲပေါ့။

P ဆိုတာကတော့ P- Metric ကိုဆိုလိုတာဖြစ်ပြီး Passenger ခရီးသည်တင်အမျိုးအစား လူစီးအမျိုးအစားလို့

သတ်မှတ်လို့ရပါတယ် ။ ¼ ton ဒါမှမဟုတ် ½ ton အမျိုးအစားကားလေးတွေ အတွက်ပါ။

LT225/45R17 91V ဆိုရင်တော့ LT က Light Truck အမျိုးအစားကို ရည်ညွှန်းတာဖြစ်ပြီး ဝန်တင်အသုံးပြုနိုင်တဲ့ တာယာအမျိုးအစားလို့ဖော်ပြထားတာပါ။ ¾ ton ဒါမှမဟုတ် 1 ton အမျိုးအစား ကားတွေအတွက်ပါ။

T225/45R17 91V ဆိုပြီး ရှေ့မှာ T ပါလာရင်တော့ Temporary ဆိုတဲ့ ယာယီအသုံးပြုဖို့အတွက်ဖြစ်ပြီး စပယ်ယာဘီးအတွက်သုံးဖို့သာဖြစ်ပါတယ်။

ST225/45R17 91V  ဆိုပြီး ဂဏန်းတွေရဲ့ရှေ့ ST ပါလာရင်တော့ Special Trailer ဆိုတဲ့ သီးသန့်ပြုလုပ်ထားတဲ့ နောက်တွဲတွေအတွက် အသုံးပြုတဲ့ တာယာအမျိုးအစားဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ စာဖတ်သူမိတ်ဆွေတို့ ဒီဆောင်းပါးလေးကိုဖတ်ပြီး ကိုယ့်ကားမှာတပ်ဆင်ထားတဲ့ တာယာမှာပါဝင်တဲ့ ကိန်းဂဏန်းအညွန်းကိန်းတွေရဲ့ ဆိုလိုရင်းတွေ ဝန်တင်နိုင်တဲ့ပမာဏတွေ မောင်းနှင်နိုင်တဲ့ သတ်မှတ်အမြန်နှုန်းတွေ၊ ထုတ်လုပ်တဲ့ ခုနှစ်တွေကို ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ သိရှိသွားမယ်လို့ယုံကြည်မိပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ။

Author