မီးသံခေါက်ခြင်းနှင့် ပတ်သက်၍

0

Full article

သင့်ကား ဘာလို့ မီးသံခေါက်တာလဲ?

အခု ဂျပန် တစ်ပတ်ရစ်ကားလောကမှာ အဖြစ်အများဆုံး ပြဿနာတွေထဲက တစ်ခုကတော့ "တက်တက်တက်၊ တောက်တောက်တောက်" လို့ သံ သံချင်းခေါက်သံလိုလို၊ တူနဲ့သံကို ခေါက်သံလိုလို ကြားရတတ်တဲ့ မီးသံခေါက်တာပါပဲ။ နေ့စဉ်နေ့တိုင်းလိုလို ကားဝပ်ရှော့ တော်တော်များများမှာ ဖြေရှင်းပေးနေရတဲ့ ပြဿနာတစ်ခုပေါ့။ မီးသံခေါက်တယ်ဆိုတာက ကားလောကထဲကလူတွေ၊ ကားမောင်းသမားတွေ၊ ကားဝယ်ရောင်းတွေ စတဲ့ ကားနဲ့ပတ်သတ်တဲ့သူတွေတိုင်း ကြားဖူးနားဝရှိထားတဲ့ စကားလုံး ပါ။
ဒါဆို ဘာဖြစ်လို့ မီးသံခေါက်တာလဲ?
မီးသံခေါက်တယ်၊ အင်ဂျင်သံခေါက်တယ်ဆိုတာ ဘာလဲ?
မီးသံမခေါက်အောင် ဘယ်လိုဖြေရှင်းရမလဲ?
ဆိုတာလေးတွေကို ဒီနေ့ရှင်းလင်းတင်ပြချင်ပါတယ်။

Four Stroke Cycle (Internal Combustion Engine) ဆိုတာ

မီးသံခေါက်ရတဲ့ အချက်တွေ မပြောခင် ကျနော်တို့ အခု ဂျပန်ကားလေးတွေမှာ သုံးနေတဲ့ Internal Combustion Engine (အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီး လည်ပတ်ကာ စွမ်းအားရတဲ့ အင်ဂျင်) တွေရဲ့ လည်ပတ်မှု Four Stroke ဖြစ်စဉ်လေးကို အကြမ်းဖျင်း ရှင်းပြပေးချင်ပါတယ်။

Four Cycle အင်ဂျင်တစ်လုံး လည်ပတ်ဖို့အတွက်
၁။ Intake Stroke / Induction Stroke (လေကို ဆွဲသွင်းတဲ့ စတုတ်)
၂။ Compression Stroke ( ဆီနဲ့လေအရောအနှောကို ဖိသိပ်တဲ့ စတုတ်)
၃။ Power Stroke (ဖိကျစ်ခံရပြီးတဲ့ ဆီနဲ့လေ အရောအနှောကို spark plug ကနေ မီးခတ်ပေးရတဲ့ စတုတ်)
၄။ Exhaust Stroke (မီးလောင်ပေါက်ကွဲသွားတဲ့ ဆီနဲ့လေ အရောအနှော အငွေ့တွေကို အိတ်ဇောဘားကနေတဆင့် ပြန်လည်တွန်းထုတ်ရတဲ့ စတုတ်)
ဆိုပြီး အင်ဂျင်လည်ပတ်ခြင်း သံသရာဖြစ်စေကာ အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာပဲဖြစ်ပါတယ်။

ဒီ Four Cycle အင်ဂျင် သံသရာဖြစ်စဉ်ကို မြန်မာဝပ်ရှော့ ဆရာကြီးတွေကတော့ (ဆွဲ၊ ကျစ်၊ ကန်၊ ထုတ် Four Stroke) ဆိုပြီး အလွယ်ခေါ်ယူ မှတ်သားတတ်ကြပါတယ်။

ဒီလို အင်ဂျင်လည်ပတ်ခြင်း သံသရာဟာ သူ့ဘာသာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်တွေ ဘယ်အချက်မှ မလွဲချော်ဘဲ ပုံမှန် လည်ပတ်နေတဲ့အချိန်ဆိုရင် အင်ဂျင်ဟာ အသံတည်ငြိမ်ပြီး လည်ပတ်မှုကောင်းနေမှာ မလွဲမသွေပါ။ ဒါပေမယ့် ဒီလိုလည်ပတ်မှုဖြစ်စဉ်တွေထဲက တစ်ခုခု အဆင်မပြေ၊ မချောမွေ့တော့တာနဲ့ အင်ဂျင် မတည်ငြိမ်တာ၊ အသံဆူတာ၊ တုန်တာ၊ ခါတာ၊ အင်ဂျင် ပါဝါကျသွားတာနဲ့ အခုပြောမယ့် မီးသံခေါက်တယ်ဆိုတာတွေ ဖြစ်လာတော့တာပါပဲ။

မီးသံခေါက်ခြင်း၊ အင်ဂျင်သံခေါက်ခြင်း (Engine Knocking)

ကျနော်တို့ ဂျပန်တစ်ပတ်ရစ် ကားလောကမှတော့ engine knocking ကို မီးသံခေါက်တယ်လို့ပဲ အပြောများ၊ အခေါ်များကြပါတယ်။ တကယ်တမ်း မီးသံခေါက်တယ်ဆိုတဲ့ အင်ဂျင်ခေါက်သံ၊ ရိုက်သံထွက်တာကိုဖြစ်စေတဲ့ အခြေခံအချက် ၂ ချက်ကတော့ detonation နဲ့ pre-ignition ပါ။

Detonation ဆိုတာက ဘာလဲဆိုရင် ဆီနဲ့လေကို ဆွဲသွင်းပြီး spark plug က မီးလောင်ပေါက်ကွဲပေးရတဲ့ combustion chamber (မီးလောင်ခန်း) အတွင်းမှာ မီးလောင်ပေါက်ကွဲမှု အပြိုင်ဖြစ်ပေါ်ခြင်းပါပဲ။ သေချာရှင်းပြရရင် အပေါ်က Four Stroke Cycle မှာပြောထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ဖို့ ပထမဆုံး လေကိုဆွဲသွင်းရတယ်။ ပြီးတာနဲ့ injector တွေက ဆီကို ဖြန်းသွင်းတယ်။ ဆီနဲ့လေအရော အနှောကို piston က လိုအပ်တဲ့ ဖိအားရအောင် ဖိသိပ်တယ်။ ပြီးရင် မီးလောင်ဖို့ အသင့်ဖြစ်နေတဲ့ ဆီ၊ လေ အရောအနှောကို plug ကနေ မီးခတ်ပြီး ပေါက်ကွဲလောင်ကျွမ်းစေတယ်။ ဒီလို ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ pulg ကနေ မီးလောင်ဖို့ မီးခတ်စဉ် အဲဒီမီးကြောင့် ဆီနဲ့လေ အရောအနှောတွေ အကုန်မလောင်ကျွမ်းခင်၊ အခြားနေရာကနေ သူ့အလိုလို မီးပွားထွက်လာပြီး မီးလောင်ခန်း တစ်ခုတည်းမှာ မီးလောင်မှုဖြစ်စဉ် နှစ်ခု အပြိုင်ဖြစ်ပေါ်လာတာကို ခေါ်တာပါ။ ဒီလိုမျိုး ပုံမှန်မီးလောင်တာမဟုတ်ဘဲ အပြိုင်ဖြစ်တဲ့အတွက် မီးလောင်ခန်းထဲမှာ အတက်အဆင်းလုပ်ရတာတဲ့ pistons တွေဟာ ပုံမှန် မှန်မှန်ကန်ကန် အတက်အဆင်းမလုပ်နိုင်တော့ဘဲ မီးလောင်ခန်း ဘေးနံရံတွေကို ဟိုရိုက်ဒီရိုက် လိုက်ရိုက်မိကုန်တော့တာပါပဲ။ အဲဒီလို ရိုက်တဲ့အတွက် ကျနော်တို့ မီးသံခေါက်တယ်လို့ ကြားကြားနေရတဲ့ "တက်တက်တက်" တို့ "တောက်တောက်တောက်" တို့ အသံတွေကြားလာရတာပါ။

၁။ ကာဗွန်ကြေး (လောင်စာဆီအရည်အသွေးကြောင့်)

ဒါဆို သူ့အလိုလို ဘယ်ကမီးပွားထွက်လာရသလဲမေးစရာရှိလာတာပေါ့။ ဘယ်က မီးပွားထွက်လာရသလဲဆိုတော့ အခုကားမောင်းသူတိုင်းလိုလို သိကြတဲ့ ကာဗွန်ကြေး (ဂျိုး) ကနေ မီးပွားထွက်လာတာပါ။ ကျနော်တို့ နေ့စဉ်သုံးနေရတဲ့ စက်သုံးဆီဆိုတာတွေကလည်း hydrocarbon တွေနဲ့ဖွဲ့စည်းထားပြီး အရည်အသွေး မပြည်မီတဲ့ Octane (92, 95) တွေကြောင့် မီးလောင်ခန်းရဲ့ head မျက်နှာပြင်ထိပ်၊ inlet valve နဲ့ exhaust valve တွေ၊ pistons တွေရဲ့ မျက်နှာပြင်ထိပ်တွေမှာ မီးကုန်အောင် မလောက်ကျွမ်းဘဲ ကျန်နေခဲ့တဲ့ ကာဗွန်ဂျိုးတွေဟာ piston ကနေ ဆီနဲ့လေတွေကို ဖိသိပ်လိုက်တဲ့ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှိန်မှာ မီးပွားထခတ်ဖို့ အသင့်စောင့်နေပါတယ်။ ဒါကြောင့် အခုခေတ် ကားသမားတွေ မီးသံခေါက်ပြီဆိုတာနဲ့ ဝပ်ရှော့ပြေး၊ ကာဗွန်ဂျိုးဆေးမယ် လုပ်ကြတာဟာလည်း ဒီအကြောင်းကြောင့်ဖြစ်ပါတယ်။

ဒါဆိုကာဗွန်ဂျိုးဆေးရင် ပျောက်ပြီလား ဆိုရင်တော့၊ ပျောက်ချင်ပျောက်မယ်၊ မပျောက်ချင်လည်း မပျောက်ဘူးလို့ ဖြေရမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုရင် မီးသံခေါက်စေတာဟာ ကာဗွန်ဂျိုးဆိုတဲ့ တရားခံ တစ်ဦးတည်းကြောင့် မဟုတ်လို့ပါ။ အခြားမီးသံခေါက်စေတဲ့ တရားခံကတော့ self-ignition ပါ။

၂။ Self-ignition (လောင်စာဆီအရည်အသွေးကြောင့်)

Self-ignition ဆိုတာက မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် Four Stroke မှာ၊ plug ကနေ မီး မပွင့်ပေးရသေးဘဲနဲ့ ဆီနဲ့လေအရောအနှောက သူ့အလိုလို ထလောင်ကျွမ်းတာပါ။ အဓိက ကတော့အပေါ်မှာပြောခဲ့သလို Octane (95,92) အစရှိတဲ့ RON (Research Octane Number) မပြည့်မီခြင်းပါပဲ။
(Octane 92၊ 95 အကြောင်းတွေကို ကားစားသုံးသောအစာများနှင့်ပတ်သက်၍ ခေါင်းစဉ်နဲ့ ကျနော် အသေးစိတ်ရေးသားထားဖူးပါတယ်။ ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။)
အရည်အသွေးမပြည့်မီတဲ့ ဆီတွေဟာ piston ရဲ့အဖိအသိပ်ကို မခံနိုင်ပါဘူး။ မီးလောင်ပေါက်ကွဲတဲ့ မီးလောင်ခန်းထဲမှာရှိတဲ့ ဆီနဲ့လေ ကို piston က ဖိသိပ်လိုက်တဲ့ ဖိအားဟာ ယေဘုယျအားဖြင့် 100 to 200 Psi လောက်ရှိပါတယ် (အင်ဂျင်အကြီးအသေး၊ အမျိုးအစားပေါ်မူတည်ပြီး ဖိအားပြောင်းလဲနိုင်ပါတယ်)။ အဲဒီလိုဖိသိပ်လိုက်တယ်ဆိုရင်ပဲ အငွေ့တွေကို ဖိသိပ်လိုက်ရင် ပူလာတယ်ဆိုတဲ့ ရူပဗေဒသဘောတရားရ ဆီနဲ့လေအရောအနှောဟာ မီးလောင်ခါနီးအထိ အပူချိန်မြင့်တက်သွားပါတယ်။ အဲဒီလိုအခြေအနေမျိုးကို အရည်အသွေးမပြည့်မီတဲ့ဆီတွေဟာ တောင့်မခံနိုင်ဘဲ plug ကမီးပွား မထွက်ခင်ကို အလိုလို မီးထလောင်ပါတော့တယ်။ အဒီလိုနဲ့ပဲ မီးလောင်ခန်းထဲက piston နဲ့မီးလောင်ခန်းနံရံ ရိုက်သံတွေ ထွက်ပေါ်လာတော့တာပါပဲ။

၃။ Pre-ignition (spark plug အရည်အသွေးကြောင့်)

မီးသံခေါက်စေတဲ့ လက်သည်နောက်တစ်ယောက်ကတော့ pre-ignition ပါ။ ဒါကတော့ ဘာကြောင့်ဖြစ်တာလဲဆိုရင် မီးခတ်ပေးရတဲ့ ဆရာကြီး spark plug ကြောင့်ပါပဲ။ အပေါ်က ရှင်းပြထားသလို မီးလောင်ပေါက်ကွဲပြီး အင်ဂျင်လည်ပတ်ရတဲ့ ဖြစ်စဉ်မှာ spark plug ကလည်း timing (တိုင်ပင်) ကိုက် မီးခတ်ပေးရပါတယ်။ သူ့အချိန်သူ့အခါဖြစ်တဲ့ ဆီနဲ့လေ အရောအနှောကိုအမြင့်ဆုံးဖိအားရောက်တဲ့အချိန်ထိ ဖိသိပ်ပြီးချိန်မှ ခတ်ရမှာကို ဆီနဲ့လေအရောအနှောကို အမြင့်ဆုံးအခြေအနေမတိုင်ခင် မီးထခတ်တာကြောင့်လည်း မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် ကြိုစောသွားကာ ဖိသိပ်ပြီးတက်လာတဲ့ piston ကို ပြန်လည်တွန်းချသလိုဖြစ်ပြီး piston ကို မီးလောက်ခန်းနံရံတွေနဲ့တိုက် မီးခေါက်သံထွက်စေပါတယ်။

ဘာကြောင့် plug က မီးစောခတ်ရတာလဲဆိုရင်တော့ အရည်အသွေး ညံ့တဲ့အပေါစား plugs တွေကို သုံးတာ၊ နောက် အမျိုးအစားမတူတဲ့ spark plugs တွေကိုသုံးတာ၊ ဒီက တချို့ဝပ်ရှော့တွေမှာ plug တွေကို အရစ်တူရင်သုံးတာ၊ နောက် အမျိုးအစားတူရင်သုံးတာတွေဟာလည်း မှားယွင်းတဲ့ အယူအဆတွေပါ။ Plug တွေဟာ အရစ်တူရင်၊ ငုတ်တူရင်၊ အမျိုးအစားတူတယ်ဆိုရုံနဲ့ သုံးလို့မရပါဘူး။ ဒီမှာကဘာကားလာလာ Denso တစ်ငုတ်လို့ပြောဝယ်လိုက်ဆိုပြီး ဝယ်ခိုင်း၊ ထည့်ခိုင်းတာဟာလည်း ချက်ခြင်းမသိသာတောင်မှ ရေရှည်မှာ မီးသံခေါက်စေတဲ့ အချက်တစ်ချက်ပါပဲ။

ဘာကြောင့်လဲဆိုရင် plugs တွေရဲ့ အပေါ်မှာပါတဲ့ ကိန်းဂဏန်းတွေဟာ ဒီ spark plug ရဲ့ heat rate < heating value > တွေကို ရည်ရွယ်ပြီး ဘယ်ကား အမျိုးအစား၊ ဘယ်အင်ဂျင်မှာ ဘယ်လောက် heat rate ရှိတဲ့ spark plugs ကို သုံးရမယ်ဆိုပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီက အတိအကျ ထုတ်ပြန်ထားပါတယ်။
မဟုတ်ရင် ကားအမျိုးအစား အင်ဂျင်အမျိုးအစား မတူညီတဲ့အခါမှာ သုံးတဲ့ spark plug တွေမှားတာနဲ့ plug တွေရဲ့ heating value တွေလွဲကုန်ပြီး တချို့ spark plugs တွေက အပူလုံလောက်အောင် မပူတာ၊ တချို့ကျတော့လည်း အပူလုံလောက်အောင် မစွန့်ထုတ်နိုင်တာတွေကြောင့် မီးသံခေါက်ရတဲ့ ပြဿနာတွေဖြစ်စေတာပါ။ ကားအမျိုးအစား အင်ဂျင်အမျိုးအစားနဲ့ သုံးရမယ့် plugs တွေကို ကုမ္ပဏီတွေကနေ အတိအကျထုတ်ထားတဲ့ catalogues တွေရှိတာမလို့ သေချာလေ့လာပြီး အတိအကျသုံးစွဲသင့်ပါတယ်။

နောက် plugs တွေကို ကျပ်တဲ့ (tight) တဲ့ အခါမှာလည်း သေချာအောင် ကျပ်ဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုရင် plugs တွေဟာ သူတို့မှာရှိတဲ့ အပူကို သူတို့ရဲ့ဘေးနံရံကနေ တစ်ဆင့် အပြင်ကို စွန့်ထုတ်ပါတယ်။ အဲဒီလို နေရာမှာ သေချာတဲ့ limit ရောက်အောင် မကျပ်ထားတဲ့အခါ အပူစွန့်ထုတ်မှုနည်းပါးပြီး pre-ignition ကို ဖြစ်ပေါ်စေပါတော့တယ်။

မီးသံခေါက်ရင် ဘာဖြစ်လာနိုင်သလဲ?

မီးသံခေါက်ရင် ဘာဖြစ်နိုင်သလဲဆိုရင်တော့ ပထမဆုံး ဖြစ်တာကတော့ ကားမောင်းရင်း နားမချမ်းသာတာပါပဲ။ ကိုယ်မောင်းနေတဲ့ ကားအင်ဂျင်ကနေ "တက်တက်တက် တောက်တောက်တောက်" အသံတွေကြားနေရရင် ဘယ်ကားမောင်းသူမှ စိတ်ချမ်းသာ လက်ချမ်းသာ မောင်းနိုင်မှာ မဟုတ်ပါဘူး။
နောက် အင်ဂျင်တုန်တာ၊ ခါတာ၊ အင်ဂျင်ပါဝါကျသွားတာ။
ဒါထက်ဖြစ်နိုင်တာက ဒီလိုဖြစ်စဉ်ဟာ ရေရှည်လာတာနဲ့အမျှ အင်ဂျင်ရဲ့ piston ၊ combustion chamber နဲ့ valves တွေကို ထိခိုက်ပျက်စီးစေမှာပါ။

မီးသံမခေါက်အောင် ဘယ်လိုလုပ်ရမလဲ?

အပေါ်မှာ မီးသံ ဘာလို့ခေါက်ရတယ်ဆိုတာ ရှင်းပြပြီးပြီဆိုတော့ မီးသံခေါက်ရင် မီးသံခေါက်စေတဲ့ အချက်တွေဖြစ်တဲ့ ကာဗွန်ကြေးဆေးကြောတာ၊ plugs တွေစစ်တာ၊ ဆီအရည်အသွေးပြည့်မီတဲ့ဆိုင်ကို ရွေးချယ်သုံးစွဲတာမျိုးတွေလုပ်ရမှာပါ။ ဒါ့ထက် ပိုလိုအပ်တဲ့ အချက်တွေက ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲတဲ့ ဆီတိုင်ကီထဲက fuel pump တွေ ဆီစစ်တွေကို ဖြုတ်စစ်တာ၊ injector တွေကို ပုံမှန်ဖြုတ် ဆေးကြောတာ၊ လေစစ်တွေကို ပုံမှန်လဲလှယ်ပေးတာတွေကို လုပ်ပေးရမှာပါ။ ဘာဖြစ်လို့လည်းဆိုရင် ဒီမီးသံခေါက်တာက အကြောင်းအချက် တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ဂျာအေး သူ့အမေရိုက်သလို ဆီမသန့်လို့ plug ကြေးကပ်၊ ကြေးကနေ မီးပွားဖြစ်လို့ မီးသံခေါက်၊ မီးသေချာ မလောင်လို့ အင်ဂျင်ခန်းကြေးတက်ဆိုပြီး တစ်ပတ်လည်နေတာမလို့ပါ။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ ကားအင်ဂျင် မီးသံခေါက်ခြင်းမှ ကင်းဝေးအောင် အပေါ်က ပြောတဲ့ အချက်တွေကို ပြုပြင်နေကျ၊ ယုံကြည်စိတ်ချရတဲ့ ဝပ်ရှော့တွေမှာ အမြဲစမ်းသပ်စစ်ဆေးပြီး ထိန်းသိမ်းမယ်ဆိုရင် စိတ်ပျက်စရာကောင်းတဲ့ ကားမီးသံခေါက်တာကနေ ကင်းဝေးနိုင်မှာပါ။
မီးသံခေါက်ရတဲ့ အခြားအကြောင်းအချက်များစွာ ရှိပေမယ့် ဒီမျှလောက်ဆိုရင်ဖြင့် မိတ်ဆွေညီကိုမောင်နှမတို့အတွက် မီးသံခေါက်ခြင်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတ အတော်အသင့်ရနိုင်ပြီလို့ ယူဆပါတယ်ခင်ဗျာ။
မိတ်ဆွေ ညီကို မောင်နှမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝနိုင်ကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Author

Comments