အဖြစ်အများဆုံး ကားအဲကွန်း ပြဿနာများ

0

Full article


ဒီရက်ပိုင်းအတွင်း မိုးအကုန် ဆောင်းအကူး နေပူလာလို့လားမသိ၊ ကျနော်တို့အလုပ်ရုံကို ကားအဲကွန်းလာစစ်တဲ့သူတွေ၊ အဲကွန်းမအေးလို့ လာပြုပြင်တဲ့သူတွေ တော်တော်လေးကို များပါတယ်။ ဟိုးအရင် ကားအဲကွန်းစနစ်အသုံးနည်းကြတဲ့ ကားဟောင်းဈေးကွက်ကနေ အခုလက်ရှိ ကျနော်တို့ပတ်ဝန်းကျင်မှာ အသုံးပြုနေကြတဲ့ မော်ဒယ်မြင့် ကားတွေမှာ Air Conditioning  လို့ခေါ်တဲ့ ကားအအေးပေးစနစ် (အပူအအေးလိုသလိုပြောင်းလဲပေးသော) ဟာ ကားအတွက် မရှိမဖြစ် စနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲလာပါပြီ။ ကားအဲကွန်းစနစ် မကောင်းရင် မိုးရွာထဲ ကားမောင်းတဲ့ အချိန် ကားရှေ့လေကာမှန်ကို ရေငွေ့တွေရိုက်ပြီး မြင်ကွင်းမရှင်းလို့ မောင်းရတာအဆင်မပြေသလို နေပူတဲ့အချိန်လည်း ပြင်ပအပူချိန်ကြောင့် ကားမောင်းရတာ အဆင်မပြေပင်ပန်းပါတယ်။ ဒါကြောင့် ယနေ့ခေတ်ကားဈေးကွက်မှာ ကားဝယ်တော့မယ် ရောင်းတော့မယ်ဆိုရင်သာမက ကားဌားစီးတာကအစ ကားအဲကွန်းကောင်း/မကောင်း၊ ကားအဲကွန်းပါ/မပါ ဆိုတာမျိုးတွေဖြစ်လာနေပါပြီ။

ဒီနေ့တော့ ကားအဲကွန်းစနစ်နဲ့ ပတ်သက်ပြီး အဖြစ်များ၊ အပျက်များတဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးချင်ပါတယ်။ ကားအဲကွန်းပြဿနာလေးတွေ မပြောခင် ကားအဲကွန်းစနစ်မှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ အရင်ဆုံး မိတ်ဆက်ထားဖို့လိုပါတယ်။ ဒါမှသာ ကားအဲကွန်းစနစ်ကို ရှင်းပြတဲ့အခါ အလွယ်တကူနားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။

ကားအဲကွန်းစနစ်မှာ ပါဝင်တဲ့ အဓိကပစ္စည်းများ

  • Compressor
  • Condenser and Fan
  • Receiver/ Drier (Filter)
  • Expansion Valve
  • Evaporator and Blower
  • Refrigerant
    စတဲ့ အဓိကကျတဲ့ ပစ္စည်းအစိတ်အပိုင်းတွေပေါင်းစပ်ပြီး Car Air Conditioning System တစ်ခုလည်ပတ်နေပါတယ်။

Compressor (ကွန်ပရက်ဆာ)


ကွန်ပရက်ဆာဆိုတာကတော့ ကားအဲကွန်းစနစ်ရဲ့ အဓိကအရေးပါဆုံး အစိတ်အပိုင်း၊ အဲကွန်းစနစ်ရဲ့ အသည်းနှလုံးဆိုရင်လည်းမမှားပါဘူး။ ဒီ ကွန်ပရက်ဆာက ဘာတွေလုပ်တာလဲဆိုရင်တော့ (Low Pressure) ဖိအားနိမ့်အခြေအနေမှာရှိတဲ့ အဲကွန်း Gas (Refrigerant) တွေကို (High Pressure) ဖိအားမြင့်တဲ့ အရည် အခြေအနေဖြစ်အောင် ဖိသိပ်ပေးရာမှာ ဖိအားနဲ့ အပူချိန်မြင့်အောင်လုပ်ပေးတဲ့ အလုပ်ကို အဓိက လုပ်ဆောင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ကားအဲကွန်းစနစ်မှာ အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။


ကွန်ပရက်ဆာတွေမှာ Reciprocating Type နဲ့ Rotary Type ဆိုပြီး အခြေခံအားဖြင့် ၂ မျိုးခွဲခြားထားပါတယ်။ ကွန်ပရက်ဆာ လည်ပတ်ဖို့အတွက်ကတော့ ကားအင်ဂျင်မှာပါဝင်တဲ့ Crankshaft နဲ့ တွဲဖက်ထားတဲ့ Main Pulley ကို Belt ကြိုးနဲ့ ချိတ်ဆက်ပြီး ကွန်ပရက်ဆာကို လည်ပတ်စေပါတယ်။

Condenser (အပူကွိုင်) နဲ့ Fan (ပန်ကာ)


Condenser ကိုတော့ မြန်မာနိုင်ငံက ကားလောကမှာ အပူကွိုင်လို့ အခေါ်များကြပါတယ်။  ကားရေတိုင်ကီ (Radiator) နဲ့ ပုံစံဆင်တူပြီး ရေတိုင်ကီနဲ့ပဲ အတူတွဲပြီးတပ်ဆင်ထားတာများပါတယ်။ ဒီကောင်လေးရဲ့ အဓိက အလုပ်လုပ်ပုံကတော့ Compressor ကနေ ဖိသိပ်ပေးလိုက်တဲ့ High pressure နဲ့ High Temperature ဖြစ်တဲ့ ဖိအားမြင့် အပူချိန်မြင့် Gas ကနေ အရည်အဖြစ်ကူးပြောင်းကာစ Refrigerant တွေကို အပူချိန်စွန့်ထုတ်စေပြီး အရည် အဖြစ်သို့ ကူးပြောင်းစေတာကို အဓိကလုပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သူနဲ့အတူ တွဲဖက်ထားတဲ့ Radiator Fan ၊ AC Fan တွေရဲ့ လည်ပတ်မှုကနေ အပူစွန့်ထုတ်စေတာမျိုးဖြစ်ပါတယ်။

Receiver / Drier


Receiver / Drier ကိုတော့ မြန်မာနိုင်ငံကားလောကမှာ Filter လို့ ခေါ်ကြတာများပါတယ်။ ဒါပေမဲ့ ဒီကောင်လေးရဲ့ တကယ့်ဖွဲ့စည်းပုံက Filter (ဇကာစစ်) နဲ့ Desiccant လို့ခေါ်တဲ့ ရေခိုးရေငွေ့တွေကို စုပ်ယူနိုင်တဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ဒီကောင်လေးရဲ့ အဓိကလုပ်ဆောင်ချက်တွေက အပူကွိုင် (Condenser) ကနေလာတဲ့ အရည်အဖြစ်စီးဆင်းလာတဲ့ Liquid Refrigerant တွေကို ယာယီသိုလှောင်ထားပေးတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။ နောက်တစ်ချက်အနေနဲ့က ဒီ အဲကွန်းစနစ်ထဲမှာ လည်ပတ်နေတဲ့ Gas တွေနဲ့ ပါလာတဲ့ အမှုန်တွေ၊ ရေခိုးရေငွေ့တွေ၊ အညစ်အကြေးတွေကို စုပ်ယူသန့်စင်ပေးတဲ့ လုပ်ငန်းဆောင်တာကို လုပ်ပါတယ်။


ရေခိုးရေငွေ့တွေက ကားအဲကွန်းစနစ်အတွက် အတော်လေးကို အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားအဲကွန်းစနစ်ထဲမှာ ရေခိုးရေငွေ့တွေပါသွားတယ်ဆိုရင် အဲဒီရေငွေ့တွေက ကားအဲကွန်းစနစ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ကြေး (ချေး) စားပျက်စီးစေပါတယ်။ နောက် အဲဒီရေငွေ့တွေက ရေခဲပုံစံဖြစ်သွားပြီး Expansion Valve မှာသွားပိတ်မယ်ဆိုရင် အဲကွန်းထဲမှာလည်ပတ်ရမယ့် Refrigerant ဆိုတဲ့ Gas တွေမလည်ပတ်နိုင်တော့ပါဘူး။ ဒါကြောင့် ရေခိုးရေငွေ့တွေဟာ ကားအဲကွန်းစနစ်အတွက် အတော်လေးကို ဒုက္ခပေးတဲ့ အရာတွေပါ။

Expansion Valve


ဒီ Valve ကတော့ Receiver / Drier ကနေလာတဲ့ ဖိအားမြင့် အရည် Liquid Refrigerant တွေကို Orifice (ဆိုတဲ့ကန်တော့ပုံ အပေါက်ကျဉ်း) အမှုန် အမွှားလေးတွေအဖြစ် ပန်းထွက်စေပြီး ဖိအားနဲ့ အပူချိန်ရုတ်တရက်လျော့ကျသွားအောင် လုပ်ဆောင်ပေးတဲ့ တာဝန်ကိုထမ်းဆောင်ပါတယ်။

Evaporator (အအေးကွိုင်)


ဒီ Evaportor ကိုတော့ အအေးကွိုင်လို့ လူသိများကြပြီး Condenser (အပူကွိုင်) နဲ့ ပြောင်းပြန်သဘောတရားမျိုး အလုပ် လုပ်ဆောင်ပါတယ်။ ဒီကောင်လေးကိုတော့ ကားရဲ့ Dashboard ဒက်ဘုတ်အောက်မှာ တပ်ဆင်ထားလေ့ရှိပါတယ်။ ဒီကောင်လေးရဲ့ အလုပ်လုပ်ဆောင်ပုံကတော့ Expansion Valve ကနေ ဖြတ်သန်းလာတဲ့ ဖိအားနိမ့် အပူချိန်နိမ့် Refregerant အရည်အမှုန်အမွှားလေးတွေကို အငွေ့အခြေအနေဖြစ်အောင် လုပ်ဆောင်ပေးတဲ့တာဝန်ယူပါတယ်။


ဒီလို အငွေ့အခြေအနေဖြစ်ပြီး အပူချိန်အရမ်းနိမ့်နေတဲ့ (Low Temperature) Refrigerant တွေကို Blower Fan ကနေ မှုတ်ထုတ်ပြီး ကားအတွင်းပိုင်း လေအေးနေအောင် ဆောင်ရွက်ပေးပါတယ်။

Refrigerant (အဲကွန်း Gas)


ဒီ Refrigerant ကိုတော့ အဲကွန်း Gas လိုပဲ အများအားဖြင့် ခေါ်ကြပြီး၊ အဲကွန်းမအေးတော့ရင် Gas မရှိဘူးလား၊ Gas လျော့နေတာလား၊ Gas နည်းနေတာလား အစရှိသဖြင့် ပြောဆိုတတ်ကြပါတယ်။တကယ်က ဒီအဲကွန်းဂတ်စ်လို့ခေါ်တဲ့ Refrigerant ဆိုတာ သာမာန် Gas ဆိုတာထက်၊ မီးမလောင်နိုင်သော၊ ပေါက်ကွဲမှု မဖြစ်စေနိုင်သော၊ အဆိပ်အတောက် မဖြစ်စေနိုင်သော၊ သံချေးတက်မှု မဖြစ်စေနိုင်သော၊ အနံ့အသက်မရှိသော အစရှိတဲ့ ဂုဏ်သတ္တိတွေရှိတဲ့ အရာတစ်မျိုးပါ။


ဟိုးအရင်ခေတ် မော်တော်ကားတွေမှာတော့ ကားအအေးပေးစနစ်အတွက် CFC-12 (R-12) ဆိုတဲ့ Refrigerant ကို အသုံးပြုကြပြီး၊ နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ (CFC-12) မှာပါတဲ့ ကလိုရင်းဓာတ်ငွေ့က ကမ္ဘာ့လေထုမှာရှိတဲ့ အိုဇုန်းလွှာကို ပျက်စီးစေနိုင်တယ်ဆိုပြီး လက်ရှိအသုံးပြုနေတဲ့ HFC -134a (R-134a) ကို အစားထိုးအသုံးပြုလာကြတာဖြစ်ပါတယ်။


ကားတော်တော်များများရဲ့ ဘောနက်ကို လှန်ပြီး ဘောနက်ဖုံးအတွင်းပိုင်းကို ကြည့်မယ်ဆိုရင် HFC-134a ဒါမှမဟုတ် R-134a လို့ ရေးထားတာလေးတွေကို တွေ့နိုင်ပါတယ်။

ကားအဲကွန်းစနစ်တစ်ခု ဘယ်လိုအလုပ်လုပ်သလဲ?


ကားအဲကွန်းစနစ်လည်ပတ်ပုံ အခြေခံကို ပြောရမယ်ဆိုရင်တော့ Refrigerant ဆိုတဲ့ Gas တွေကို အပူချိန်နဲ့ ဖိအား အမျိုးမျိုးရအောင် အဲကွန်းစနစ်မှာပါတဲ့ ပစ္စည်းတွေနဲ့ ထိန်းချုပ်ပြီး အဲဒီ Gas တွေ အဆက်မပြတ် လည်ပတ်စေကာ အအေးပေးစနစ်တစ်ခုဖြစ်ပေါ်စေပါတယ်။ ထပ်ရှင်းပြရရင်တော့……
ကားမှာပါတဲ့ AC ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး On လိုက်တာနဲ့ ကားမှာတပ်ဆင်ထားတဲ့ Compressor ကနေ ကားအဲကွန်းစနစ်ထဲက Refrigerant အငွေ့ဖြစ်နေတဲ့ Gas တွေကို ဖိသိပ်ပြီးအပူချိန်နဲ့ ဖိအားမြင့်အငွေ့တွေအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။


အဲဒီအပူချိန်နဲ့ ဖိအားမြင့်အငွေ့အခြေအနေရှိတဲ့ Refrigerant တွေက Condenser ဆိုတဲ့ အပူကွိုင်ထဲကို စီးဝင်ပြီး ပန်ကာတွေရဲ့ လည်ပတ်မှုကြောင့် အပူချိန်လျော့ကျပြီး အရည် အခြေအနေကိုကူးပြောင်းပါတယ်။ အဲဒီ ဖိအားမြင့် အပူချိန်မြင့်နေသေးတဲ့ Refrigerant အရည်တွေက Receiver ထဲမှာ ဝင်ရောက်သိုလှောင်ပြီး ရေခိုးရေငွေ့ဖယ်ရှားတာမျိုး လုပ်ဆောင်ပါတယ်။


အဲဒီလို သန့်စင်ထားတဲ့ Refrigerant တွေကို Expansion Valve ကနေ တစ်ဆင့်ဖြတ်သန်းစေခြင်းဖြင့် အပူချိန်နဲ့ ဖိအားလျော့ကျစေပြီး အရည်နဲ့အငွေ့ရောနှောစပြုနေတဲ့ Refrigerant ဘဝကိုရောက်စေပါတယ်။ အဲဒီလို အခြေအနေဖြစ်နေတဲ့ Refrigerant တွေကို Evaporator (အအေးကွိုင်) ထဲရောက်စေပြီး၊ အရည်ဘဝကနေ အပူချိန်နိမ့်၊ ဖိအားနိမ့် အငွေ့ဘဝကို ကူးပြောင်းစေပါတယ်။ အဲဒီလို အပူချိန်နိမ့် ဖိအားနိမ့် အငွေ့အခြေအနေရှိတဲ့ Refrigerant တွေကို Blower Fan မော်တာကနေ တစ်ဆင့် ကားအတွင်းခန်းထဲကို မှုတ်သွင်းပေးခြင်းဖြင့် ကားအတွင်းခန်းကို အေးမြစေပါတယ်။ အဲ့ဒီနောက် အဲ့ဒီအငွေ့တွေကို Compressor ကို တဖန်ပြန်လည်ပို့ဆောင်ပေးပါတယ်။ ဒီလိုနည်းနဲ့ ကားအအေးပေးစနစ်က စဉ်ဆက်မပြတ်လည်ပတ်နေပါတယ်။

အဖြစ်များဆုံး ကားအဲကွန်း ပြဿနာများ

၁။ ကားအဲကွန်း Gas (Refrigerant) လျော့တာ၊ မရှိတာ


ကားအဲကွန်းမအေးတော့ဘူးဆိုရင် အဖြစ်များဆုံး ပြဿနာတစ်ခုက အဲကွန်း Refrigerant လျော့တာမျိုးပါ။ ကားအဲကွန်း Gas လျော့/မလျော့ကို အဲကွန်း စနစ်သုံး Pressure Gauge တွေနဲ့ တိုင်းတာကြည့်နိုင်ပြီး၊ ကားအဲကွန်း Refrigerant တွေလုံးဝမရှိတာမျိုးဆိုရင်တော့ Refrigerant တွေယိုစိမ့်ထွက်တာ ပေါက်နေတာတွေကြောင့်ဖြစ်နိုင်ပါတယ်။  ဒီလိုအခြေအနေမျိုးဆိုရင်တော့ ကားအဲကွန်းစနစ်မှာရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ၊ ပိုက်လိုင်းတွေရဲ့ Leakage (ယိုစိမ့်)တွေကို စစ်ဆေးပြီး၊ ယိုစိမ့်နေတဲ့ နေရာတွေကို ပြုပြင်ဖာထေးပြီးမှ Refrigerant တွေကို ပြန်လည်ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ယိုစိမ့်နေတဲ့နေရာတွေကို မပြုပြင်ဘဲ Gas ဖြည့်သွင်းမယ်ဆိုရင်တော့ ဂျာအေးသူ့အမေရိုက်သလို အဲကွန်း Gas တွေပြန်ယိုစိမ့်ပြီး အဲကွန်း မအေးတာမျိုး ပြန်လည်ဖြစ်စေမှာပါ။

၂။ အပူကွိုင် (Condenser) ကြေးပိတ်တာ၊ ပျက်စီးတာ


ဒီကောင်လေးရဲ့ လုပ်ဆောင်ချက်ကလည်း ဖိအားမြင့်၊ အပူချိန်မြင့် အငွေ့တွေကို အရည်အဖြစ်စတင်ကူးပြောင်းပေးတဲ့ အလုပ်ကို လုပ်ဆောင်တာမို့လို့ ဒီအပူကွိုင်ပျက်စီးရင်၊ ကြေးပိတ်ရင်၊ ကောင်းကောင်း အလုပ်မလုပ်တော့ရင်လည်း ကားအဲကွန်းစနစ်ကိုများစွာ အနှောင့်အယှက်ပေးပါတယ်။ ဒီကောင်လေးတွေကတော့ ကားရေတိုင်ကီနဲ့တွဲပြီးရှိတာမို့ လေထဲမှာပါတဲ့အမှုန်အမွှားတွေ ကြေးတွေသဲတွေက ဒီအပူကွိုင်ရဲ့ ဒလက်လေးတွေကြားထဲမှာ ကြေးပိတ်မိပြီး အပူစုပ်ယူမှုအားနည်းတာမျိုးတွေကြောင့်လည်း ပျက်စီးတတ်ပါတယ်။


အဲကွန်းပြုပြင်တဲ့သူအများစုကတော့ ဒီ အပူကွိုင်တွေကို ရေပန့်တွေနဲ့ ဆေးကြောသန့်စင်တာမျိုးလုပ်ဆောင်ပြီး ကြေးနဲ့အညစ်အကြေးတွေကို ဖယ်ရှားပြုပြင်တတ်ကြပါတယ်။ ဆေးကျောသန့်စင်လို့ မရနိုင်လောက်တော့တဲ့ အတွင်းပိုင်း ပိတ်ဆို့တာမျိုးဆိုရင်တော့ အသစ်လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၃။ Fan Motor မကောင်းတာ


ဒီ Fan Motor တွေမကောင်းတာကလည်း ကားအဲကွန်း မအေးရခြင်းရဲ့  ပြဿနာထဲမှာ အဖြစ်များတဲ့ ပြဿနာပါပဲ။ ပုံမှန်အားဖြင့် ကားအများစုမှာ ကားအဲကွန်း AC ခလုတ်ကို On လိုက်တာနဲ့ ကား Radiator ရေတိုင်ကီနဲ့ Condenser မှာတပ်ဆင်ထားတဲ့ Fan Motor တွေက Low Speed နဲ့ လည်ပတ်ပါတယ်။ ဒီနေရာမှာ Fan Motor တွေ မကောင်းတော့ဘူး မလည်တော့ဘူးဆိုရင် ကားအဲကွန်း မအေးတော့ပါဘူး။ နောက်ထပ်တွေ့ရတာက အမျိုးအစားမတူတဲ့ Fan Motor တွေတပ်ဆင်အသုံးပြုတာမျိုးပါ။ ဥပမာ ပြောရရင် Alphard တွေမှာ အဖြစ်များပါတယ်။ ဂျပန်ကနေ ပါလာတဲ့ Original တွေ ကာဗွန်ကုန်လို့၊ သက်တမ်းကုန်လို့ လဲတဲ့အခါ သူပုံစံနဲ့တူညီတဲ့ အမျိုးအစားတူ နံပါတ်တူတွေကိုပဲ လဲလှယ်ရမှာပါ။ ပုံစံတူတာ တစ်ခုတည်းနဲ့ သွားထည့်လိုက်တဲ့အခါ၊ အတွင်းမှာပါတဲ့ ကွိုင်အရေအတွက်ပုံစံတွေမတူတဲ့အတွက် လည်ပတ်နှုန်းမတူတဲ့အခါ၊ နေအပူချိန်မြင့်လာတဲ့အခါ ကားအဲကွန်းဖွင့်ရင် မအေးတော့တာ၊ ကား Heat တက်တာတွေ ဖြစ်လာပါတော့တယ် ။ ဒါကြောင့် ကားအဲကွန်းစနစ်အတွက် Fan Motor တွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းပါ။

၄။ Compressor တွေမကောင်းတာ၊ Compressor ကျလာတာ


နောက် အဖြစ်များတဲ့ ပြဿနာတစ်ခုက compressor မကောင်းတာမျိုးပါ။ အပေါ်မှာ ပြောပြထားခဲ့တဲ့အတိုင်း ကား Compressor က ကားအအေးပေးစနစ်အတွက် အရေးကြီးဆုံးလိုဖြစ်နေတဲ့ အစိတ်အပိုင်းပါ။ ဒီ Compressor တွေက သက်တမ်းကြာလာတာမျိုး ဒါမှမဟုတ် Refrigerant တွေဖြည့်တဲ့အခါ လိုတာထက်ပိုတဲ့ Over ဖြစ်တာမျိုးစတဲ့ အကြောင်းတွေကြောင့် ပျက်စီးတတ်ပါတယ်။ ဒီလို ပျက်စီးသွားတာ ဒါမှမဟုတ် ကောင်းနေသေးရင်တောင် ကားအအေးပေးစနစ်အတွက် လုံလောက်တဲ့ဖိအားနဲ့ အပူချိန်ရှိတဲ့ Refrigerant တွေဖြစ်အောင် မလုပ်ဆောင်နိုင်တော့တာတွေကြောင့် ကားအဲကွန်းမအေးတော့တာ ဒါမှမဟုတ် ကားအဲကွန်းအအေးပေါ့တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ ကားအဲကွန်း Compressor ကို အသစ်လဲလှယ်ပေးရမှာပါ။

၅။ Electrical Problem


ဒီအချက်ကလည်း ကားအအေးပေးစနစ်မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါပဲ။ ယခုလက်ရှိအသုံးပြုနေတဲ့ ကားအများစုမှာ အသုံးပြုထားတဲ့ Compressor တွေက Magnet Type ဆိုတဲ့ Clutch ပုံစံတွေပါ၊ အခြား Sensor Type ပုံစံတွေလည်းရှိပါတယ်။ ကားအဲကွန်းမဖွင့်ခင် ကားစက်လည်ပတ်နေချိန်မှာ ကားမှာရှိတဲ့ Compressor က ဒီအတိုင်း free လည်ပတ်နေတာပါ။ ကားအဲကွန်းဖွင့် AC on လိုက်တဲ့အချိန်ရောက်ပြီဆိုမှ ကား AC ခလုတ်ကနေတစ်ဆင့် Magnet ကို Battery + ပေးမယ့် Relay ကဆွဲပြီး ကား Compressor Clutch ကိုကပ်စေကာ Compressor ကို ဖိသိပ်ခြင်းလုပ်ငန်းကိုလုပ်စေပါတယ်။ ဒီလို Clutch Type ပါတဲ့ Compressor တွေ AC ဖွင့်လိုက်ပြီဆို Magnet Clutch ကပ်တဲ့အသံ ‘ခွပ်’ ၊ ‘ချပ်’ စတဲ့ အသံလေးတွေကြားရတာဖြစ်ပါတယ်။ ဒီနေရာမှာ Electrical Problem တစ်ခုဖြစ်နေတဲ့၊ ဥပမာ AC ကို Battery + ရောက်စေမယ့် Relay ပျက်နေမယ် ဒါမှမဟုတ် လွတ်နေမယ်၊ Wiring ကြိုးလိုင်းတွေ ကြွက်ကိုက်လို့ဖြစ်စေ ပျက်နေမယ်ဆိုရင်တော့ ကားအဲကွန်း Compressor မကပ်နိုင်တော့ဘဲ ကားအဲကွန်းမအေးတာမျိုးတွေ ကြုံတွေ့လာရမှာပါ။ ဒီ Electrical System တွေက တချို့မော်ဒယ်မြင့်ကားတွေမှာ ရှုပ်ထွေးတဲ့ စနစ်တွေနဲ့ တည်ဆောက်ဖွဲ့စည်းထားတာမို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးပြုပြင်သင့်ပါတယ်။

ကားအဲကွန်းစနစ်ကလည်း နောက်ပိုင်းမော်ဒယ်မြင့်ကားတွေမှာ နည်းပညာမြင့်မားရှုပ်ထွေးလာတာမို့ အခြားဖြစ်နိုင်တဲ့ ပြဿနာများစွာလည်းရှိပါသေးတယ်။ ဒီအချက်တွေကတော့ ကားအဲကွန်း မအေးစေရခြင်းရဲ့ အဖြစ်များဆုံး အခြေခံကျတဲ့ ပြဿနာတွေကို ဗဟုသုတ အနေနဲ့ တင်ပြထားတာပါ။

စာဖတ်သူမိတ်ဆွေ ညီအစ်ကိုမောင်နှတွေအနေနဲ့ ကားအဲကွန်းစနစ်ရဲ့ လည်ပတ်ပုံအခြေခံနဲ့ အဖြစ်များဆုံး ပြဿနာတွေကိုနားလည်သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Author