ကားမောင်းရင်းနဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့် နည်းလမ်း ၅ သွယ်

0

Full article

လူသားတွေဟာ ဘဝမှာရရှိထားတဲ့အချိန်တွေရဲ့ ၃ ပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြတယ်လို့ထင်ပါတယ်။ ဒီစကားဟာ အရင်တုန်းက မှန်ကန်နိုင်ပေမယ့် အခုတော့ အတိအကျမှန်ကန်ဖို့ မလွယ်တော့ပါဘူး။ အထူးသဖြင့် လူသားတွေရဲ့နေ့စဉ်ဘဝမှာ မော်တော်ကားတွေ နေရာဝင်ယူလာကြပြီးနောက်မှာတော့ ကားမောင်းရင်းနဲ့ ကုန်ဆုံးသွားတဲ့အချိန်ပမာဏကလည်း ကြီးမားတဲ့ကိန်းဂဏန်းတစ်ခုကို ရောက်ရှိလာနေပါပြီ။ ဒီနေရာမှာ ပိုပြီးဆိုးရွားလာတာက ကားမောင်းတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ခံစားမှုက လွတ်လပ်ပေါ့ပါးပျော်ရွှင်တာထက် ပျင်းရိငြီးငွေ့ပြီး စိတ်ညစ်ညူးဖွယ်ဖြစ်နေတတ်တာပါပဲ။ တကယ်တော့ ခံယူတတ်မယ်ဆိုရင် ကားမောင်းခြင်းဆိုတာ စိတ်ဖိစီးမှုတွေ၊ မွန်းကျပ်မှုတွေလျှော့ချပေးနိုင်ရုံသာမက လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်စရာအတွေ့အကြုံတွေကိုလည်း ပေးစွမ်းနိုင်တဲ့လုပ်ဆောင်မှုတစ်ခုပါ။ ဒါပေမဲ့ အချိန်နဲ့နေရာအပေါ်လိုက်ပြီး အခုဖော်ပြမယ့်အချက်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်မှသာ သင့်အတွက်လွတ်လပ်ပေါ့ပါးပြီး စိတ်ပျော်ရွှင်မှုရရှိစေတဲ့ ကားမောင်းခြင်းလုပ်ငန်းစဉ်တစ်ခုကို တွေ့ကြုံရယူနိုင်ပါလိမ့်မယ်။ ကဲ ... မွန်းကျပ်ဖိစီးမှုတွေအားလုံးကိုလွှတ်ချပြီး ကားတစ်စီးကိုတက်မောင်းကြည့်လိုက်ပါ။ ကားသစ်ပဲဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ်၊ ခံယူချက်အသစ်နဲ့အတူ ခါတိုင်းနဲ့မတူတဲ့ ကားမောင်းခြင်းအနုပညာတစ်ရပ်က သင့်ကိုစောင့်ကြိုနေပါပြီ။

ဆူညံသံတွေကို လျှော့ချပါ

တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ တခြားအချိန်တွေမှာ သင့်ရဲ့စိတ်ကိုဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် ကားမောင်းနေချိန်မှာဆိုရင်တော့ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဆူညံသံတွေများလွန်းတဲ့ပတ်ဝန်းကျင်မှာကားမောင်းရတာဟာ သင့်စိတ်ကိုနောက်ကျိရှုပ်ထွေးစေနိုင်ပြီး တိတ်ဆိတ်နေတဲ့အချိန်မှာ ကားမောင်းရတာက လွတ်လပ်ပျော်ရွှင်စေသလို သင့်ရဲ့လမ်းခရီးအပေါ်လည်း ပိုပြီးအာရုံစိုက်စေနိုင်ပါလိမ့်မယ်။ အကြံပေးရရင်တော့ နေ့ခင်းဘက်လူရှင်းတဲ့မြို့ပတ်လမ်းတွေမှာ ကားမောင်းတာမျိုး၊ တိတ်ဆိတ်တဲ့ညဉ့်နက်နက်မှာ ကားထွက်မောင်းတာတွေက စိတ်ဖိစီးမှုကိုလျှော့ကျစေပြီး လွတ်လပ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ မဆူညံသင့်ဘူးဆိုပေမယ့် ကားမောင်းနေစဉ်မှာ သံစဉ်ချိုတဲ့ သီချင်းအေးအေးလေးတွေဖွင့်ထားမယ်ဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။

မီးပွိုင့်တွေမှာရပ်နားစဉ် အသက်ဝဝရှူပေးပါ

ကားမောင်းနေစဉ်မှာ စိတ်ဖိစီးမှုတွေလျော့နည်းဖို့နဲ့ လွတ်လပ်ပေါ့ပါးမှုရှိဖို့ နောက်ထပ်အကြံပေးချင်တာက မီးပွိုင့်တွေအရောက်မှာ မီးနီမိလို့ ရပ်စောင့်နေတဲ့အချိန်တိုင်းမှာ အသက်ကို တစ်ဝကြီးရှူပြီး ဖြည်းညင်းစွာပြန်ထုတ်ပစ်လိုက်ဖို့ပါပဲ။ ဒါဟာ အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံး စိတ်ဖိစီးမှုလျှော့ချတဲ့နည်းဖြစ်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင်တော့ အသက်ရှူသွင်းချိန်နဲ့ရှူထုတ်ချိန်တိုင်းကို စိတ်ထဲကနေအချိန် ၄ စက္ကန့်စီသတ်မှတ်ပြီး ပြုလုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် မီးနီမိထားတုန်း နောက်ထပ်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ လက်လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကားကို ခဏရပ်နားစဉ်အတောအတွင်း သင့်လက်နှစ်ဖက်ကို စတီယာရင်ခွေပေါ်ကျော်ပြီး ရှေ့ကိုဆန့်တန်းလိုက်ပါ။ အဲဒီကနေ လက်ကောက်ဝတ်ကိုလှည့်ပြီး လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် စတီယာရင်ခွေပေါ်မှာပဲ တင်ထားရတဲ့သင့်လက်တွေအတွက် ဒီလေ့ကျင့်ခန်းက အညောင်းအညာပြေစေသလို စိတ်ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်မှာပါ။

သင်းပျံ့လန်းဆန်းစေမယ့် အမွှေးနံ့ကိုသုံးပါ

သင့်ကားအတွင်းမှာထားရှိတဲ့ရေမွှေးနဲ့ air fresher တွေကို စူးရှပြင်းထန်တဲ့အနံ့မျိုး၊ ချိုအီပြီးလေးလံထိုင်းမှိုင်းစေတဲ့အနံ့မျိုးတွေထက် လတ်ဆတ်ပြီး ယဉ်ယဉ်လေးမွေးပျံ့တဲ့ရနံ့ပါဝင်တာကို ရွေးချယ်သင့်ပါတယ်။ တစ်နည်းပြောရရင်တော့ သဘာဝပစ္စည်းတွေကနေထုတ်လုပ်တဲ့ သဘာဝအမွှေးဆီမျိုးကို အသုံးပြုတာက သင့်ကားအတွင်းမှာရှိတဲ့ အနံ့အသက်နဲ့ပတ်ဝန်းကျင်ကို ပိုပြီးလန်းဆန်းကြည်နူးစရာဖြစ်ပါလိမ့်မယ်။ သင့်ပျံ့တဲ့သဘာဝအမွှေးနံ့နဲ့ ကားမောင်းရတဲ့ခံစားမှုဟာ သင့်အတွက်လွတ်လပ်ပေါ့ပါးတဲ့စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်မှာအသေအချာပါပဲ။ ဒါ့အပြင် ကားအတွင်းမှာ အဆင်သင့်သောက်သုံးနိုင်တဲ့ကော်ဖီ၊ လီမွန်တီးစတာတွေကိုလည်း ဆောင်ထားသင့်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ သင့်တော်တဲ့အတိုင်းအတာလောက်သာ အသုံးပြုမယ်ဆိုရင် စိတ်ကိုပိုပြီးတက်ကြွလန်းဆန်းနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံပုရာရည်လိုဖျော်ရည်တွေကလည်း ကားမောင်းနေတဲ့သင့်ရဲ့စိတ်ကို ရွှင်လန်းပေါ့ပါးစေနိုင်ပါသေးတယ်။

အလုပ်ကို တတ်နိုင်သမျှစောစောသွားပါ

သင်ဟာ အလုပ်ကိုမော်တော်ကားမောင်းပြီးသွားတတ်တဲ့သူဆိုရင် မနက်ခင်းစောစောမှာ အိမ်ကထွက်ဖို့အကြံပေးပါရစေ။ မနက်စောစောမှာ ကြုံတွေ့ခံစားရတဲ့လေပြေလေညင်းတွေနဲ့ နေရောင်ဖျော့ဖျော့ကိုခံယူပြီး ကားမောင်းရတဲ့အရသာဟာ တစ်နေ့တာအလုပ်တွေနဲ့ ဗျာများနေမယ့်သင့်ရဲ့စိတ်အတွက် ကြိုတင်အားသစ်လောင်းထားသလိုဖြစ်စေပါလိမ့်မယ်။ နောက်တစ်ချက်က အလုပ်ချိန်မတိုင်မီ စောစောထွက်ခဲ့တာဖြစ်တဲ့အတွက် သင့်အနေနဲ့ ရုံးနောက်ကျမှာကို စိုးရိမ်ပူပန်စရာမလိုတာပါပဲ။ ဒါ့အပြင် မနက်စောစောမှာ လူသွားလူလာကလည်း ရှင်းလင်းနည်းပါးနေမှာဖြစ်တာကြောင့် စိတ်အေးအေးနဲ့ကားမောင်းနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလုပ်ကို ကားမောင်းသွားမယ်ဆိုရင် မနက်စောစောအိမ်ကထွက်ခြင်းဟာ အလုပ်ကိစ္စအတွက်ရော၊ သင့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့အတွက်ပါ အထောက်အကူပြုစေနိုင်ပါလိမ့်မယ်။

သီချင်းလေးညည်းရင်း ကားမောင်းပါ

ကားမောင်းရင်း မိုဘိုင်းဖုန်းပြောတာဟာ အန္တရာယ်များလွန်းလှတယ်ဆိုပြီး ယာဉ်စည်းကမ်းအရ တင်းကျပ်တဲ့တားမြစ်မှုတွေ ပြုလုပ်ထားပေမယ့် ကားမောင်းရင်းသီချင်းမဆိုရဘူးဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ သီချင်းဆိုရာမှာလည်း ကားမောင်းရာမှာ အာရုံပျံ့လွင့်စေလောက်တဲ့အထိ အော်ကြီးဟစ်ကျယ်နဲ့ သီဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ နှုတ်ဖျားကအသံထွက်ရုံ၊ ကားမောင်းနေတဲ့ သင့်တစ်ကိုယ်စာ ကြားနိုင်ရုံလောက်ပဲ ညည်းဖို့အကြံပေးတာပါ။ စောစောကအကြံပြုခဲ့သလို သီချင်းအေးအေးလေးဖွင့်ထားတာမျိုးနဲ့ သဘောတရားချင်းအတူတူပါပဲ။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တဲ့အချက်ကတော့ ကားမောင်းနေစဉ်မှာ သင့်စိတ်ကို အရှင်းလင်းဆုံးထားလိုက်တာက အန္တရာယ်အကင်းဆုံးဖြစ်သလို ပျော်ရွှင်စရာလည်းအကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာပါပဲ။ စိတ်ဖိစီးမှုကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးစွာကားမောင်းရတဲ့ ခံစားမှုမျိုးရရှိဖို့ အရာအားလုံးကိုလွှတ်ချပြီး အခုပဲ driver ထိုင်ခုံမှာဝင်ထိုင်လိုက်ပါ။

စာရေးသူ : ကိုဆွဲ (မုံရွာ)

Author

Comments