UK လမ်းတွေပေါ်မှာ အတွေ့ရဆုံး လျှပ်စစ်ကားတွေ (၂၀၂၁ ခုနစ်အတွက်)

0

Full article

ခေတ်ရေစီးကြောင်းဆိုတာ အမြဲပြောင်းနေတာမျိုးပါ။ ခေတ်ရေစီးကြောင်းအတိုင်းမလိုက်နိုင်ရင် အကောင်းဆုံးလုပ်ဆောင်နေရင်းကို ကျရှုံးရလိမ့်မယ်ဆိုတဲ့ ထင်ရှားတဲ့ဥပမာကတော့ Nokia ပါပဲ။ ဒါကိုမှ ပြောင်းပြန်ဆန်တက်ချင်သေးတယ်ဆိုရင်တော့ အတ္တကြီးပြီး သူရဲဘောကြောင်တယ်လို့ပဲ ဆိုရတော့မှာပါ။

၂၀၂၀ ပြည့်လွန်နှစ်တွေဟာ လျှပ်စစ်ကား (Electric Vehicles) တွေရဲ့နှစ်ဖြစ်ပါတယ်။ အရွေ့ဟာ လောင်စာဆီသုံးအင်ဂျင်တွေကနေ လျှပ်စစ်စွမ်းအင်သုံး မော်တာတွေဆီကိုဖြစ်ပြီး အလျင်ကတော့ မြန်သထက် မြန်လို့လာပါပြီ။ ဥရောပအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ UK မှာလည်း လျှပ်စစ်ကား အမြောက်အမြားကိုတွေ့နေကြရပါပြီ။ ဘယ်ကားတွေက အတွေ့ရအများဆုံးဖြစ်မလဲ။

Honda e

အမျိုးအစား - Compact hatch

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 137 mile range, 35.5kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £27,160

သေးတယ်။ ဒါပေမဲ့ စတိုင်ကျတယ်။ ပုံစံက ဘယ်ကားနဲ့မှမတူဘဲ ဆန်းသစ်တယ်။ အတွင်းခန်းမှာလည်း ထို့အတူပဲ။ ကြီးမားပြီးရှည်လျားတဲ့ display ဟာ ဒီလိုဈေးနှုန်းမျိုးနဲ့ကားအတွက်တော့ ဆွဲဆောင်မှုအပြည့်နဲ့ပါ။

ဒါပေမဲ့ သေးငယ်တဲ့ လျှပ်စစ်ကားဖြစ်တာနဲ့အညီ ဘက်ထရီကလည်းသေးတယ်။ ဘက်ထရီသေးတဲ့အတွက် ခရီးအကွာအဝေးကလည်း အများကြီးမရဘူးပေါ့။ မြို့တွင်းပတ်လည်အတွက်ပဲ အဆင်ပြေမယ့် အနေအထားမှာရှိတယ်။ အဓိကအချက်ကတော့ ထုံးစံအတိုင်း ဈေးနှုန်းပါပဲ။ ဘယ်သူမဆို လက်လှမ်းမီတယ်လေ။

Renault Zoe

အမျိုးအစား - Compact hatch

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 238 mile range, 52kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £26,170

သူကတော့ Honda e ထက်တောင်မှ ဈေးပိုသက်သာသေးတယ်။ အရင် Renault တွေနဲ့ ပုံစံသိပ်ကြီးကွဲထွက်မလာပေမဲ့ သိသိသာသာတော့ ခေတ်မီဆန်းသစ်လာတယ်။

ဈေးနည်းပေမဲ့ ဘက်ထရီကတော့ ပိုကြီးတဲ့အတွက် range လည်းပိုများလာတယ်။ တခုပဲ။ ဘက်ထရီကို အားမြန်မြန်သွင်းချင်တယ်ဆိုရင်တော့ ပိုကောင်းတဲ့ charger အတွက် ပိုက်ဆံအကုန်အကျထပ်ရှိနိုင်တာပါ။

Honda e ရဲ့ အတွင်းခန်းလောက်တော့ ခေတ်မီဆန်းသစ်မှုမရှိဘူး။ ဒါပေမဲ့ နေ့စဉ်ဘဝအလုပ်ဖြစ်ဖို့အတွက်တော့ သိပ်ကို စွမ်းဆောင်ပေးနိုင်မယ့်ကားပါပဲ။

Mini Electric

အမျိုးအစား - Compact hatch

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 130 mile range, 32.6kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £24,900

Mini ချစ်သူတွေအတွက် Mini လျှပ်စစ်ကားပေါ့။ ဈေးနှုန်းအရ Honda e ထက်နည်းတယ်။​ ဒါပေမဲ့ ဘက်ထရီနဲ့ ခရီးအကွာအဝေးက အများကြီး ကွာဟနေတာမျိုးမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် UK ကသူတွေရော ကမ္ဘာတဝှမ်းလုံးက Mini ပရိသတ်တွေပါ အကြိုက်တွေ့နေတဲ့ ကားတစီးပါ။

ဘာဖြစ်လို့လည်းဆိုတော့ Mini Electric က နာမည်အတိုင်းပဲ။ လောင်စာဆီသုံးအင်ဂျင်ကနေ လျှပ်စစ်မော်တာသာပြောင်းသွားတာ။ ကျန်တဲ့ အပြောင်းအလဲက ထူးထူးခြားခြားသိပ်မရှိဘူး။​ Mini Cooper အရသာအတိုင်း အပြည့်အဝရရှိနိုင်သေးတယ်လို့ ဆိုနိုင်တာပေါ့။ အင်ဂျင်သံမကြားရတာလေးတော့ ရှိမှာပေါ့နော်။

Nissan Leaf and Leaf e+

အမျိုးအစား - Hatchback

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 168 mile range, 40kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £26,845

နောက်ဆုံးမှာတော့ Nissan ရဲ့ Leaf ဟာလည်း နေ့စဉ်ဘဝအသုံးကျမယ့် လျှပ်စစ်ကားဖြစ်လို့လာခဲ့ပါပြီ။ UK ရဲ့ ရောင်းအကောင်းဆုံး လျှပ်စစ်ကားစာရင်းဝင်ဖြစ်လာတာပါ။

ဒီဇိုင်းအသစ်၊ ပိုကြီးတဲ့ ဘက်ထရီနဲ့ ရနိုင်မယ့်ခရီးအကွာအဝေးကလည်း ပိုများလာတယ်။ ဒါ့ထက်မှ ပိုကောင်းချင်သေးတယ်ဆိုရင်တော့ e+ ကိုရွေးချယ်စရာအဖြစ်ရှိနေပြန်ပါသေးတယ်။ Leaf e+ ကို N-Tec နဲ့ယူမယ်ဆိုရင်တော့ ဈေးနှုန်းက £33,295 က စတင်ပါလိမ့်မယ်။ ဒါပေမဲ့ range က မိုင် ၂၄၀ ဆိုတော့ အပြည့်အဝမဟုတ်ပေမဲ့လို့ ပျော်ဖို့တော့ ကောင်းပါလိမ့်မယ်။

Hyundai Ioniq

အမျိုးအစား - Compact Saloon

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 193 mile range, 38.3kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £30,950

Hyundai ရဲ့ Ioniq ကို အလုပ်ဖြစ်မယ့် လျှပ်စစ်ကားလားဆိုရင် ခေါင်းညိမ့်ပြရုံပါပဲ။ သူ့ရဲ့ ဒီဇိုင်းကိုက အလုပ်ဖြစ်ဖို့ တတ်နိုင်သမျှ ချိုးထားတာဖြစ်တယ်။ သိပ်မကြီးလှတဲ့ ဘက်ထရီနဲ့ ခရီးအကွာအဝေး ရနိုင်သမျှ ရအောင် ထုတ်လုပ်ထားတယ်လို့ပဲဆိုရမှာပါ။ ဈေးနှုန်းအားဖြင့်လည်း သိပ်မများလှပြန်ဘူး။

ခေတ်မီနည်းပညာတွေအများကြီးပါသလို ပေးတဲ့ warranty ကာလကလည်း သူများထက်ပိုပါသေးတယ်။ နောက်တခုက standard အဖြစ်နဲ့ကို တော်တော်များများရနိုင်တာကလည်း ပိုက်ဆံပိုမထွက်တော့တဲ့ အားသာချက်ကို ရနိုင်ပါသေးတယ်။ ဈေးသက်သာသလို လိုချင်တာတွေပါရနိုင်မယ့် compact sedan EV လို့ပဲဆိုရမှာပါ။

Tesla Model 3

အမျိုးအစား - Compact Saloon

ခရီးအကွာအဝေးနဲ့ ဘက်ထရီ - 267 miles (Standard Range Plus), 50kWh battery

ဈေးနှုန်း (နိုင်ငံတကာ) - Prices from £40,490

ဒါကတော့ Tesla ပါ။ လျှပ်စစ်ကားလောကရဲ့ ဦးဆောင်သူပါ။ Model 3 မှာမှ အမျိုးအစား အမျိုးမျိုးရှိပြီး ထုံးစံအတိုင်း ဈေးအသက်သာဆုံးကတော့ range အနည်းဆုံးပဲ ရနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ Long Range ကိုရွေးချယ်မယ်ဆိုရင်တော့ အထင်ကြီးစရာ မိုင် ၃၁၀ range နဲ့ all-wheel drive ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

အတွင်းခန်းကတော့ minimalist တွေအတွက်ဆိုရင်တော့ နတ်ပြည်ပဲလို့ပြောနိုင်ပြီး central display အကြီးကတော့ ဝယ်သူစိတ်ကြိုက်ရွေးချယ်ရမှာပါ။ ဒါ့အပြင် Autopilot တို့ ဘာတို့ကလည်း optional ပါပဲ။ Tesla ရဲ့ နောက်ထပ်အားသာချက်တခုကတော့ Supercharger network ကို ဖြန့်ကျက်နိုင်မှုဖြစ်ပါတယ်။ UK မှာတော့ နေရာတော်ေတော်များများရနေပါပြီ။

Ref: The best electric cars 2021: Top battery-powered vehicles available on UK roads by

Author