တောလမ်းခရီးမှာ အသုံးဝင်လာတဲ့ ကားအမိုးပေါ်က ရွက်ဖျင်တဲများ

0

Full article

လမ်းကြမ်းမောင်းကားတစ်စီးနဲ့ တောလမ်းခရီးထွက်ကြသူတွေအတွက် ညဘက်တွေမှာ စခန်းချတည်းခိုစရာရွက်ဖျင်တဲကောင်းကောင်းတစ်လုံးရဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီလိုစခန်းချတဲ့အခါမှာ မိမိတို့ရဲ့ ကားအမိုးပေါ်မှာတင် ရွက်ဖျင်တဲငယ်တစ်လုံးတပ်ဆင်ပြီး အိပ်စက်ခြင်းက မြေပြင်ပေါ်မှာ အိပ်စက်ရခြင်းထက် ပိုမိုသန့်ရှင်းသပ်ရပ်သလို သားရဲတိရိစ္ဆာန်တွေရဲ့အန္တရာယ်ကနေလည်း ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။

အထူးစီမံထုတ်လုပ်ထားတဲ့ရွက်ဖျင်တဲတွေကို ကားတွေမှာ တွဲဖက်တပ်ဆင်အသုံးပြုခြင်းက လွယ်ကူသလို အိပ်စက်အနားယူဖို့နဲ့ ဝန်စည်စလယ်တွေထားဖို့ အဆင်ပြေတာကြောင့် ခရီးသွားတွေကြားမှာ တဖြည်းဖြည်းပိုပြီးခေတ်စားလာနေပါပြီ။ ဒါကြောင့် စာဖတ်သူတို့အတွက် ကားအမိုးပေါ်က ရွက်ဖျင်တဲတွေအကြောင်းကို တင်ဆက်ဖော်ပြရင်း ရွက်ဖျင်တဲအမျိုးအစားတွေအကြောင်း Rooftop Tent Buyer’s Guide ကိုလည်း ဖော်ပြလိုက်ပါတယ်။ အခုဖော်ပြမယ့်အချက်အလက်တွေဟာ သင်ပိုင်ဆိုင်ထားတဲ့ ကားအမျိုးအစားအလိုက် သင့်တော်မယ့် ကားရွက်ဖျင်တဲတစ်လုံးကို ရွေးချယ်ဝယ်ယူနိုင်စေဖို့ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ကားအမျိုးအစား

ကားပေါ်မှာတွဲဖက်တပ်ဆင်မယ့် ရွက်ဖျင်တဲတစ်လုံးဝယ်မယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုကားအမျိုးအစားကိုအသုံးပြုမှာလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ အမိုးကိုင်းတွေပါတဲ့ Truck ကားတိုင်း၊ SUV အမျိုးအစားကားတိုင်းမှာ ရွက်ဖျင်တဲတပ်ဆင်အသုံးပြုနိုင်တယ်လို့ မယူဆစေချင်ပါဘူး။ အမိုးကိုင်း Roof Rack တွေဟာ ကားအမျိုးအစားအလိုက် ပေါင် ၃၀၀ ကနေ ၄၀၀ အထိ အလေးချိန်ခံနိုင်ကြပါတယ်။ ဒါပေမဲ့ သင့်ကားရဲ့အမိုးကိုင်းဟာ အလေးချိန်ဘယ်‌လောက်အထိ အများဆုံးခံနိုင်သလဲဆိုတာက ကားဝယ်စဉ်ကပါရှိတဲ့ Owner’s Manual စာအုပ်မှာ ကိုးကားကြည့်ရှုနိုင်ပါတယ်။

အမိုးကိုင်းများ

ကားတစ်စီးရဲ့ ဝန်တင်နိုင်စွမ်းဆိုတာဟာ ကားအတွင်းမှာ ဝင်ဆန့်နိုင်တဲ့အလေးချိန်သက်သက်ကို ဆိုလိုတာမဟုတ်ပါဘူး။ ကားအမိုးကိုင်းတွေရဲ့ ခံနိုင်အားလည်း ပါဝင်ပါတယ်။ Owner’s Manual စာအုပ်မှာ မူလပါရှိတဲ့ အမိုးကိုင်းတွေ၊ ဘားတန်းတွေရဲ့ခံနိုင်အားကို ဖော်ပြထားလေ့ရှိပါတယ်။ အမိုးကိုင်းရဲ့ခံနိုင်အားဆိုရာမှာလည်း တွဲဖက်တပ်ဆင်မယ့်ရွက်ဖျင်တဲနဲ့အတူ အတွင်းမှာဝင်ရောက်အိပ်စက်မယ့်သူရဲ့အလေးချိန် ၂ မျိုးစလုံးကို ဆိုလိုပါတယ်။

တကယ်လို့ သင်ဟာ မူလရှိပြီးသားကားရဲ့ အမိုးပေါ်မှာ ထပ်မံတပ်ဆင်ဖို့အတွက် အမိုးကိုင်းသပ်သပ်ဝယ်မယ်ဆိုရင်တော့ သင်အသုံးပြုဖို့ရည်မှန်းထားတဲ့ ရွက်ဖျင်တဲထုတ်လုပ်တဲ့ကုမ္ပဏီရဲ့လမ်းညွှန်ချက်ကိုလည်း အရင်ဆုံးလေ့လာဖို့ လိုအပ်ပါလိမ့်မယ်။ အမိုးကိုင်းအမျိုးမျိုးကို လိုက်ဖက်တဲ့ရွက်ဖျင်တဲအမျိုးမျိုးအတွက် သီးသန့်ထုတ်လုပ်ထားလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် Yakima ကုမ္ပဏီက ထုတ်လုပ်တဲ့ Outpost HD အမျိုးအစားအမိုးကိုင်းဟာဆိုရင် Truck ကားတွေမှာ တပ်ဆင်နိုင်ပြီး အဲဒီကုမ္ပဏီကပဲထုတ်လုပ်တဲ့ SkyRise ရွက်ဖျင်တဲနဲ့ တွဲဖက်အသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှတ်တံဆိပ်တစ်ခုတည်းအတွက်မဟုတ်ဘဲ Thule နဲ့ Inno အမျိုးအစားရွက်ဖျင်တဲတွေကိုလည်း တပ်ဆင်နိုင်မယ်လို့ သိရပါတယ်။ Outpost HD အမိုးကိုင်းတွေကိုဝယ်ယူမယ်ဆိုရင်တော့ ဝန်စည်စလယ်တွေထည့်သွင်းသိမ်းဆည်းနိုင်မယ့်အပိုပစ္စည်းတွေလည်း ပါဝင်ဦးမှာပါ။

အပိုပစ္စည်းများ

ကားအမိုး‌ပေါ်မှာ တပ်ဆင်တဲ့ရွက်ဖျင်တဲတစ်လုံးရဲ့ပေးစွမ်းနိုင်မှုက အိပ်စက်ဖို့ရာ ညီညာပြန့်ပြူးတဲ့မျက်နှာပြင်တစ်ခုပဲဖြစ်ပါတယ်။ ဒီရွက်ဖျင်တဲကို ဘယ်လိုသက်သောင့်သက်သာပိုဖြစ်အောင် စီမံမလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တချို့ရွက်ဖျင်တဲအမျိုးအစားတွေမှာ တစ်ပါတည်းတွဲဖက်ပေးထားတဲ့ အိပ်ရာခင်းနဲ့မွေ့ရာတို့ ပါရှိတတ်ပေမဲ့ တချို့အမျိုးအစားကျတော့ User ကိုယ်တိုင်ထပ်မံထည့်သွင်းပေးရလေ့ရှိပါတယ်။ ဒီအတွက်လည်း ရွက်ဖျင်တဲထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ ထုတ်ကုန်နဲ့လိုက်ဖက်မယ့်၊ အံဝင်ဂွင်ကျသင့်တော်မယ့် အိပ်ရာခင်းအပိုပစ္စည်း (Bedding Accessories) တွေကို တွဲဖက်ထုတ်လုပ်ကြပါသေးတယ်။ ဒီလိုတွဲဖက်ပေးထားတဲ့ အပိုပစ္စည်းတွေကိုအသုံးပြုခြင်းအားဖြင့် ရွက်ဖျက်တဲဖြုတ်သိမ်းတဲ့အခါမှာလည်း သီးသန့်ထုတ်ပိုးသိမ်းဆည်းရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်တဲ့အားသာချက်လည်း ရှိထားပါသေးတယ်။

အိပ်ရာခင်းအပြင် ရွက်ဖျင်တဲအတွင်း မီးအလင်းရောင်ပေးဖို့နဲ့ နေကာမိုးကာနဲ့ လုံခြုံမှု‌ရှိစေဖို့ အသုံးပြုရတဲ့အပိုပစ္စည်းတွေလည်း ရှိပါသေးတယ်။ တချို့အဆင့်မြင့်တဲ့ ရွက်ဖျင်တဲတွေမှာဆိုရင် ကိုယ်လက်သန့်စင်ရေချိုးနိုင်တဲ့ Shower နဲ့ ရေစည်ကိုတောင် တပ်ဆင်နိုင်တယ်လို့ သိရပါတယ်။

အရွယ်အစား

သင်အသုံးပြုမယ့်ရွက်ဖျင်တဲအရွယ်အစားကတော့ သင့်ရဲ့မော်တော်ကားအပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ကြိုက်နှစ်သက်တဲ့အရွယ်အစားဖြစ်ဖို့လည်း အ‌ရေးကြီးပါတယ်။ သာမန်အားဖြင့်တော့ တစ်ကိုယ်တော်ခရီးထွက်သူတွေအတွက် ရွက်ဖျင်တဲခပ်သေးသေးတစ်လုံးဆို လုံလောက်ပြီး ခရီးသွားဖော်တွေပါလာရင်တော့ လူအရေအတွက်အလိုက် ပိုကြီးတဲ့ရွက်ဖျင်တဲကိုလိုအပ်ပါလိမ့်မယ်။ ကားအမိုးမှာတပ်ဆင်တဲ့ ရွက်ဖျင်တဲတွေမှာ အရွယ်အစားအကြီးအသေးအလိုက် စျေးနှုန်းကလည်း ကွာခြားသွားဖို့လည်းရှိပါတယ်။

တပ်ဆင်အသုံးပြုခြင်း

ရွက်ဖျင်တဲတစ်ခုကို ဝယ်ယူလိုက်ပြီဆိုရင် သင်နောက်ဆုံးကျော်ဖြတ်ရမယ့်အရာကတော့ ကားအမိုးကိုင်းတွေနဲ့ ချိတ်ဆက်တပ်ဆင်ကြည့်ဖို့ပဲဖြစ်ပါတယ်။ အားသာချက်တစ်ခုက ဒီရွက်ဖျင်တဲအမျိုးအစားတွေဟာ အလွယ်တကူဖြန့်ချတပ်ဆင်လို့ရအောင် ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီး တချို့ကုမ္ပဏီတွေကဆိုရင် နမူနာ Installation ဗီဒီယိုတွေကိုတောင် ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်တွေပေါ်မှာ ပြထားပါသေးတယ်။ တချို့ကုမ္ပဏီတွေကတော့ သင့်ရဲ့နေရာဒေသအပေါ်မှာမူတည်ပြီး ကိုယ်တိုင်လာရောက်တပ်ဆင်ပေးတာမျိုးတောင် ရှိတယ်လို့ ဆိုပါတယ်။ တောလမ်းခရီးတွေကို ကိုယ်ပိုင်ကားနဲ့ စွန့်စားသွားလာလိုသူတွေအတွက် အသုံးများတဲ့ရွက်ဖျင်တဲအမှတ်တံဆိပ်တချို့ကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Yakima SkyRise Tent (‌၁,၀၉၉ ဒေါ်လာ)

စျေးနှုန်းသက်သာပြီး တပ်ဆင်ရလွယ်ကူတဲ့ SkyRise ရွက်ဖျင်တဲဟာ စျေးကွက်ထဲမှာ လူကြိုက်များပါတယ်။ ဒီရွက်ဖျင်တဲအမျိုးအစားကို တခြားဘာပစ္စည်းကိရိယာအကူအညီမှမပါဘဲ မိနစ်ပိုင်းအတွင်း ကားအမိုးပေါ်မှာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရက်အနည်းငယ်သွားရမယ့် တောတွင်းလေ့လာရေးခရီးစဉ်မျိုးအတွက် သင့်တော်ပြီး မိုးကာဖျင်စတွေအသုံးပြုထားသလို အောက်ခြေအခင်းမှာလည်း နှစ်လက်မခွဲထူတဲ့ မွေ့ရာအသေးစားတစ်ခုပါဝင်ပါသေးတယ်။ အောက်ခြေဒေါက်တိုင်အဖြစ်အသုံးပြုလို့ရတဲ့ လှေကားငယ်တစ်ခုအပါအဝင် ရွက်ဖျင်တဲတစ်ခုလုံးရဲ့အလေးချိန်က ၉၅ ‌ပေါင်ပဲရှိတယ်လို့ သိရပါတယ်။

Tuff Stuff Elite Tent (၁,၉၀၅ ‌ဒေါ်လာ)

Tuff Stuff ကုမ္ပဏီရဲ့ အရွယ်အစားကြီးမားတဲ့  Elite ရွက်ဖျင်တဲအမျိုးအစားကတော့ Truck ကားနဲ့ လမ်းကြမ်းမောင်းဂျစ်ကားတွေမှာ တပ်ဆင်အသုံးပြုနိုင်ပြီး လူ ၅ ဦးအထိ အိပ်စက်အနားယူလို့ရပါတယ်။ အရွယ်အစားကြီးမားတာနဲ့အမျှ အောက်ခြေဒေါက်တိုင်အဖြစ်အသုံးပြုတဲ့လှေကား ၂ ချောင်းပါဝင်ပြီး အတွင်းမှာလည်း ဖြုတ်သိမ်းလို့ရတဲ့ နံရံကန့်အရှင်တွေလည်း ပါရှိပါတယ်။ အလေးချိန် ၁၈၇ ပေါင်သာရှိတဲ့ဒီရွက်ဖျင်တဲအမျိုးအစားမှာ ၂ ဒသမ ၇၅ လက်မထူတဲ့ရေမြှုပ်မွေ့ရာလည်း ပါဝင်ပါတယ်။

Tepui Hybox Tent ( ၂,၉၀၀ ဒေါ်လာ)

Tepui ကုမ္ပဏီက ထုတ်လုပ်တဲ့ Hybox ရွက်ဖျင်တဲကတော့ စျေးနှုန်းမြင့်မားသလောက် လုံခြုံရေးအတွက် စိတ်ချရတဲ့အမျိုးအစားဖြစ်ပါတယ်။ ရွက်ဖျင်တဲနံရံတွေကို မာကျောတဲ့မိုးကာစတွေနဲ့ထုတ်လုပ်ထားပြီး တောလမ်းခရီးအတွက်မဟုတ်ရင်တောင် သာမန်အချိန်တွေမှာ ကုန်ပစ္စည်းသယ်ဆောင်နိုင်တဲ့အခန်းငယ်အဖြစ် အသုံးပြုလို့ရပါသေးတယ်။ အရွယ်အစားက လူ ၂ ယောက် သက်သောင့်သက်သာတည်းခိုအိပ်စက်နိုင်ပြီး SUV လိုကားတွေရဲ့ မူလအမိုးကိုင်း (သို့) အဆင့်မြှင့်တင်ထားတဲ့အမိုးကိုင်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ရွက်ဖျင်တဲအောက်ခြေမှာတော့ ၃ လက်မထူတဲ့ရေမြှုပ်မွေ့ရာပါဝင်ပါတယ်။

Front Runner Roof Top Tent (၁,၀၉၉ ဒေါ်လာ)

ဒီရွက်ဖျင်တဲအမျိုးအစားကတော့ ရာသီမရွေးအသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အပျော့စားရွက်ဖျင်တဲဖြစ်ပါတယ်။ အလေးချိန်ကလည်း ၉၃ ပေါင်သာရှိလို့ အခုဖော်ပြခဲ့သမျှ ရွက်ဖျင်တဲတွေမှာ အ‌ပေါ့ပါးဆုံးဖြစ်သလို ခေါက်သိမ်းပြီး သယ်ဆောင်ရလွယ်ကူတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။ ဒီရွက်ဖျင်တဲရဲ့ ဖျင်စတွေဟာ မိုးကာအမျိုးအစားဖြစ်ပေမဲ့ အပျော့စားဖြစ်တာကြောင့် ယာယီအသုံးပြုဖို့အတွက်သာ သင့်တော်ပြီး သတ်မှတ်ထားတာထက်ပိုတဲ့အလေးချိန်ကိုလည်း ကာလကြာရှည်မထိန်းထားနိုင်ပါဘူး။ ရွက်ဖျင်တဲအောက်ခြေမှာတော့ နှစ်လက်မခွဲထူပြီး ကင်းဗတ်စအုပ်ထားတဲ့ရေမြှုပ်မွေ့ရာပါဝင်ပါတယ်။

ကားကိုကိုယ်တိုင်မောင်းပြီး တောရိပ်တောင်ရိပ်ခရီးစဉ်တွေကို မြတ်နိုးသူတွေအတွက် အသုံးပြုရလွယ်ကူပြီး မိမိကားနဲ့လိုက်ဖက်မယ့် ရွက်ဖျင်တဲအမျိုးအစားကိုရွေးချယ်ဝယ်ယူကာ ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေကို အပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ် အဆင်ပြေစွာသွားလာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Ref: Buyers’ Guide to the Best Rooftop Tents by Alexander Kalogiannis

Author