Full article

Blind Spot ဆိုတာ ယာဉ်မောင်းနှင်နေစဉ်မှာ ယာဉ်မောင်းသူအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ ကားနောက်ကြည့်မှန်များမှဖြစ်စေ ရုတ်တရက်မမြင်နိုင်တဲ့နေရာဖြစ်ပါတယ်.။ အောက်မှာပြထားတဲ့ ပုံမှာ ကားအပြာမောင်းနှင်သူဟာ နောက်ကြည့်မှန်များမှ ကြည့်ရှုမယ်ဆိုရင် ကားအစိမ်းရောင်ကို မြင်နိုင်ပေမယ့် ကားအနီရောင်ကို မမြင်နိုင်ပါဘူး.။ ဒါကြောင့် နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ရင်၊ သို့မဟုတ် ချိုးကွေ့လိုက်မိရင် ယာဉ်တိုက်မှု ဖြစ်နိုင်ပါတယ်.။

အောက်ပါပုံမှာဆိုရင်လဲ ကားအနီမောင်းနှင်သူဟာ လမ်းကွေ့မှထွက်လာတဲ့ ကားအပြာကို မမြင်နိုင်ပါဘူး.။ ဒါကြောင့် ရုတ်တရက်လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင် ယာဉ်တိုက်မှုဖြစ်ဖို့ သေချာသလောက်ပါပဲ.။

ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြရာမှာ ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေက Blind Spot Detection System တွေ တပ်ဆင်လာကြပါတယ်.။ Blind Spot ကို မြင်နိုင်တဲ့ ကင်မရာတပ်ဆင်ခြင်း၊ အာရုံခံစနစ်တပ်ဆင်ခြင်း အစရှိတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းလာကြပါတယ်.။ ဒါပေမယ့် ဒီလိုစနစ်တွေဟာ မော်ဒယ်အမြင့်ကားတွေမှာသာ တပ်ဆင်ပါဝင်တတ်ကြပြီး ဈေးလဲကြီးပါတယ်.။

ဒီလိုစနစ်မျိုးတွေမတပ်ဆင်လိုသူတွေအတွက်တော့ အောက်ပါပုံမှာပြထားတဲ့အတိုင်း အပြင်ဘက်က နောက်ကြည့်မှန်တွေကို ချိန်ဆပြီး Blind Spot ကို မြင်နိုင်စွမ်းရှိအောင် ပြောင်းလဲချိန်ညှိနိုင်ပါတယ်.။

Fig (1) မှာပြထားတဲ့အတိုင်း ချိန်ညှိမယ်ဆိုရင် Blind Spot ထဲရောက်နေတဲ့ အနီရောင်ကားကို မြင်နိုင်မှာဖြစ်ပါတယ်.။ တော်တော်များများကတော့ ပုံမှန်ချိန်နေကျအတိုင်း Fig (2) အတိုင်းပဲ ချိန်တတ်ကြပါတယ်.။ ဒီအခါ ကိုယ့်ကားရဲ့ ဘော်ဒီကိုမြင်နိုင်ပေမယ့် Blind Spot ထဲက ကားအနီရောင်ကို မမြင်ရတော့ပါဘူး.။ Fig (4) မှာပြထားတဲ့အတိုင်း ချိန်မယ်ဆိုရင် အစိမ်းရောင်ကားဟာ မူလနောက်ကြည့်မှန်ထဲက ထွက်သွားပြီး Blind Spot ထဲ ရောက်ရှိသွားတာနဲ့ တန်းပြီးမြင်နိုင်ပါတယ်.။ Fig (5) မှာ ပြထားတဲ့ ပုံမှန်ချိန်နေကျအတိုင်းသာ ချိန်ညှိထားမယ်ဆိုရင်တော့ မူလနောက်ကြည့်မှန်က မြင်ရတာရဲ့ နည်းနည်းလေးပဲ ပိုပြီး မြင်နိုင်မှာဖြစ်ပါတယ်.။

ဒီလိုချိန်ညှိခြင်းမှာ ပုံမှန်မြင်နေကျအတိုင်း ကိုယ့်ကားရဲ့ ဘော်ဒီကို မမြင်ရတော့တဲ့အတွက် အနည်းငယ်အသားမကျဖြစ်တာကလွဲရင် အခြားဘာပြဿနာမှမရှိတဲ့အပြင် ယာဉ်တိုက်မှုဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ကိုလဲ ကာကွယ်ပြီးဖြစ်တဲ့အတွက် MyanmarCarsDB ပရိသတ်များ အန္တရာယ်ကင်းရှင်းစေရန် တင်ပြပေးလိုက်ပါတယ်.။

Aung Mon Chan

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author