ကားအမှတ်တံဆိပ်နှင့် လိုဂိုတို့၏ရာဇဝင်

0

Full article

လိုဂိုပုံစံတစ်ခုဆိုသည်မှာ လုပ်ငန်းအမှတ်တံဆိပ်၏အခြေခံအကျဆုံးသောအရာတစ်ခုပင်။ Brand (အမှတ်တံဆိပ်) ဟူသော ဝေါဟာရမှာ ရှေးခေတ်က မွေးမြူရေးလုပ်ငန်းများတွင် မိမိမွေးမြူထားသောတိရစ္ဆာန်အား ကိုယ်ပိုင်အမှတ်အသားပြုလုပ်ခြင်း (Livestock branding) မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ အမေရိကတိုက်သို့ သွား‌ရောက်ပြီး အစောပိုင်းအခြေချနေထိုင်သူများထံမှ ထိုအလေ့အထမျိုးစတင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့ရာတွင် ပစ္စည်းတစ်ခုခုကို အမှတ်တံဆိပ်ရေးထိုးသည့်ယဥ်ကျေးမှုကို ရှေးခေတ်အီဂျစ်ပစ္စည်းများတွင်လည်း တွေ့မြင်ရလေ့ရှိသည်။

ယနေ့ခေတ်မှာတော့ မော်တော်ကားများကို ထုတ်လုပ်သည့်ကုမ္ပဏီအလိုက် လိုဂို၊ အမှတ်အသားများ ရေးထိုးတပ်ဆင်လာခဲ့ကြပြီဖြစ်၏။ ရည်ရွယ်ချက်ကတော့ ကားကိုကြည့်လိုက်သည်နှင့် ‌နောက်ကွယ်က ကိုယ်စားပြုသည့်ကုမ္ပဏီကို အလွယ်တကူသိနိုင်ရန်နှင့် ကား၏တန်ဖိုးအဆင့်အတန်းကို အကဲဖြတ်နိုင်ရန်ပင် ဖြစ်တော့သည်။ မည်သို့ပင်ဖြစ်စေ မြောက်များလှစွာသောကားလိုဂို၊ အမှတ်တံဆိပ်နဲ့ အမှတ်သင်္ကေတများ၏ ရာဇဝင်မှာ နှစ်ရာနှင့်ချီပြီး ကြာမြင့်ခဲ့သလို အဓိပ္ပာယ်အမျိုးမျိုးလည်း ပိုင်ဆိုင်ထားကြလေသည်။ အထူးသဖြင့်Rolls-Royce ၊ Volkswagen နှင့် Ford တို့ကဲ့သို့ ကမ္ဘာကျော်ကားကုမ္ပဏီကြီးများ၏ ရိုးရှင်းသောအမှတ်တံဆိပ်များ၏နောက်ကွယ်တွင် စိတ်ဝင်စားဖွယ်ကောင်းသောဇာတ်လမ်းတစ်ပုဒ်စီကတော့ ရှိနှင့်ပြီးဖြစ်ပေသည်။

Volvo

ဆွီဒင်အခြေစိုက် Volvo ကုမ္ပဏီ၏မူလအစက ဘောစေ့များဖြင့်လည်ပတ်သည့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် Volvo ဆိုသောအမည်မှာ လည်ပတ်သည်ဟုအဓိပ္ပာယ်ရသော လက်တင်ဘာသာစကား Volvere ကို မှီငြမ်းမှည့်ခေါ်ထားခြင်းပင်။ ထိုအမည်ကို ၁၉၁၁ ခုနှစ်မှသာ အသုံးပြုခဲ့သော်လည်း Volvo အမှတ်တံဆိပ်ကတော့ ပို၍ရှေးကျသောရာဇဝင်ကို ပိုင်ဆိုင်ထားခဲ့လေသည်။ အပေါ်ဘက်သို့ မျှားပြထားသော စက်ဝိုင်းပုံ Volvoအမှတ်တံဆိပ်မှာ အင်္ဂါဂြိုဟ်ကို ကိုယ်စားပြုသည်ဟုလည်းကောင်း၊ အမျိုးသားလိင်အင်္ဂါ၏သင်္ကေတဟူ၍လည်းကောင်း ယူဆခဲ့ကြသော်လည်း တကယ်တမ်းမှာမူ သံ၏ဓါတုဗေဒဆိုင်ရာရှေးခေတ်သင်္ကေတတစ်ခုသာ ဖြစ်ကြောင်းသိရသည်။ Volvo တည်ထောင်သူ Assar Gabrielsson နှင့် Gustaf Larson တို့အနေဖြင့် ကုမ္ပဏီအမှတ်တံဆိပ်အတွက် မာကျောခိုင်ခံ့သည့်သင်္ကေတကို ရှာဖွေခဲ့ရာမှ လက်ရှိအသုံးပြုနေသောလိုဂိုကို ရွေးချယ်ခဲ့ခြင်းပင်။

BMW

နာမည်ကျော် BMW ကုမ္ပဏီ၏လိုဂိုကတော့ အားလုံးမြင်တွေ့သည့်အတိုင်း အပြာရောင်ကောင်းကင်ယံတွင် လည်ပတ်နေသော ပန်ကာဒလက်ပုံရိပ်မျိုး သရုပ်ဖော်ထားခြင်းဖြစ်သည်။ BMW သည် မူလက လေယာဉ်ထုတ်လုပ်သောကုမ္ပဏီအဖြစ် စတင်ခဲ့ခြင်းကြောင့် ပန်ကာဒလက်ပုံစံကိုရွေးချယ်ခဲ့ခြင်းဟု ‌ပြောစမှတ်ပြုကြသည်။ သို့သော် တကယ်တမ်းမှာတော့ BMW လိုဂို၏ရာဇဝင်က ထို့ထက်ပိုပြီး လျှို့ဝှက်ရှုပ်ထွေးလေသည်။ ကုမ္ပဏီ၏ရှင်းလင်းကြေညာချက်အရ လိုဂိုအတွင်းစက်ဝိုင်းရှိ လေးစိတ်ပိုင်းထားသော အဖြူနှင့်အပြာကွက်လေးများမှာ ဂျာမနီရှိ ဘာဗေးရီးယားပြည်နယ်၏အလံအရောင်ကို ခြယ်သထားခြင်းဖြစ်ကြောင်း သိရသည်။ ထိုအချိန်က ကုန်ပစ္စည်းအမှတ်တံဆိပ်ဥပဒေတွင် နိုင်ငံနှင့်ပြည်နယ်တို့၏အရောင်၊ သင်္ကေတတို့ကို အသုံးပြုခွင့်မပေးသဖြင့် လေယာဉ်ပန်ကာဒလက်ကို ပုံစံယူထားခြင်းဟု သတင်းလွှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

Porsche

ဂျာမနီအခြေစိုက် ကားကုမ္ပဏီ Porsche ၏အမှတ်တံဆိပ်ကတော့ လွတ်လပ်သောဝါတန်ဘတ်ပြည်နယ်၏ အမှတ်သင်္ကေတကို အခြေခံရေးဆွဲထားခြင်းဖြစ်လေသည်။ သို့သော် ယင်းအမှတ်တံဆိပ်ဖြစ်ပေါ်လာပုံကိုမူ ရှင်းရှင်းလင်းလင်းအတည်မပြုနိုင်သေးပေ။ Porsche လိုဂိုဖြစ်ပေါ်လာပုံနှင့်ပတ်သက်ပြီး ဆိုရိုးနှစ်ခုရှိထားသည်။ ပထမတစ်ခုက ယင်းလိုဂိုကို Porsche ကုမ္ပဏီ၏အင်ဂျင်နီယာဖြစ်သူ Franz Xaver Reimpies က ရေးဆွဲခဲ့ခြင်းဟု ဆိုကြပြီး နောက်တစ်ခုကတော့ ကုမ္ပဏီတည်ထောင်သူဖာဒီနန်ပေါ်ရှေး၏သားဖြစ်သူ ဖရန့်ပေါ်ရှေးကိုယ်တိုင်ရေးဆွဲခဲ့ခြင်းဟုလည်း ပါးစပ်ရာဇဝင်များရှိထားသည်။ ကုမ္ပဏီနှင့်နီးစပ်သူတချို့ကတော့ ဖရန့်ပေါ်ရှေးသည် အမေရိကန်သွင်းကုန်လုပ်ငန်းရှင် Max Hoffman နှင့်တွေ့ဆုံစဉ် လုပ်ငန်းအမှတ်တံဆိပ်အဖြစ် ယင်းလိုဂိုကို လက်ကိုင်ပုဝါပေါ်တွင် အကြမ်းဖျင်းစတင်ရေးဆွဲခဲ့ခြင်းဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ၊ Porsche လိုဂို၏ဒီဇိုင်းက ဝါတန်ဘတ်ပြည်နယ်သင်္ကေတကို အခြေခံထားခြင်းမှာ သိသာထင်ရှားလွန်းနေပြီး အလယ်တွင် မြင်းတစ်ကောင်ထည့်သွင်းထားခြင်းက ကုမ္ပဏီရုံးချုပ်စတင်အခြေစိုက်သည့်နေရာမှာ စတုဂတ်မြို့မှာ မြင်းမွေးမြူရေးခြံတွင် ဖြစ်သလို စတုဂတ်မြို့ကိုယ်စားပြုအမှတ်တံဆိပ်က မြင်းနက်တစ်ကောင်ဖြစ်သောကြောင့်ဟု ဆိုကြသည်။

Rolls-Royce

Rolls-Royce ကားတွေ၏ရှေ့စက်ဖုံးတိုင်းတွင် လက်နှစ်ဖက်နှင့်ဝတ်ရုံကို အတောင်ပံများသဖွယ်နောက်သို့ဆန့်တန်းထားသည့် အထိမ်းအမှတ်ရုပ်တုလေး ပါလေ့ရှိသည်။ ထိုရုပ်တုကို Spirit of Ecstasy လို့ ခေါ်ကြပြီး Rolls-Royce ၏မူပိုင်သင်္ကေတတစ်ခုပင်ဖြစ်သည်။ အစောပိုင်း Rolls-Royce ကားများတွင် ယင်းကဲ့သို့ စက်ဖုံးပေါ်အလှဆင်သည့်ရုပ်တုမျိုး မပါဝင်ခဲ့ပေ။ ဗြိတိန်နိုင်ငံရေးသမား Baron John Montagu က ၎င်း၏ ၁၉၀၉ ခုနှစ်ထုတ် Rolls-Royce Silver Ghost ကားပေါ်တွင် ကိုယ်ပိုင်လာဘ်ကောင်ရုပ်ဖန်တီးတပ်ဆင်ပေးရန် Charles Robinson Sykes ဆိုသော ပန်းပုဆရာကို တာဝန်ပေးခဲ့သည်။ ထိုအချိန်က Montagu သည် Eleanor Velasco Thornton ဆိုသော ရုပ်ရှင်မင်းသမီးတစ်လက်နှင့် တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းရှိနေခြင်းကို ရည်ညွန်းပြီး ပန်းပုဆရာက ၎င်း၏ကားပေါ်တွင် ဝတ်ရုံများလွင့်ပျံ့နေသောအမျိုးသမီးတစ်ဦးပုံကို ထုလုပ်တပ်ဆင်ပေးခဲ့သည်။ ၎င်းတို့၏တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းကို လျှို့ဝှက်ထားရန်ရည်ရွယ်ချက်ဖြင့် အမျိုးသမီးလက်ချောင်းကို နှုတ်ခမ်းတွင် ကပ်ပြီး တိတ်တိတ်နေရန်အမူအယာကိုလည်း ဖန်တီးပေးခဲ့သည်။ ထိုရုပ်တုမှာ The Whisper နာမည်ဖြင့်လူသိများလာခဲ့ပြီး နောက်ပိုင်းကားဝယ်သူများ လိုက်လံတပ်ဆင်လာခဲ့ကြတော့သည်။

The Whisper ရုပ်တုကြောင့် ကားစက်ဖုံးပေါ်ရုပ်တုငယ်တပ်ဆင်ခြင်း ခေတ်စားလာသည်ကို သတိထားမိသော Rolls-Royce ကုမ္ပဏီက ပန်းပုဆရာ Sykes ကိုပင် ဆက်သွယ်ပြီး ကျက်သရေရှိသောအမှတ်တံဆိပ်ရုပ်တုတစ်ခု ထုလုပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် Sykes က The Whisper ရုပ်တုကို ပြန်လည်ဆန်းသစ်ပြီး ဝတ်ရုံများလွင့်ပျံနေသည့်နတ်သမီးပုံစံရုပ်တုကို ထုလုပ်ဖန်တီးပေးခဲ့ခြင်းပင်။ ထိုရုပ်တုကို အစောပိုင်းက Spirit of Speed (လျင်မြန်ခြင်းနတ်သမီး) ဟု အမည်ပေးခဲ့သော်လည်း ယခုခေတ်တွင် ကောင်းမြတ်ခြင်းကျက်သရေများဖြင့် ပြည့်လွှမ်းသောနတ်သမီး (Spirit of Ecstasy) ဟု လူသိများကြလေသည်။

Cadillac

နာမည်ကြီးအမေရိကန်ကားအမှတ်တံဆိပ် Cadillac ၏ဒီဇိုင်းကတော့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်အတွင်း အကြိမ် ၃၀ နီးပါးအပြောင်းအလဲများရှိခဲ့ကြောင်း သိရသည်။ သို့သော် အခြေခံအကျဆုံးဖြစ်သည့် ပြင်သစ်လူစွန့်စား Antoine Cadillac ၏မိသားစုအဆောင်အယောင်ဘွဲ့တံဆိပ်၏ အ‌ရောင်နှင့်ဒီဇိုင်းကတော့ ပါရှိနေဆဲပင်။ ကုမ္ပဏီနှင့်နီးစပ်သူများကလည်း Cadillac ဆိုသောအမည်မှာ Antoine မိသားစု၏မူလဇာတိဖြစ်သော ပြင်သစ်နိုင်ငံရှိ ကာဒီးလက်စ်မြို့ကလေးကို အစွဲပြုမှည့်ခေါ်ခဲ့ခြင်းဟု ဆိုကြသည်။

Ferrari

Ferrari ကုမ္ပဏီ၏အဆိုအရ မတ်တပ်ရပ်နေသောမြင်းတစ်ကောင်၏လိုဂိုအမှတ်တံဆိပ်မှာ ရှေးခေတ်အီတလီသူရဲကောင်းကြီးဖြစ်သော ဖရန်ဆက်စကိုဘာရာကာ ကို ဂုဏ်ပြုရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။ သူရဲကောင်း ဘာရာကာ သေဆုံးခဲ့ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ကုမ္ပဏီတည်ထောင်သူ Enzo Ferrari သည် ဘာရာကာနှင့််မိခင်နှင့်တွေ့ဆုံခဲ့ပြီး ကုမ္ပဏီလိုဂိုဖန်တီးရန် အကြံရခဲ့ခြင်းဖြစ်လေသည်။ ဘာရာကာ၏မိခင်က Ferrari ကားကုမ္ပဏီ၏အမှတ်တံဆိပ်ကို မြင်းပုံရေးဆွဲခြင်းက ကံကောင်းခြင်းဆုလာဘ်ကို ရရှိလိမ့်မည်ဟုလည်း အကြံပေးခဲ့ကြောင်းသိရသည်။ ထို့နောက်ပိုင်းတွင်တော့ Enzo Ferrari သည် မတ်တပ်ရပ်နေသောမြင်းတစ်ကောင်၏ပုံရိပ်ကိုသာ လိုဂိုအဖြစ်တစိုက်မတ်မတ်အသုံးပြုခဲ့တော့သည်။

Subaru

ဂျပန်အခြေစိုက် Subaru ကုမ္ပဏီ၏ အဓိပ္ပာယ်နှင့် လိုဂိုဒီဇိုင်းကလည်း စိတ်ဝင်စားဖွယ်ရာကောင်းနေသည်။ Subaru ဆိုသောစကားလုံးမှာ ဂျပန်ဘာသာဖြင့် ညဘက်ကောင်းကင်ယံတွင် တွေ့မြင်ရသောဖျောက်ဆိပ်ကြယ်စုဟု အဓိပ္ပာယ်ရလေသည်။ ဖျောက်ဆိပ်ကြယ်အုပ်စုမှာ သာမန်မျက်စိဖြင့်မြင်နိုင်သောကြယ်အလုံးရေ စုစုပေါင်း ၁၄ လုံးခန့်ရှိသော်လည်း ဂျပန်ဒဏ္ဍာရီအရ ညီအစ်မ ၇ ဖော်ကြယ်စုဟုခေါ်ကြပြီး ကြယ် ၇ လုံးကိုသာ အတည်ပြုသတ်မှတ်ထားသည်။ ထိုကြယ် ၇ လုံးအနက် ၁ လုံးကို ထင်ထင်ရှားရှားမမြင်ရဟူသော အကြောင်းပြချက်ဖြင့် ကြယ် ၆ လုံးကိုသာ သတ်မှတ်ခဲ့ပြန်သည်။ ထို့ကြောင့် Subaruလိုဂိုတွင် ကြယ် ၆ လုံးသာပါရှိခြင်းဖြစ်သည်။

Chevrolet

အမေရိကန်ကားကုမ္ပဏီ Chevrolet ၏လိုဂိုအမှတ်တံဆိပ်ကတော့ ယခုအချိန်အထိ ကားဝါသနာအိုးများကြားတွင် ပ‌ဟေဠိတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်၏ ။ ယနေ့တစ်ကမ္ဘာလုံးနှင့် ရင်းနှီးနေပြီဖြစ်သောယင်းလိုဂိုမှာ မည်သို့မည်ပုံစတင်ပေါ်ပေါက်လာခဲ့ကြောင်းလည်း ရေရာသောမှတ်တမ်းများမရှိပါချေ။ လူပြောအများအဆုံးဖြစ်ရပ်တစ်ခုကတော့ Chevrolet ကုမ္ပဏီ၏ပူးတွဲတည်ထောင်သူ Billy Durant သည် ဟိုတယ်နံရံတွင်ကပ်ထားသော Wallpaper ဒီဇိုင်းတစ်ခုကို စိတ်ကြိုက်တွေ့ခဲ့ပြီး လိုဂိုတုပရေးဆွဲခဲ့သည်ဟူ၍ပင်။ Durant ၏ဇနီးဖြစ်သူကတော့‌ သတင်းစာတစ်စောင်မှ ကျောက်မီးသွေးကြော်ငြာအပိုင်းအစတစ်ခုကို မြင်တွေ့ရာမှာ လိုဂိုဆွဲရန်စိတ်ကူးရခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ဖူးသည်။ အချို့ကလည်း ကုမ္ပဏီတည်ထောင်သူ Louis Chevrolet အနေဖြင့် မိဘများနှင့် ၎င်းတို့၏ဇာတိနိုင်ငံဆွစ်ဇာလန်ကို အစွဲပြုပြီး ယင်းကြက်ခြေခတ်သဏ္ဍာန်လိုဂိုကိုရေးဆွဲခဲ့သည်ဟုဆိုကြသည်။

Toyota

ကမ္ဘာ့အအောင်မြင်ဆုံးကားအမှတ်တံဆိပ် Toyota ၏လိုဂိုဒီဇိုင်းကတော့ ၁၉၈၉ ခုနှစ်ကတည်းက ရေးဆွဲဖန်တီးခဲ့သော ကမ္ဘာသိသင်္ကေတဖြစ်ခဲ့လေသည်။ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် ပြီးပြည့်စုံသောယင်းလိုဂိုဒီဇိုင်းကို ရရှိဖို့ ၅ နှစ်ကြာ အချိန်ယူခဲ့ရကြောင်းလည်း သိရသည်။ Toyota ၏လိုဂိုဒီဇိုင်းနှင့်ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးလည်း ရှိနေခဲ့လေသည်။ လိုဂိုအဓိကပုံရိပ်များဖြစ်သော ဘဲဥပုံအဝိုင်းလေးများ၏ချိတ်ဆက်ပေါင်းစည်းမှုမှာ ကုမ္ပဏီနှင့် ဖောက်သည် Customer များ၏နှလုံးသားချင်းရောယှက်မှုကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ထို့အပြင် အဓိကပါဝင်သော ဘဲဥပုံအဝိုင်း ၃ ခုမှာ လွတ်လပ်မှု၊ အသင်းလိုက်စိတ်ဓာတ်နှင့် အောင်မြင်တိုးတက်မှုကို ကိုယ်စားပြုသည်ဟုလည်း ဆိုကြပြန်သည်။ ထူးဆန်းသည့်အချက်က ဘဲဥပုံအဝိုင်းများပေါင်းစပ်ပြီး Toyota ဟူသော အင်္ဂလိပ်စာလုံးမှ အက္ခရာအားလုံးကို ပုံဖော်၍ရနေခြင်းပင်။

Audi

ဂျာမနီအခြေစိုက် Audi ကုမ္ပဏီ၏ လိုဂိုဒီဇိုင်းကလည်း ယင်းကုမ္ပဏီဖြတ်သန်းစီးဆင်းခဲ့သည့် သမိုင်းကြောင်းကို လေးနက်စွာအဓိပ္ပာယ်ဆောင်ထားကြောင်းသိရသည်။ ၁၈၉၉ ခုနှစ်က ဂျာမန်လူမျိုးအင်ဂျင်နီယာနှင့် ကားထုတ်လုပ်သူ August Horch ဆိုသူသည် Horch & Cie ဆိုသောကုမ္ပဏီကို ကိုလုံးမြို့၌ တည်ထောင်ခဲ့သည်။ ထို့နောက် လက်ရှိကုမ္ပဏီမှထွက်ခွာ Horch ၏လက်တင်ဘာသာဖြစ်သော Audi ဆိုသောအမည်ဖြင့် ၁၉၀၉ ခုနှစ်တွင် ကုမ္ပဏီသစ်ထောင်ခဲ့ပြန်သည်။ ၁၉၂၈ ခုနှစ်တွင် DKW ဆိုသော ကားကုမ္ပဏီကြီးတစ်ခုက Audi ကို လွှဲပြောင်းဝယ်ယူခဲ့သည်။ ထိုမှတဆင့် ၁၉၃၇ ခုနှစ်တွင် DKW သည် Wanderer ဆိုသော ကားကုမ္ပဏီနှင့် ထပ်မံပူးပေါင်းလိုက်ပြန်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီအထိ Horch ၊ Audi ၊ DKW နှင့် Wanderer ဆိုသော ကုမ္ပဏီ ၄ ခုသည် အတူပူးပေါင်းထားသော်လည်း ၎င်းတို့၏လိုဂိုနှင့် အမှတ်တံဆိပ်ကိုသာ အသုံးပြုခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အပြီးတွင်တော့ Auto Union ဆိုသော ကုမ္ပဏီကြီးအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ကုမ္ပဏီ ၄ ခုပေါင်းစည်းထားသည့်သင်္ကေတအဖြစ် စက်ဝိုင်း ၄ ခုကို ချိတ်ဆက်ပေါင်းစည်းသည့် Audi လိုဂိုကို ရေးဆွဲခဲ့ခြင်းဖြစ်လေသည်။

Ref:: CarBuzz

Author