ယာဉ်တိုက်မှုများနှင့် ပတ်သက်၍

0

Full article

ယခုတစ်လော ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုမျိုးစုံကို ဟိုမှ၊ ဒီမှ ကြားနေရသည်။ ယာဉ်မောင်းနေရသူများအနေဖြင့် ယာဉ်တိုက်မှုပုံစံ၊ ယာဉ်တိမ်းမှောက်မှုအနေအထားများနှင့်ပတ်သက်၍ ဗဟုသုတအချို့နှင့် ဖြစ်လေ့ဖြစ်ထရှိသည်များကို ကြိုတင်သိရှိထားရန် လိုအပ်လှသည်။ ကြိုတင်သိရှိထားခြင်းအားဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်မည် မဟုတ်ပါလား။

ယာဉ် တိုက်မှုပုံစံ/ထိခိုက်မှုပုံစံ ယျေဘုယျ  ၇ မျိုး
——
၁။ Sideswipe collision

လားရာတူ အပြိုင် သွားနေသော ယာဉ် ၂ စီး၏ ယာဉ်မောင်းသူတစ်ဦးဦး ထိန်းချုပ်မှု လွတ်ကင်းသွားသောအခါယာဉ် ၂ စီး ဘေးဘက်မှာ အများဆုံးထိခိုက်မှုဖြစ်တတ်သည်။
——-
၂။ Rear-end collision

ရှေ့ကားမှ မောင်းနေသောအရှိန်ကို ရုတ်တရက်လျှော့ချလိုက်သော အခြေအနေမျိုးတွင် နောက်မှနီးကပ်စွာလိုက်ပါလာသောကားက ပြင်ဆင်ချိန်မရလိုက်ပဲ တိုက်မိသွားခြင်းဖြစ်သည်။
ရန်ကုန်တွင် နေ့စဉ် အဖြစ်အများဆုံး ထိခိုက်မှုမျိုးဖြစ်ပါသည်။ အလုံးစုံ အာမခံ ကုမ္ပဏီများက အများဆုံးလျော်ပေးရသော ထိခိုက်မှုဖြစ်သည်။
——-
၃။ Head-on collision

မျက်နှာချင်းဆိုင်ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မှုမျိုးဖြစ်သည်။ ဤဖြစ်စဉ်မျိုးဖြစ်ခဲ့ပါက လူသေစေနိုင်သည့်အထိဖြစ်နိုင်သည့် ထိခိုက်မှုမျိုးဖြစ်သောကြောင့် ယာဉ်မောင်းသူများအနေဖြင့် အထူးဂရုပြုထားရမည်ဖြစ်သည်။
ဧရာဝတီတိုင်း ပုသိမ်-ရန်ကုန်လမ်းပိုင်း၊ ပဲခူးတိုင်း ပဲခူး-ရန်ကုန်လမ်း၊ ပြည်-ရန်ကုန်လမ်း၊ ဘုရားကြီးဘက်မှ စစ်တောင်းအထွက် ဝေါ လမ်း ဘက်တို့တွင် ယင်းထိခိုက်မှုမျိုး အများဆုံးတွေ့နေရသည်။
——-
၄။ Single-vehicle collision

ကားတစ်စီးထဲ လမ်းဘေးရှိ သစ်ပင်၊ ဓါတ်တိုင်၊ လမ်းတားကွန်ကရိတုံးများကို ဝင်တိုက်မိချင်းဖြစ်စဉ်မျိုးဖြစ်သည်။ ကားမောင်းသူ၏ ကျွမ်းကျင်မှု အားနည်း၍ သော်လည်းကောင်း၊ သောက်စားမူးယစ်ထားသောကြောင့်သော်လည်းကောင်း၊ ကားအောက်ပိုင်း တစ်စုံတစ်ရာ ရုတ်တရက် ချို့ယွင်းသွားသောကြောင့်သော်လည်းကောင်း ဖြစ်တတ်ကြသည်။
ရန်ကုန်တွင်ဆိုပါက ညဉ့်နက်ချိန် ကလပ်မှ ပြန်လာသောကားများ အဖြစ်များပါသည်။
အမြန်လမ်းတွင်အိပ်ငိုက်ပြီးလည်း အဖြစ်များ၏။
——-
၅။ Vehicle rollover

ယာဉ်တိမ်းမှောက်ခြင်းဖြစ်စဉ်တွင် ဟန်ချက်မြင့်သည့် SUV/4WD အမျိုးအစားကားများ မြန်နှုန်းမြင့်မောင်းရာတွင် တစ်စုံတစ်ရာ အခြေအနေကြောင့် ဟန်ချက်ပျက်ရသောအခါ အများဆုံး ဖြစ်လေ့ရှိသည့် ပုံစံမျိုးဖြစ်သည်။
လက်တွေ့အားဖြင့် အမြန်လမ်းတွင် မိုးရွာနေစဉ် skid/hydroplane ဖြစ်စဉ်များနှင့်ကြုံလိုက်ရပါက ယာဉ်တိမ်းမှောက်သွားတတ်သည်။
လက်တွေ့အဖြစ်များသောကားများမှာ Surf ၊ Prado ၊ Vigo ၊ Alphard ကားများ မိုးတွင်းတွင် အများဆုံး ဖြစ်လေ့ဖြစ်ထရှိသည်။
—–
၆။ Multi-vehicle collision

ယာဉ်များစွာ တစ်ပြိုင်တည်းထိခိုက်မှုသည် နိုင်ငံခြားတွင်အဖြစ်အများဆုံးဖြစ်စဉ်ဖြစ်သည်။ အဝေးပြေးလမ်းတွင် အများဆုံးဖြစ်တတ်ကြသည်။
ရာသီဥတုမကောင်းသော အခြေအနေမျိုးတွင်ဖြစ်လေ့ရှိသည်။
ရန်ကုန်တွင်လည်း အဖြစ်များသည်ကိုတွေ့နေရသည်။ အများအားဖြင့် YBS လို ကားကြီးများ နောက်မှနေ၍ အရှိန်ပြင်းနှင့်တိုက်မိသည့်အခါမျိုးတွင် ကုန်းကျော်တံတားအဆင်း၌လည်းကောင်း၊ မီးပွိုင့် ဧရိယာအတွင်း၌လည်းကောင်း ကြုံတွေ့ရလေ့ရှိသည်။
—-
၇။ Side collision or T Bone collision

ကားတစ်စီးသည် မိမိရှေ့မြင်ကွင်းမှ အခြားကားကို အရှိန်ပြင်းစွာ T ပုံစံတိုက်မိခြင်းမျိုးဖြစ်သည်။ လမ်းသွယ်မှ လမ်းမကြီးသို့ လမ်းလုထွက်သည့်အခါမျိုး၊ တူညီလမ်းလေးခွဆုံ သို့မဟုတ် မတူညီသည့်
လမ်းငါးခွဆုံ (တစ်လမ်းအရင်ကြိုလွှတ်) စသည့်နေရာမျိုးများ၌ မိးပွိုင့်ပျက်သည့်အခါမျိုးတွင်လည်းကောင်း၊ မီးပွိုင့်အကြည့်မှားသည့်အခါမျိုးတွင်လည်းကောင်း ဖြစ်တတ်ကြသည်။

တာမွေ Y ပုံစံ ကုန်းတံတားအောက် ၅ ခွဆုံတွင် သင်္ကန်းကျွန်းလမ်းဘက်သို့ ကြိုလွှတ်တစ်ပွိုင့်ကို နားမလည်သော ယာဉ်မောင်းသူအချို့နှင့် ဦးချစ်မောင်လမ်းမှ ရှင်ပါဂူလမ်းကြောင်းသွား ကားများထိခိုက်မှုမကြာမကြာတွေ့ရတတ်သည်။
—–
ထို့ကြောင့် သင်သည် smart ကျသော၊ အရာရာကြိုတင်ကာကွယ် သတိရှိသော ယာဉ်မောင်းသူ တစ်ယောက်ဖြစ်အောင် အချက်ပြမီး၊ အချက်ပြသင်္ကေတ၊ အရှိန်ထိမ်းလမ်းတုံးများကို ကြိုတင်သိရှိလိုက်နာပေးရန်လိုအပ်ပါသည်။
ယာဉ်မောင်းနှင်နေစဉ်အတွင်း လက်ကိုင်ဖုန်းမသုံးမိဖို့ကလည်း အထူးအရေးကြီးလှသည်။

ကားမိတ်ဆွေများကို ခင်မင်လျက် ကိုသက်

စာရေးသူ : U Thet Win

Author