Mercedes နဲ့ နှစ် ၁၂၀ သမီးငယ်

0

Full article

လွန်ခဲ့တဲ့နှစ် ၁၂၀။

၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦးရဲ့ နာမည်ဟာ ကားလောကရဲ့ စံထားလောက်စရာ ပထမဆုံးသော ကမ္ဘာ့ဇိမ်ခံအမှတ်တံဆိပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မလဲ။

၁၉၀၀ ပြည့်နှစ်၊​ ဧပြီလ ၂ ရက်နေ့။

Daimler-Motoren-Gesellschaft (နောက်ပိုင်းတွင်မော်တော်ကားများထုတ်လုပ်လာသည့် ဂျာမနီ စတုဂတ်အခြေစိုက် အင်ဂျင်နီယာအဖွဲ့) ဟာ သူတို့ထုတ်လုပ်တဲ့ မော်တော်ကားတွေကို Mercédès လို့ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။​ Emil Jellinek ရဲ့တစ်ဦးတည်းသောသမီး Mercédès Jellinek ရဲ့အမည်ကို ဆွဲယူပေးခဲ့ကြတာပါ။ Emil Jellinek ဟာ Nice မှာနေတဲ့ သြစတြီးယားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Daimler ရဲ့မော်တော်ကားတွေကို ရောင်းဝယ်ဖေါက်ကားနေကာ သူတို့အတွက် ကားမောင်းပြိုင်ပွဲတွေမှာ စာရင်းသွင်းပေးနေသူလည်းဖြစ်ပါတယ်။

ဒီလို နားသောတကိုသာယာကြည်နူးစေတဲ့ စပိန်နာမည်နဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကတော့ Mercedes 35 PS  ပါ။ အဲဒီကားဟာ ၁၉၀၁ ခုနှစ် မတ်လအတွင်း Nice မှာကျင်းပမယ့် ကားမောင်းပြိုင်ပွဲမှာ အကျော်အမော်ကားတစ်စီးဖြစ်လာခဲ့တယ်။​ သူ့ရဲ့အဆင့်မြင့်လှတဲ့ ခေတ်ရှေ့ပြေးနည်းပညာကြောင့်သာမဟုတ် (ပြိုင်ပွဲနှစ်မျိုးသုံးမျိုးမှာအနိုင်ရခဲ့) ထူးခြားပြီး ကျော့ရှင်းလှပတဲ့ဒီဇိုင်းကြောင့်ပါ အထင်ကရဖြစ်ခဲ့ရတာပါ။ Mercedes 35 hp ဟာ ယနေ့ခေတ်မော်တော်ကားတွေရဲ့ ရှေ့ပြေးပုံစံလို့တောင်မှတ်ယူနိုင်ပြီး သူ့ရဲ့ လမ်းဟောင်းမလိုက်တိုးတက်တီထွင်ထားတဲ့ ဗိသုကာအရဆိုရင် ကားလောကကြီးတစ်ခုလုံးရဲ့ စံပြမော်ဒယ်ကားတစ်စီးလို့တောင် ဆိုလို့ရပါတယ်။ ပြင်သစ် Automobile Club ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Paul Meyan ကတော့ Mercedes 35 PS ဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲအပြီးမှာပဲ

“အခုဟာဆိုရင်တော့ဖြင့် Mercedes ရဲ့အချိန်အခါကို ရောက်လို့လာပါပြီ” လို့ဆိုခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး Daimler ကထုတ်တဲ့ ခရီးသည်တင်ကားတွေရဲ့ ရေတိုင်ကီရှေ့မှာ “Mercédès” ဆိုတဲ့ပန်းစာလုံးက နေရာယူ တန်ဆာဆင်ခဲ့ကြပါတော့တယ်။ ဒီနာမည်ကို trademark အဖြစ် စာရင်းပေးသွင်းတာကတော့ ၁၉၀၂ ဇွန်လ ၂၃ ရက်နေ့ဖြစ်ပြီး ၁၉၀၂ စက်တင်ဘာလ ၂၆ ရက်နေ့မှာ တရားဝင်ဖြစ်သွားခဲ့ပါတယ်။

၁၉၂၆ ခုနှစ် ဇွန်လမှာတော့ Daimler နဲ့ Benz ကုမ္ပဏီတို့ ပူးပေါင်းလိုက်တဲ့အတွက် Mercedes-Benz အဖြစ် အမှတ်တံဆိပ်အမည်ကို ပြောင်းလဲခဲ့ကြပါတယ်။ ဒါဟာ ဇိမ်ကျမှုနဲ့ ဆန်းသစ်မှုတို့ ပေါင်းစည်းခြင်းလို့လည်းဆိုနိုင်ခဲ့တာပါ။ အခြားမော်တော်ယာဉ်ထုတ်လုပ်ရေးတွေနဲ့မတူညီတာကတော့ Mercedes-Benz ဟာ လှပကျော့ရှင်းမှုနဲ့ စွမ်းဆောင်ရည်နည်းပညာ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာကို အကောင်းဆုံး သိရှိထားခြင်းပါပဲ။ အခုလက်ရှိ အောင်မြင်မှုတွေရဲ့ လျှို့ဝှက်ချက်ကို ဖေါ်ကောင်အဖြစ်နဲ့ပြောလိုတာကတော့ Mercedes-Benz ရဲ့ဒီဇိုင်းဟာ အသိနဲ့ခံစားမှု ကိုပါ ပေါင်းစပ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတော့တယ်။

ဒီကနေ့မှာဆိုရင် Mercedes-Benz ဟာ အမျိုးသမီးနာမည်နဲ့ တစ်ခုတည်းသော မော်တော်ကားအမှတ်တံဆိပ်ဖြစ်ပါတယ်။

“Mercédès Jellinek ဒါမှမဟုတ် Bertha Benz လိုမျိုးအမျိုးသမီးတွေဟာ Mercedes-Benz ရဲ့အောင်မြင်တဲ့ဇာတ်လမ်းကို ဟိုးအစကတည်းက ပုံဖေါ်ရေးခြစ်ခဲ့ကြတာပါ။”

ဟု Mercedes-Benz AG ရဲ့ဈေးကွက်ရှာဖွေချဲ့ထွင်ရေးခေါင်းဆောင် Bettina Fetzer ကဆိုပါတယ်။ ဆက်လက်ပြီး သူက

“၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ She’s Mercedes ဟာဆိုရင်လည်း ကမ္ဘာတစ်လွှားများပြားလှတဲ့ အမျိုးသမီး customers တွေနဲ့အတူ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းတည်ဆောက်ခဲ့ကြတာပါ။​ Mercedes-Benz ရဲ့အနာဂတ်ကတော့ ဆွဲဆောင်မှုရှိလှစွာဖြင့် ခံနိုင်ရည်စွမ်းနဲ့ဇိမ်ကျမှုတို့ ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတော့တယ်။” ဆက်လက်ပြောကြားလိုက်ပါတယ်။

Mercedes-Benz ဟာ ၂၀၁၆ ခုနှစ်ကစတင်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံအမှတ်တံဆိပ် အဖြစ်ဆက်တိုက်ရပ်တည်ခဲ့ပါတယ်။ အမေရိကန် အမှတ်တံဆိပ် အတိုင်ပင်ခံကုမ္ပဏီ Interbrand က အဆင့်သတ်မှတ်တဲ့ “၂၀၁၉ အကောင်းဆုံး ကမ္ဘာ့အမှတ်တံဆိပ်များ” ၁၀ ခုစာရင်း (မော်တော်ကားသာမက အမှတ်တံဆိပ်မျိုးစုံပါဝင်) မှာလည်း တစ်ခုတည်းသော ဥရောပအမှတ်တံဆိပ်အဖြစ်နဲ့ ပါဝင်နိုင်ခဲ့တဲ့ Mercedes-Benz ဖြစ်ပါတယ်။

Ref: Anniversary of the brand name: 120 years of Mercedes – the girl and the brand

Author