၂၀၂၀ နဲ့ ၂၀၂၁ မှာ အထင်ကရလျှပ်စစ်ကားတွေ အပြိုင်အဆိုင်ထုတ်လုပ်ကြတဲ့ ကမ္ဘာကျော် ကားကုမ္ပဏီများ

0

Full article

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကြီးဟာ လူတွေအတွက် အစီအစဉ်ပေါင်းမြောက်များစွာကို နှောင့်နှေးစေတာ ဒါမှမဟုတ် ကြီးကြီးမားမားအပြောင်းအလဲဖြစ်သွားစေနိုင်တာမျိုးတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဆိုရင်လည်း မမှားပါဘူး။

အဲဒီထဲမှာ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ အစီအစဉ်တွေလည်း အပြောင်းအလဲဖြစ်ပေါ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ အထူးသဖြင့် နဂိုကတည်းက ကားလောကမှာ လျှပ်စစ်ကားတွေ နေရာယူဖို့တာဆူနေတဲ့အချိန်မှာ ၂၀၂၀ ကမ္ဘာ့ကပ်ရောဂါကြီးက ပိုမိုပြီး အရှိန်မြှင့်ပေးလိုက်တယ်ဆိုရင် မမှားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ .. ကျနော်တို့ ကမ္ဘာကြီးဟာ လောင်စာဆီကားတွေရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာတောင့်ခံခဲ့ရပြီးပြီ။ ကမ္ဘာကြီးရဲ့ ပူနွေးမှု၊ လောင်ဆီကုန်ခမ်းလာမှုတွေက နောက်ထပ် လောင်စာစွမ်းအင်သုံးကားတွေ ဆက်လက်ထုတ်လုပ်ဖို့ လေးပင်သွားစေတယ်။ အခုချိန်မှာ ကမ္ဘာကျော် ကားကုမ္ပဏီတွေအနေနဲ့ လျှပ်စစ်ကားတွေကို ပိုမိုပြီးအပြိုင်အဆိုင်ထုတ်လုပ်လာခဲ့ပြီပဲ ဖြစ်တယ်။ ဒါကြောင့် အခု ကမ္ဘာကျော်ကားကုမ္ပဏီတွေအနေနဲ့  ပြီးခဲ့တဲ့၂၀၂၀မှာ ဘယ်လိုမျိုး အထင်ကရ လျှပ်စစ်ကားတွေထုတ်လုပ်ခဲ့ကြလဲ... ?နောက်ပြီးတော့ ၂၀၂၁မှာရော ဘယ်လိုမျိုး အထင်ကရလျှပ်စစ်ကားတွေ ထုတ်လုပ်လာကြမလဲဆိုတာ ကြည့်ကြည့်ရအောင် …..။

Tesla Model Y

လျှပ်စစ်ကားလောကမှာဆိုရင် Tesla က ဆရာတစ်ဆူလို့ ဆိုလို့ရတယ်။ အခုလည်း ၂၀၂၀ထဲမှာ Tesla Model Y ကို ထုတ်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ SUV အမျိုးအစားဖြစ်တဲ့ Tesla Model Y ဟာ အားတစ်ခါသွင်းထားရင် ၃၀၃မိုင်အထိ သွားလို့ရတာပဲ ဖြစ်တယ်။

Lucid Air

အမေရိကန်နိုင်ငံအခြေစိုက် Lucid Motors ဟာ အချိန်တိုအတွင်းမှာ ကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့အသင့်ရှိနေပြီလို့ ဆိုထားတယ်။ အထူးသဖြင့် လျှပ်စစ်ကားနဲ့ပတ်သက်ပြီးတော့ပေါ့။ အခု ၂၀၂၁ မှာ မိတ်ဆက်မယ့် Lucid Air ဟာ Sedan အမျိုးအစားဖြစ်ပြီး အားတစ်ခါသွင်းထားရင် ၅၁၇မိုင်ထိ ရောက်ရှိနိုင်တယ်လို့တောင်ဆိုထားတယ်။ စောင့်ကြည့်ရမယ့် Lucid Air ပါပဲ။

Ford Mustang Mach-E

လျှပ်စစ်ကားနဲ့ပတ်သက်ပြီး Ford ကလည်း နောက်ကျမကျန်ခဲ့ပါဘူး။  SUV အမျိုးအစားဖြစ်တဲ့ Ford Mustang Mach-E  ကို ထုတ်လုပ်ခဲ့ပါတယ်။  Ford Mustang Mach-E ဟာ အားတစ်ခါသွင်းထားရင် အမြင့်ဆုံး မိုင် ၃၀၀ ထိ သွားနိုင်တဲ့ကားဖြစ်ပြီးတော့ Ford အမှတ်တံဆိပ်ရဲ့ အငွေ့အသက်ကိုလည်း အပြည့်အဝခံစားနိုင်မယ့်ကားတစ်စီးပါ။

GMC Hummer EV

၂၀၂၁ထဲမှာတော့ General Motors ကလည်း GMC Hummer EV ကို ထုတ်လုပ်ဖို့ ရှိနေပါတယ်။ ဒါဟာ ခေတ်ရဲ့ ရေစီးနောက်ကို အမီလိုက်ခြင်းလို့လည်း ဆိုလို့ရတယ်။ GMC Hummer EV ကတော့ pickup truck အမျိုးအစားဖြစ်ပြီး အားတစ်ခါသွင်းထားရင် မိုင် ၃၅၀ထိ သွားနိုင်တယ်လို့ ဆိုထားတယ်။

Mercedes-Benz EQS

Mercedes-Benz ရဲ့  လျှပ်စစ်ကားဖြစ်တဲ့ Mercedes-Benz EQS ကလည်း အထင်ကရဖြစ်လာမယ့် လျှပ်စစ်ကားပါပဲ။ သူကတော့ ၂၀၂၁ထဲမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး Sedan ရော၊ SUV ပါ ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ သူကတော့ အားတစ်ခါသွင်းပြီးရင် ၄၃၅မိုင်အထိ သွားလို့ရနိုင်မှာပဲ ဖြစ်တယ်။

Volkswagen ID.4

ပြီးခဲ့တဲ့ ၂၀၂၀ထဲမှာ Volkswagen က Volkswagen ID.4 ဆိုတဲ့ လျှပ်စစ်ကားကို ထုတ်လုပ်ခဲ့တယ်။ SUV အမျိုးအစားဖြစ်တဲ့ Volkswagen ID.4 ဟာ အားတစ်ခါသွင်းထားရင် မိုင် ၂၅၀ ထိ သွားနိုင်မယ့်ကားပဲ ဖြစ်ပါတယ်။

Volvo XC40 Recharge

SUV အမျိုးအစားဖြစ်တဲ့ Volvo XC40 Recharge ကလည်း ကားချစ်သူတွေ သဘောကျလောက်မယ့် လျှပ်စစ်ကားတစ်စီးပါပဲ။ သူကတော့ အားတစ်ခါသွင်းထားရင် ၂၅၉မိုင် ထိ သွားနိုင်တယ်လို့ ဆိုထားတယ်။

Audi e-tron GT

Audi ဟာ လာမယ့် ၂၀၂၁ထဲမှာ လျှပ်စစ်ကားအများအပြားကို မိတ်ဆက်ဖို့ ရည်ရွယ်ထားခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀မှာ ထုတ်လုပ်ခဲ့တဲ့ Audi e-tron GT ကလည်း ပိုမိုလှပပြီး ကားချစ်သူတိုင်း ကြိုက်နှစ်သက်မယ့် ကားတစ်စီးဖြစ်ခဲ့တယ်။ သူဟာ အားတစ်ခါသွင်းပြီးရင် ၂၄၈မိုင်ထိ သွားနိုင်မှာပဲ ဖြစ်တယ်။

အထက်ပါဖော်ပြခဲ့တဲ့ ကားတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀မှာ အထင်ကရ ထုတ်လုပ်ခဲ့တဲ့ လျှပ်စစ်ကားတွေနဲ့ ၂၀၂၁မှာ ထုတ်လုပ်မယ့် အတင်ကရလျှပ်စစ်ကားတွေပဲ ဖြစ်ပါတယ်။

Ref :: CarAndDriver
Photo Credit :: CarAndDriver

Author