အနာဂတ် ကားတွေမှာ...

0

Full article

တခြားဟာတွေလိုပါပဲ၊ ကားနဲ့ဆက်စပ်တဲ့နည်းပညာတွေကလည်း အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေကြတာပါ။ တချိန်တုန်းက Apple CarPlay တို့ Android Auto တို့ဆိုတာ ရှားပါး features တွေဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ မပါမဖြစ် ပါလာကြပါပြီ။ Cruise Control ပါတယ်ဆိုရင်တောင်မှ မောင်းတဲ့သူသက်သာရာရနေရာက Adaptive Cruise Control မပါတဲ့ကားဆိုရင် ခေတ်မမီဘူးဆိုပြီးဖြစ်လို့လာပါပြီ။ ဒီမှာသိပ်မတောင်းဆိုကြသေးပေမဲ့ နိုင်ငံတကာမှာတော့ Emergency Braking Systems ပါတဲ့ကားမှ ရွေးတဲ့ခေတ်ပါ။

နောက်ထပ် ၁၀ နှစ်အတွင်း ကားနဲ့ဆက်စပ်တဲ့ ဘယ်လိုနည်းပညာတွေ ကျိန်းသေပြောင်းလဲလာမှာလဲ။ တချက်လောက် လေ့လာကြည့်ကြရအောင်။ သေချာတာကတော့ အားလုံးဝိုင်းပြီး ကောင်းသထက်ကောင်းအောင် စမ်းသပ်မွမ်းမံနေကြတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်ပဲ။ သိပ်မကြာခင်မှာ ပြီးပြည့်စုံလုနီးပါး အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့အတူ အားတခါပြည့်တာနဲ့ မိုင်များစွာသွားလာနိုင်မယ့် လျှပ်စစ်ကားတွေ ထွက်လာကြတော့မှာပါ။ ဒီကလူတွေစကားအရဆိုရင် ရန်ကုန်နဲ့ မန္တလေးကို အားထပ်သွင်းစရာမလိုဘဲ မောင်းနိုင်စွမ်းရှိတဲ့လျှပ်စစ်ကားတွေပေါ့။ သိပ်မကြာခင်လာတော့မှာပါ။ ဒီကားတွေနဲ့ အတူ ဘာတွေပါလာမလဲဆိုတာကတော့...

၁။ Virtual Door Mirrors

နံဘေး နောက်ကြည့်မှန်တွေဟာ ပျောက်ကွယ်ကြရတော့မှာပါ။ အဲဒီမှန်တွေအစား ကင်မရာတွေအစားထိုးဝင်လာကြပါတော့မယ်။ ကင်မရာတွေဟာ မှန်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် လေတိုးတဲ့အသံကိုလျော့ပါးစေတဲ့အပြင် aerodynamic သဘောတရားအရ လေတားမှုကိုလည်း လျော့နည်းစေပြန်ပါတယ်။ ဒါဟာ လျှပ်စစ်ကားတွေ အကွာအဝေးပိုရဖို့အတွက် အရေးကြီးတဲ့အချက်တခုပါ။ ဒါ့အပြင် blindspots ဖြစ်နိုင်စွမ်းကိုလည်း လျော့နည်းသွားစေပြီး ရာသီဥတုကြောင့် မှုန်ဝါးသွားတာမျိုးတွေလည်း မရှိတော့ပါဘူး။

ဒီ နောက်ကြည့် ဘေးကင်မရာတွေဟာ အရည်အသွေးအပေါ်မူတည်ပြီး ကောင်းမွန်တဲ့ကြည်လင်ပြတ်သားမှုတွေ၊ တစ်ဖြောင့်တည်းမောင်းနှင်ချိန်နဲ့ အကွေ့အဝိုက်မောင်းနှင်ချိန်အပေါ်မူတည်ပြီး ချိန်ညှိပေးနိုင်စွမ်းတွေအပြင် ပါကင်ထိုးရာမှာလည်း လိုတဲ့နေရာကို ပြသပေးနိုင်မှုတွေ ပါလာဦးမှာပါ။ ပိုကောင်းတဲ့အချက်က touchscreen တွေနဲ့ပေါင်းစပ်ပြီး zoom in zoom out လုပ်လို့လည်း ရဦးမှာဖြစ်ပါတယ်။

ဘယ်ကားတွေမှာ စပြီး ပါလာနိုင်မလဲ။ Lexus တွေဟာ ဒီနည်းပညာနဲ့ပတ်သက်ပြီး ၂၀၁၈ တုန်းကထုတ်ခဲ့တဲ့ ES executive saloon မှာကတည်းစတင်အသုံးပြုနေခဲ့ပါပြီ။ ဒါပေမဲ့ ဂျပန်နိုင်ငံအတွင်းမှာသာစတင်ခဲ့ကြတာပါ။ နိုင်ငံတကာအနေနဲ့ကတော့ လျှပ်စစ် SUV ဖြစ်တဲ့ Audi E-tron တွေမှာ စပါလာမှာဖြစ်ပြီး ကားအသေးတွေထဲကဆိုရင် Honda E မှာ စပါလာပါလိမ့်မယ်။

၂။ Digital Rear-view Mirror


မြန်မာနိုင်ငံမှာတော့ Range Rover Evoque မှာ ပထမဆုံးတွေ့ခဲ့ဖူးတဲ့ ကင်မရာနဲ့မှန် ပေါင်းစပ်ထားတဲ့ နောက်ကြည့်မှန်တွေပါ။ ဒီနည်းပညာကတော့ ဖြစ်လေ့ဖြစ်ထများတဲ့ blindspots များစွာကို 50° extra-wide view နဲ့ဖြေရှင်းပေးထားပြီး high-definition screen ဖြစ်တာကြောင့် ကြည်လင်မှုကလည်း အပြည့်နဲ့။ ပိုကောင်းတဲ့အချက်က နောက်ခုံမှာ အရပ်မြင့်တဲ့လူတွေကြောင့် ကွယ်တာမျိုးတွေ၊ boot မှာ ပစ္စည်းတွေနဲ့ပြည့်နေလို့ မမြင်ရတဲ့အချိန်မျိုးတွေမှာ သိပ်ကို အသုံးဝင်တာပါပဲ။

နောက်ပြီး digital rear-view mirror ဟာ အလင်းအားနည်းတဲ့အချိန်တွေမှာလည်း ရိုးရိုးမှန်ထက်ပိုကောင်းတဲ့မြင်ကွင်းရအောင် အထောက်အပံ့ပေးနိုင်တဲ့အပြင် ညဘက် နောက်ကြည့်မှန်ကို မီးထိုးတဲ့ဒဏ်ကလည်း အကောင်းဆုံး အကာအကွယ်ပေးနိုင်ဦးမှာပါ။

ဘယ်ကားတွေမှာ စပြီး ပါလာနိုင်မလဲ။ ၂၀၁၆ ထုတ် Cadillac CT6 မှစပါတဲ့နည်းပညာဖြစ်ပါတယ်။ နာမည်ကျော်တာကတော့ Jaguar Land Rover တွေရဲ့ Range Rover Evoque နဲ့ Jaguar XE တို့မှာပါတဲ့ ClearSight Rear View Mirror တွေပါပဲ။

၃။ Under-car Cameras


နံဘေးနောက်ကြည့်မှန်တွေနားမှာတပ်ထားတဲ့ ကင်မရာတွေနဲ့ grille ရှေ့မှာတပ်ထားတဲ့ ကင်မရာတွေပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ bonnet တခုလုံးကို ဖေါက်ထွင်းကြည့်လို့ရလာပါတော့တယ်။ ဒါမျိုးက ကားခေါင်းနဲ့လွတ်/မလွတ်အနေအထားမျိုးတွေ၊ ခွေးတွေကြောင်တွေ အိပ်နေတာမျိုးတွေအပြင် လမ်းကြပ်တဲ့အနေအထားမျိုးတွေအတွက် သိပ်ကို အထောက်အကူပေးပါတယ်။ အသုံးအဝင်ဆုံးကတော့ တောင်ဆင်းတောင်တတ်လမ်းကြမ်းတွေမောင်းတဲ့အချိန်မျိုးတွေမှာဖြစ်ပါလိမ့်မယ်။

ဒီနည်းပညာမှာ ခေတ်ရှေ့ပြေးတာကလည်း Jaguar Land Rover ပါပဲ။ သူတို့ကတော့ ClearSight Ground View နည်းပညာဆိုပြီး နာမည်ပေးထားပါတယ်။

ဘယ်ကားတွေမှာ စပြီး ပါလာနိုင်မလဲ။ Under-car Cameras တွေကို ClearSight Ground View အဖြစ်စတင်မိတ်ဆက်လိုက်တဲ့ကားကတော့ Range Rover Evoque ပဲဖြစ်ပါတယ်။

၄။ Intelligent Headlights

မီးစအကြီးအသေးနဲ့ ကားရှေ့မီးခေတ်က သိပ်မကြာခင်ကုန်ဆုံးတော့မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးပေါ်မီးတွေရဲ့လင်းအားဟာ သိပ်ကောင်းလွန်းတာမို့ အခြေအနေအများအပြားမှာ ဆန့်ကျင်ဘက်ယာဉ်ကြောပေါ်က ကားမောင်းသူရဲ့မျက်လုံးကို အထူးဒုက္ခပေးလို့ပါပဲ။

Intelligent Headlights တွေနဲ့ဆိုရင် အလင်းအမှိန်ကို အပေါ်မီးအောက်မီးစနစ်ထက်ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် ရာသီဥတုနဲ့ လမ်းအခြေအနေအပေါ်မူတည်ပြီး လင်းအားနဲ့ အလင်းအလျားကိုပါ အလိုအလျောက်ချိန်ပေးနိုင်ပါသေးတယ်။

LED matrix headlights တွေဟာ ပုံမှန် xenon မီးလုံးတွေထက်စာရင် ပိုလင်းပြီး ပိုတိကျတဲ့ illumination နဲ့ luminous intensity ကိုထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် intelligent ဖြစ်တာမို့လို့ ဆန့်ကျင်ဘက်ယာဉ်ကြောက ကားလာတဲ့အခါမှာလည်း အလိုအလျောက်သိရှိပြီး အဲဒီကားအတွက် သီးသန့်အကွက်လိုက် မီးအားလျော့ချပေးတာမျိုးကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

ဘယ်ကားတွေမှာ စပြီး ပါလာနိုင်မလဲ။ ပထမဆုံးသော LED matrix headlights တွေကတော့ Audi ရဲ့ A8 saloon မှာ ၂၀၁၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြပါတယ်။ Intelligent headlights တွေနဲ့ အလားတူနည်းပညာမျိုးအသုံးများတဲ့ကားတွေက ဂျာမနီအခြေစိုက်တွေဖြစ်ကြတဲ့ BMV ၊ Mercedes-BenzVolkswagen နဲ့ လက်ရှိအချိန်တရုတ်အပိုင် ဆွီဒင်အခြေစိုက် Volvo တို့ပဲဖြစ်ပါတယ်။

၅။ Intelligent Glass


နောင်လာမယ့်နေ့တွေမှာ မှန်ကို sticker အမည်းကပ်စရာလိုတော့မှာမဟုတ်ပါဘူး။ မှန်တွေမှာပါတဲ့ sensors တွေဟာ နေရောင်အပေါ်မူတည်ပြီး အလိုအလျောက်အရောင်ပြောင်းတာမျိုးပါလာတော့မှာဖြစ်ပါတယ်။ အဓိကကတော့ ကားအတွင်းမှာ ရှင်းရှင်းလင်းလင်းမြင်ရဖို့နဲ့ UV ရောင်ခြည်တွေရဲ့ဒဏ်ကို အကာအကွယ်ပေးဖို့ပါပဲ။ နည်းပညာကတော့ liquid crystal film နည်းပညာအသစ်ပါ။ ဒီနည်းပညာမှာက ဝိုင်ယာနန်းကြိုးတွေမလိုအပ်ဘဲ ကားရဲ့မှန်ကို ရေငွေ့မရိုက်စေဖို့အတွက် အပူပေးနိုင်ပါသေးတယ်။

ဘယ်ကားတွေမှာ စပြီး ပါလာနိုင်မလဲ။ တချို့ကားတွေရဲ့ panoramic sunroofs တွေမှာတော့ အဖွင့်အပိတ်ခလုတ်နဲ့စပါနေပါပြီ။ သိပ်မကြာခင်နှစ်အနည်းငယ်အတွင်း အလိုအလျောက် အလင်းအမှိန်လုပ်ပေးနိုင်တဲ့မှန်တွေ၊ နန်းကြိုးတွေမပါဘဲနဲ့ အပူပေးနိုင်တဲ့မှန်တွေ တပ်ဆင်ထားတဲ့ကားတွေကို တွေ့မြင်ကြရတော့မှာပါ။

Ref: Car technology of the future

Photos Credit to What Car?

Author