COVID-19 ကာလအတွင်း ရပ်ထားမယ့် ကားတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

0

Full article

ဘယ်လိုပဲပြောပြော COVID-19 ဟာ သေစေနိုင်တဲ့အပြင် တော်တော်ကြီးကိုလည်း ကူးစက်လွယ်တဲ့ ကပ်ရောဂါဆိုးကြီးပါ။ ဒီကပ်ရောဂါကြီးကို ကာကွယ်ဖို့၊ ကုသဖို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေ အစွမ်းကုန်ကြိုးစားလျက်ရှိကြပေမဲ့ လက်ရှိအချိန်အထိ အကောင်းဆုံးနည်းကတော့ မိမိတို့အိမ်မှာသာ အပြင်မထွက်ဘဲ တင်းတင်းကြပ်ကြပ်နေထိုင်ကြဖို့ ဖြစ်နေပါသေးတယ်။ ကိုယ့်အိမ်မှာကိုယ်နေရုံနဲ့ပြီးလားဆိုတော့ မပြီးသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ COVID-19 ဟာ အချိန် တစ်လလောက်နဲ့ ပြီးစီးသွားနိုင်မယ့် ပြဿနာမျိုးမဟုတ်ဘဲ အနည်းဆုံးအချိန် သုံးလလောက်တော့ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ဖြစ်နေတာကြောင့်ပါ။ ဒါဟာအနည်းဆုံးနဲ့ နှိုင်းယှဉ်ပြောရခြင်းဖြစ်ပါတယ်။ သိပ်မကြာသေးခင်က မြို့ကိုပြန်ဖွင့်လိုက်တဲ့ COVID-19 အစပြုရာ ဝူဟန်ဆိုရင် ဒီကိုရိုနာဗိုင်းရတ်ကို တိုက်ထုတ်နိုင်တာ လက်ရှိအချိန်အထိ ကမ္ဘာမှာ အမြန်ဆုံးဖြစ်နေပြီး ခန့်မှန်းခြေအားဖြင့် သုံးလဝန်းကျင်ကြာမြင့်ခဲ့တာပါ။​

ဒီလိုကာလရှည် နေအိမ်အတွင်းမှာ နေထိုင်ကြရမှာဖြစ်တဲ့အတွက်လည်း WFH (Work From Home) လိုမျိုး မိမိနေအိမ်ကနေ အလုပ်လုပ်ရတာမျိုးတွေရှိလာတဲ့အပြင် မိမိတို့အသုံးပြုနေကျဖြစ်ခဲ့တဲ့ မော်တော်ကားတွေဟာလည်း နေအိမ်ရဲ့ ဂိုဒေါင်တွေ၊ ကားရပ်ထားစရာနေရာတွေမှာ ကာလရှည်ရပ်ထားရကောင်း ရပ်ထားရမယ့်အဖြစ်တွေလည်း ရှိလာခဲ့ရပါပြီ။

တကယ်တော့ ကားဆိုတာမျိုးက အချိန်မှန်အသုံးပြုနေဖို့လိုအပ်ပြီး အဲဒီလိုအသုံးပြုနိုင်ခြင်းမရှိတဲ့အခါမှာ ပျက်စီးယိုယွင်းသွားနိုင်တဲ့အချက်ကလေးတွေရှိနေပါတယ်။​ ဘာတွေဖြစ်မလဲ၊ ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရအောင်လား။

တာယာတွေ

ကာလရှည်ကားရပ်ထားတာမျိုးမှာ အဓိကဖြစ်လေ့ဖြစ်ထရှိတာမျိုးက တာယာပြားသွားပြီး အဲဒီပြားတဲ့ဘက်ခြမ်းက တာယာနာသွားတာမျိုးပါ။ ဒီလိုမျိုးက ရက်သတ္တပတ်၊ နှစ်ပတ်အတွင်းမှာတော့ ဖြစ်လေ့ဖြစ်ထနည်းတယ်။ ပစ္စည်းအရည်အသွေးနဲ့ ထုတ်လုပ်တဲ့စက်ရုံရဲ့ အကြံပေးချက်များကို လိုက်နာမှု ရှိ/မရှိအပေါ်မူတည်ပြီး တစ်လလောက်အထိ အထားခံနိုင်တယ်လို့ဆိုကြတယ်။​ အေးတဲ့နိုင်ငံတွေမှာ ပိုပြီးအဖြစ်များတတ်တာမို့ မြန်မာနိုင်ငံမှာ သိပ်မစိုးရိမ်ရဘူးဆိုပေမဲ့ အကြာကြီးရပ်ထားဖို့ရှိပြီဆိုရင် တစ်ပတ်ကို တစ်ခါလောက်တော့ ကားတာယာတွေကို စစ်ဆေးပေးသင့်တယ်။ လိုအပ်ရင် လေထိုးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ နောက်တစ်ခုက ပုံမှပြထားတဲ့အတိုင်း flat spot prevention tool ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။  

ဘရိတ်တွေ

ကာလရှည် ကားကိုရပ်ထားမယ်ဆိုရင် ဘရိတ်နဲ့ပတ်သတ်ပြီးဖြစ်နိုင်တာကတေ့ rotors တွေရဲ့မျက်နှာပြင်မှာ သံချေးကိုက်နေနိုင်တာပါပဲ။ ဒါမျိုးဟာ တစ်လလောက်အတွင်းမှာတော့ ဖြစ်လေ့ဖြစ်ထနည်းပြီး တစ်လထက်ကျော်သွားမယ်ဆိုရင်တော့ တော်တော်လေးသတိပြုရမှာပါ။​ နောက်တစ်ချက်က တစ်လဝန်းကျင်လောက် ကားကိုရပ်ထားမယ်လို့ ရည်ရွယ်ချက်ရှိရင် parking brake ကိုဖြုတ်ထားသင့်ပါတယ်။ နောက်ဆုံးအနေနဲ့က ကားကိုပြန်မောင်းတော့မယ်ဆိုရင် အရင်ဆုံး စမ်းသပ်စစ်ဆေးတာမျိုးတွေလုပ်ပြီးမှသာ မောင်းနှင်သင့်တယ်ဆိုတာပါ။

ဘက်ထရီ

ကားကိုအချိန်ကြာကြာရပ်ထားမယ်ဆိုရင် သတိပြုရမယ့်အထဲမှာ ဘက်ထရီကလည်း အရေးကြီးတဲ့နေရာမှာပါဝင်ပါတယ်။​ ရပ်ထားတဲ့အချိန်ကြာလာတာနဲ့အမျှ ကားဘက်ထရီဟာ အားနည်းသွားပြီး တွန်းနှိုးရတာမျိုးတွေ၊ ဘက်ထရီငှားပြီး နှိုးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပုံမှာပြထားတဲ့ Battery tender လိုမျိုး ရှိရင်တော့ အကောင်းဆုံးပေါ့။ အဲဒီလိုမှမဟုတ်ဘူး။ ကားကိုအကြာကြီးရပ်ထားတော့မယ်ဆိုရင် ဘက်ထရီကို ဖြုတ်ထားနိုင်ပါတယ်။

တိရစ္ဆာန်လေးတွေ

အဓိကကတော့ ကြွက်တွေပါပဲ။ ကြွက်တွေရဲ့သွားထက်ထက်လေးတွေဟာ ကားရဲ့အင်ဂျင်ခန်းထဲမှာရှိတဲ့ ဝါယာကြိုးတွေကို အလုံးစုံပျက်စီးစေနိုင်ပါတယ်။​ ရပ်ထားချိန်ကြာလာတာနဲ့အမျှ ကြိုးတွေပိုက်တွေအားလုံးကုန်သွားနိုင်တာမျိုးဖြစ်တဲ့အတွက် သတိကြီးကြီးထား ကာကွယ်ဖို့လိုပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကတော့ ယာဉ်ရပ်ထားမယ့်နေရာအနေအထားအပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ လုပ်သင့်တာက အင်ဂျင်ဖုံးကိုဖွင့်ပြီး ကြွက်တွေဝင်တတ်တဲ့ ခြေရာလက်ရာရှိမလားကို သေချာစစ်ဆေးပါ။​ ကြွက်ထောင်ချောက်၊ ကြွက်ပြေးတဲ့ရနံ စတာတွေကိုလည်းအသုံးပြုနိုင်သလို ကားတစ်စီးလုံး လုံအောင်ထည့်ပြီးပိတ်လို့ရတဲ့ ကာဗာမျိုးကိုလည်း အသုံးပြုနိုင်တာပါပဲ။ သတိပြုဖို့က အခရာဖြစ်ပြီး ဖြေရှင်းပုံကတော့ အမျိုးမျိုးရှိနိုင်တာမျိုးပေ့ါ။

ဆေးသားတွေ

အမိုးအကာမရှိဘဲ ဟင်းလင်းပြင်မှာ အချိန်ကြာကြာရပ်ထားမယ်ဆိုရင်တော့ ပျက်စီးမှုစာရင်းမှာ ကားရဲ့ ဆေးသားကိုပါထည့်လိုက်ပါတော့။ ဘာဖြစ်လို့လည်းဆိုတော့ ဖုန်တွေ၊ ငှက်ချေးတွေအပြင် သစ်စေးတွေနဲ့ မိုးမရွာရင်တောင်မှ ရေအမှုံအမွှားတွေ စုပုံကပ်နေသလို ဖြစ်တော့မှာမို့လို့ပါ။ အချိန်ကြာလာတာနဲ့အမျှ အဲဒီအရာတွေဟာ ကားရဲ့ဆေးသားကို ထိခိုက်ပျက်စီးစေတော့မှာအသေအချာပါပဲ။ ဒါကြောင့် ဂိုဒေါင်လိုမျိုးနဲ့မထားနိုင်ဘူးဆိုရင် weather car cover မျိုးအသုံးပြုဖို့အကြံပေးချင်ပါတယ်။​

ဆီတွေ

ဆီတွေဟာလည်း ကာလရှည်ရပ်ထားမယ့်ကားတစ်စီးအတွက် အဓိကဖြေရှင်းရမယ့်အချက်တစ်ခုပါပဲ။ လောင်စာဆီကို သပ်သပ်ခွဲထားနိုင်ပေမဲ့ သင့်ရဲ့ဆီတိုင်ကီထဲမှာ ရေငွေ့ရိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။​ အင်ဂျင်ဝိုင်တို့၊ ဂီယာဝိုင်တို့၊ ဘရိတ်ဆီတို့ဟာလည်း ရပ်ထားတဲ့ကာလကြာရှည်တာနဲ့အမျှ စေးပြစ်ခြောက်သွေ့နိုင်ပြီး ဆက်စပ်ပစ္စည်းတွေဟာ ကျွတ်ဆတ်မာကျောမှုတွေဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သုံးလလောက် လုံးဝပစ်ထားတဲ့ကားတစ်စီးကို အသုံးပြုတော့မယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ အရင်ဆုံး စစ်ဆေးသင့်လှပါတယ်။

"ဒီလိုမှမဟုတ်ဘူးဆိုရင်တော့၊ အနည်းဆုံး တစ်ပတ်ကို တစ်ခါ၊ တစ်ခါကို နာရီဝက် တစ်နာရီလောက်တော့ ကားစက်နှိုးတာမျိုး၊ အနည်းငယ်မောင်းတာမျိုးကို မဖြစ်မနေပြုလုပ်ပေးသင့်လှပါတယ်။​"

Ref: Car Maintenance and Repair During COVID-19 by Will Kaufman

Author