ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများနှင့် စျေးကွက်အလားအလာ

0

Full article

Hyundai ix35 ဆိုသည့်ကား‌‌မော်‌ဒယ်သစ်တစ်စီးကတော့ တောင်ကိုရီးယားကုမ္ပဏီ Hyundai ၏ အထူးလက်ရာဖြစ်သလို သဘာ၀ပတ်ဝန်းကျင်နှင့်လည်း ကိုက်ညီလှသည့်ကားတစ်စီးဟု ဆိုရပေမည်။ Hydrogen Fuel-Cell ဟုခေါ်သော ဟိုက်ဒရိုဂျင်စွမ်းအင်ဖြင့် ဓာတ်ပြုမောင်းနှင်နိုင်သော ယင်းကား၏စွန့်ပစ်ပစ္စည်းကတော့ ရေသာလျင်ဖြစ်သည်။ သာမန်လောင်စာဆီထည့်ပြီး မောင်းနှင်ရသောကားများနှင့် နှိုင်းယှဉ်လိုက်လျင်တော့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားတစ်စီး၏စွမ်းဆောင်ရည်နှင့် အားသာချက်များက ပိုမိုသာလွန်နေသည်ကတော့ အမှန်ပင်။ လောင်စာအင်ဂျင်သုံးကားများ၏ဆူညံမှု၊ နှေးကွေးမှုနှင့် အလွန်သိသာထင်ရှားသောညစ်ပတ်မှုများကို ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားတွင် လုံး၀တွေ့ရမည်မဟုတ်ပါ။ တစ်ခုစဉ်းစားရမည့်အချက်က ဤမျှလောက် သန့်ရှင်းပြီး သဘာ၀ပတ်၀န်းကျင်နှင့်ကိုက်ညီသော Green Technology ကို အသုံးပြုထားသည့် ဟိုက်ဒရိုဂျင်ကားများက အဘယ့်ကြောင့် လျှပ်စစ်ကားများထက် နောက်ကျကျန်ရစ်ခဲ့ပါသနည်းဆိုသော မေးခွန်းဖြစ်ပါ၏ ။ပိုပြီးထူးဆန်းသည်က ကမ္ဘာ့ပေါ်ရှိ အလွန်သေးငယ်လှသော ဟိုက်ဒရိုဂျင်ကားစျေးကွက်ကို Toyota ၊ Honda နှင့် Hyundai စသည့် အာရှအခြေစိုက်ကားကုမ္ပဏီကြီးများ ဦးဆောင်နေကြခြင််းပင်။

လွန်ခဲ့သောအောက်တိုဘာလအစောပိုင်းတွင် Toyota ကုမ္ပဏီက ၎င်းတို့၏အသစ်ထွက် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကား Toyota Mirai ကို မိတ်ဆက်ပြသခဲ့သည်။ ဆလွန်းကားပုံစံဖြစ်သည့်  Toyota Mirai မှာ လာမည့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းလောက်မှ စျေးကွက်ဖြန့်ချိမည်ဟုလည်း မျှော်လင့်ရလေသည်။ တစ်ချိန်တည်းမှာပင် BMW နှင့် Audi အပါအ၀င် ဥရောပကားကုမ္ပဏီကြီးများကလည်း ဟိုက်ဒရိုဂျင်ကားများထုတ်လုပ်ရန်တာစူနေကြပြီဖြစ်၏ ။ သို့သော် နည်းပညာပိုင်းအရ ဟိုက်ဒရိုဂျင်ကားထုတ်လုပ်ရေးကဏ္ဍသည် တက်သစ်စကားကုမ္ပဏီများအတွက် အခွင့်အရေးရှိနေသောစျေးကွက်ဟု ဆိုရပေမည်။ ဥပမာတစ်ခုပြပါမည်။ ‌ဝေးလ်နိုင်ငံအလယ်ပိုင်းရှိ မြို့လေးတစ်မြို့တွင် Riversimple  ဆိုသောကုမ္ပဏီတစ်ခုက ဟိုက်ဒရိုဂျင်ကားများထုတ်လုပ်ပြီး အခကြေးငွေဖြင့်ငှားရမ်းမည့်အစီအစဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း သိရသည်။

လက်ရှိလမ်းမများပေါ်တွင် ၎င်းတို့ငှားရမ်းထားသော ဟိုက်ဒရိုဂျင်ကားမှာ ၂ စီးသာရှိသေးပြီး နောက်ထပ် ၂ စီးမှာ ထုတ်လုပ်တပ်ဆင်နေဆဲအဆင့်သာရှိနေသေး၏ ။ သို့သော်လည်း ကျေနပ်အားရဖွယ်စျေးကွက်အလားအလာများကိုတော့ တွေ့မြင်နေရလေသည်။ Riversimple ကုမ္ပဏီ၏တည်‌ထောင်သူနှင့် အမှုဆောင်ချုပ်ဖြစ်သူ Hugo Spowers က

“ကျွန်တော်တို့ရဲ့ ဟိုက်ဒရိုဂျင်ကားကို Rasa လို့ နာမည်‌ပေးထားတယ်ဗျ။ အသုံးပြုတဲ့လောင်စာကတော့ Fuel Cell ပေါ့”

ဟု ဆိုခဲ့သည်။ Rasa ကားများသည် ၁ ဒသမ ၅ ကီလိုရမ်ဆန့်သော ဟိုက်ဒရိုဂျင်လောင်စာတစ်တိုင်ကီလျင် မိုင် ၃၀၀ ၀န်းကျင်မောင်းနှင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီမိုင် ၆၀ မောင်းနှင်နိုင်ကြောင်းသိရသည်။

“ဂါလံနဲ့တွက်ရင်တော့ လောင်စာတစ်ဂါလံကို မိုင် ၂၅၀ လောက်မောင်းနိုင်တာပေါ့ဗျာ”

ဟုလည်း Hugo Spowers က ဆိုခဲ့သည်။ တော်တော်လေးတော့ အထင်ကြီးလေးစားစရာစွမ်းဆောင်မှုပင်။ ဟိုက်ဒရိုဂျင်ကား၏စွမ်းဆောင်ရည်ကို သိလာတော့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များမှ မော်တော်ကားကို မည်သို့မည်ပုံစွမ်းအင်ပေးသနည်းဆိုတာကိုလည်း စိတ်၀င်စားကြပေလိမ့်မည်။

ဟိုက်ဒရိုဂျင် Fuel Cell များ ဘယ်လိုအလုပ်လုပ်သလဲ

ဟိုက်ဒရိုဂျင်ကားကို မောင်းနှင်လည်ပတ်ရာတွင် Fuel Cell များက အဓိကအသက်သွေးကြောအဖြစ် ပါဝင်လေသည်။ အဆိုပါ Fuel Cell များအတွင်း၌ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်တို့ ပေါင်းစပ်ဓာတ်ပြုသွားကြပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ရရှိခြင်းဖြစ်သည်။ တစ်ခုတည်းသောစွန့်ပစ်ပစ္စည်းကတော့ မီးခိုးမဟုတ်၊ အနံ့အသက်မဟုတ်၊ ဆူညံသံမဟုတ်၊ ရေသာလျင်ဖြစ်တော့သည်။ ထို့အပြင် Fuel Cell များအတွင်း၌ ပေါက်ကွဲလောင်ကျွမ်းသောအင်ဂျင်စက်များကဲ့သို့ ရွေ့လျားခုတ်မောင်းနေသောအစိတ်အပိုင်းများလည်းမပါ၀င်သဖြင့် ချို့ယွင်းပျက်စီးမှာ မစိုးရိမ်ရသလို ပို၍လည်း အကျိုးသက်ရောက်မှုရှိလေသည်။

သို့သော် ဟိုက်ဒရိုဂျင်ကားများသည် လုံး၀ခြောက်ပြစ်ကင်းသဲလဲစင်နေသည်ဟုတော့ မ‌ပြောနိုင်ပါ။ ပုံမှန်အားဖြင့် ဟိုက်ဒရိုဂျင်ကား မောင်းနှင်မှုမှ မည်သည့်ဓာတ်ငွေ့မှမထွက်သဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးမရှိသော်လည်း အဆိုပါ Fuel Cell ကို ထုတ်လုပ်ဖန်တီးရာတွင်လိုအပ်သည့်စွမ်းအင်ကိုတော့ ရေနံကဲ့သို့ရုပ်ကြွင်းလောင်စာများမှ ထုတ်ယူရသည်ဖြစ်ရာ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်နည်းပညာမှာ တစ်ဘက်မှမေးခွန်းထုတ်စရာဖြစ်နေဆဲပင်။ ထိုမျှနှင့်မကသေးပေ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် ပေါက်ကွဲလွယ်သောဓာတ်ငွေ့ဖြစ်နေရာ ကားတွင်းလောင်စာကန်အတွင်း ထည့်သွင်းအသုံးပြုရေးအတွက် ကုမ္ပဏီတော်တော်များများက မဝံ့မရဲဖြစ်နေကြကြောင်း သိရသည်။

သို့ရာတွင် လက်ရှိထုတ်လုပ်နေသည့် Toyota ကဲ့သို့ကုမ္ပဏီများကတော့ လောင်စာကန်လုံခြုံ‌ရေးနှင့်ပတ်သက်ပြီး အာမခံချက်များ အထပ်ထပ်ပေးထားသလို ၎င်းတို့၏ဝက်ဘ်ဆိုက်များတွင်လည်း အသေးစိတ်ရှင်းလင်းထားကြသည်ကို တွေ့ရပါ၏ ။ ဥပမာအားဖြင့် Toyota Mirai ၏ဟိုက်ဒရိုဂျင်လောင်စာကန်ကို အလွှာ ၃ ထပ်ဖြင့်တည်ဆောက်ထားပြီး သာမန်သံမဏိဓာတ်ဆီကန်များထက် ၅ ဆအထိ ပေါက်ကွဲစွမ်းအင်ကို စုပ်ယူထိန်းသိမ်းနိုင်ကြောင်း သိရသည်။ အလားတူပင် Honda Clarity ဟိုက်ဒရိုဂျင်ကားတွင် တပ်ဆင်ထားသော ၂ လုံးတွဲဟိုက်ဒရိုဂျင်လောင်စာကန်များတွင်လည်း အလူမီနီယံနှင့် ကာဘွန်ဖိုက်ဘာအလွှာများပါ၀င်ပြီး ပြင်းထန်သောအပူနှင့် ဖိအားဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း အာမခံထားလေသည်။ သို့ရာတွင် လက်ရှိအချိန်အထိ လူတိုင်းကတော့ စိတ်ချယုံကြည်ခြင်းမရှိကြသေးပါ။ ဥ‌ရောပအာဏာပိုင်အဖွဲ့ EuroTunnel ကလည်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ဟိုက်ဒရိုဂျင်အပါအ၀င် မီးလောင်‌ပေါက်ကွဲနိုင်သည့်မည်သည့်ဓာတ်ငွေ့မျိုးကိုမှ မော်တော်ကားလောင်စာစနစ်အဖြစ် အသုံးပြုခွင့်မပေးသေးပေ။ ‌ဝေးလ်အခြေစိုက် Riversimple ကုမ္ပဏီ၏ထုတ်ကုန် ဟိုက်ဒရိုဂျင်ကားများကတော့ ၃ နှစ်အတွက် ပုံသေစျေးနှုန်းတစ်ရပ်ဖြင့် ငှားရမ်းနိုင်မည်ဖြစ်ပြီး တာတိုမောင်းနှင်မည့်ဒေသတွင်းဖောက်သည်များကို ပစ်မှတ်ထားခြင်းဖြစ်၏ ။

ဟိုက်ဒရိုဂျင်ကားနှင့်ပတ်သက်သည့် နောက်ထပ်စိန်ခေါ်မှုကတော့ လောင်စာဖြည့်တင်းနိုင်မည့်အခြေခံအဆောက်အဦနည်းပါးနေခြင်းပင်။ လက်ရှိအချိန်အထိ ဗြိတိန်တစ်နိုင်ငံလုံးတွင် ဟိုက်ဒရိုဂျင်ဖြည့်နိုင်သည့် လောင်စာပန့် ၁၇ ခုသာရှိနေသေးကြောင်း သိရသည်။ ဖောက်သည်များအနေဖြင့်လည်း နေရာတိုင်းနီးပါးတွင် ဟိုက်ဒရိုဂျင်အလွယ်တကူမဖြည့်နိုင်ပါက အဆိုပါကားမျာကို ၀ယ်ယူမည်မဟုတ်ပေ။ ထို့အတူ ဟိုက်ဒရိုဂျင်လောင်စာထုတ်လုပ်မည့်ကုမ္ပဏီများအနေဖြင့်လည်း ပုံမှန်ဝယ်လိုအားမရှိလျင် တန်ဖိုးကြီးသော ဟိုက်ဒရိုဂျင်လောင်စာပန့်များကို ပေါပေါများများတပ်ဆင်ရန်် တွန့်ဆုတ်ကြပေလိမ့်မည်။ ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုရေးဦးဆောင်လှုပ်ရှားသူများအဖွဲ့ H2Europe ၏အထွေထွေအတွင်းရေးမှူး Jorgo Chatzimarkakis ကတော့ ဂျာမနီကဲ့သို့ ဥရောပထိပ်တန်းနိုင်ငံမျိုးတွင် ဟိုက်ဒရိုဂျင်လောင်စာဖြည့်တင်းနိုင်သော Station ၇၅ ခုအထိ ရှိထားပြီးဖြစ်သော်လည်း သုံးစွဲသူလုံလုံလောက်လောက်မရှိသေးကြောင်း ပြောကြားခဲ့သည်။

ထို့အတွက် အဓိကအပြစ်တင်ခံရသူများကတော့ ကားကုမ္ပဏီများပင်။ Jorgo Chatzimarkakis က ဟိုက်ဒရိုဂျင်ကားများ ထုတ်လုပ်ရန် နှေးကွေးနေသောကုမ္ပဏီများကို ပြစ်တင်‌ဝေဖန်ခဲ့သည်။ BMW အနေဖြင့် ဟိုက်ဒရိုဂျင်ကားကို လာမည့် ၂၀၂၂ ခုနှစ်အထိ ထုတ်လုပ်မိတ်ဆက်နိုင်မည်မဟုတ်သလို Audi မှာလည်း ၂၀၂၅ ခုနှစ်အထိ မိတ်ဆက်နိုင်မည်မဟုတ်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။ လွန်ခဲ့သောအောက်တိုဘာ လလယ်ပိုင်းက ဘယ်ဂျီယံနိုင်ငံ။ ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သည့် Hydrogen4ClimateAction ညီလာခံတွင်တော့ ဟိုက်ဒရိုဂျင်လောင်စာနည်းပညာနှင့် အခြေခံအဆောက်အအုံများအတွက် ယူရိုငွေ ဘီလီယံ ၅၀ ခန့်ရင်းနှီးထည့်ဝင်ရန် ဥရောပနိုင်ငံအသီးသီး၏အစိုးရကိုယ်စားလှယ်များက သဘောတူညီခဲ့ကြလေသည်။ မစ္စတာ Chatzimarkakis “ ဟိုက်ဒရိုဂျင်စွမ်းအင်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုရေးဆိုတာက ကားကုမ္ပဏီတွေဘက်ကချည်း ဖော်ဆောင်လို့မရသလို အစိုးရရဲ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့လည်း မဖြစ်နိုင်ပါဘူး။ ပူး‌ပေါင်းဆောင်ရွက်ရမယ့်ကိစ္စပါ” ဟု ပြောကြားခဲ့သည်။

ဟိုက်ဒရိုဂျင်ကားအသုံးပြုရေးကို အောင်မြင်စွာတိုက်တွန်းအကောင်အထည်ဖော်နိုင်ခဲ့သည့်နေရာကတော့ အမေရိကန်ပြည်ထောင်စု၏ ကယ်လီဖိုးနီးယားပြည်နယ်ပင်ဖြစ်တော့သည်။ ကယ်လီဖိုးနီးယားရှိ ဟိုက်ဒရိုဂျင်လောင်စာ Station များတွင် မော်‌တော်ကားများတန်းစီနေလေ့ရှိသလို အမေရိကန်အစိုးရ၏စွမ်းအင်ဌာနဝက်ဘ်ဆိုက်တွင် ၀င်ရောက်ကြည့်ရှုပါကလည်း ဒေသတွင်းလောင်စာဖြည့်ဆိုင် ၄၂ ဆိုင်အထိရှိနေသည်ကို တွေ့ရပါလိမ့်မည်။ ထိုကဲ့သို့ တိုးတက်လာရသည့်အကြောင်းရင်းက ကယ်လီဖိုးနီးယားပြည်နယ်အစိုးရအနေဖြင့် ဟိုက်ဒရိုဂျင် Fuel Cell ကဏ္ဍအတွက် ထုတ်လုပ်‌ရေးကုမ္ပဏီများရော၊ သုံးစွဲသူများကိုပါ မက်လုံးများပေး၍ ဆွဲဆောင်စည်းရုံးခဲ့သောကြောင့်ပင်။ မည်သို့သောမက်လုံးများပါနည်း။ ကယ်လီဖိုးနီးယားစွမ်းအင်ကော်မရှင် (CEC) ၏လမ်းညွန်ချက်ဖြင့် ဟိုက်ဒရိုဂျင်ကားတစ်စီးဝယ်ယူသူတိုင်းအား ဒေါ်လာ ၂၅၀၀ သက်သာခွင့်ပေးခဲ့သလို  ကားကုမ္ပဏီများကိုလည်း  Zero-Emission ကားများပြောင်းလဲထုတ်လုပ်ရန် သဘောတူညီချက်များဖြင့် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် Fuel Cell ကုမ္ပဏီ Johnson Matthey ၏ နည်းပညာစျေးကွက်ဒါရိုက်တာ Andy Walker က အာရှနိုင်ငံတော်တော်များများတွင်လည်း ဟိုက်ဒရိုဂျင်စွမ်းအင်ဖော်ဆောင်ရေးကို ကြိုးပမ်းလာကြပြီဖြစ်ကြောင်း ဆိုခဲ့သည်။ ၎င်းက “တရုတ်အစိုးရဟာ ၂၀၂၀ ပြည့်နှစ်မှာ ဟိုက်ဒရိုဂျင်ကားအစီးရေ တစ်သန်းအထိ သုံးစွဲနိုင်ဖို့ပစ်မှတ်ထားနေပါတယ်။ ဒီအတွက်လည်း ထောင်နဲ့ချီတဲ့ ဟိုက်ဒရိုဂျင်လောင်စာ Station တွေကို ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံကလည်း လာမည့်နှစ်အတွင်း ဟိုက်ဒရိုဂျင်ကားအစီးရေ ၈ သိန်းထိ ပြည်တွင်းလမ်းမများပေါ်တွင် မြင်တွေ့နိုင်စေရန် ပစ်မှတ်ထားနေပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် သိသာထင်ရှားသောအပြောင်းအလဲတစ်ရပ်ကို တွေ့မြင်ရဖို့ရှိနေလေသည်။ တောင်ကိုရီးယားသမ္မတမွန်‌ဂျေအင်းကတော့ ၂၀၃၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင်လောင်စာဖြည့်ပန့်အရေအတွက် ၆၆၀ အထိ ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ဖူးသည်။ ဖော်ပြပါအာရှနိုင်ငံများကတော့ ဟိုက်ဒရိုဂျင်စွမ်းအင်ဖော်ဆောင်ရေးအတွက် လမ်းတဝက်ရောက်ပြီဟုဆိုနိုင်ပါလိမ့်မည်။ ကျန်သောကမ္ဘာ့နိုင်ငံများနှင့်စျေးကွက်များက အမီလိုက်ကြဖို့သာ ရှိတော့သည်။

Ref: Behind the wheel of a hydrogen-powered car by By Fergus Nicoll (BBC World Service)

Author