၂၀၂၀အတွင်း လူကြိုက်အများဆုံး လျှပ်စစ်ကားများ …

0

Full article

ပညာရှင်အချို့က လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လောင်စာဆီတွေရှားပါးလာပြီး ကားလမ်းမထက်တွေပေါ်မှာ လျှပ်စစ်ကားတွေ နေရာယူလာကြလိမ့်မယ်လို့ ဆိုကြတယ်။ အခုချိန်မှာလည်း လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားတွေနေရာမှာ အတိုင်းအတာတစ်ခုအထိတော့ ဖြည့်ဆည်းပေးနိုင်လာခဲ့ပြီပဲ ဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာလည်း အားသွင်းတဲ့ စနစ်တွေသာ ပိုမိုကောင်းမွန်လာခဲ့ရင် နောင်တစ်ချိန်မှာ လျှပ်စစ်ကားခေတ်ကိုတောင် ရောက်လာမှာ အသေအချာပါပဲ။ အခုဖော်ပြပေးချင်တာကတော့ ၂၀၂၀အတွင်းမှာ လူကြိုက်များဆုံးနဲ့ အကောင်းဆုံးလို့သတ်မှတ်ခဲ့တဲ့ လျှပ်စစ်ကားတွေပဲ ဖြစ်ပါတယ်။ အခုဒီစာရင်းကိုတော့ carlogos က စာရင်းပြုစုထားတာဖြစ်ပြီး ဒီစာရင်းမှာ ဂျာမနီနိုင်ငံထုတ်အမှတ်တံဆိပ်ခြောက်ခု၊ အမေရိကန်နိုင်ငံထုတ် အမှတ်တံဆိပ်သုံးခု၊ ဂျပန်နိုင်ငံထုတ်အမှတ်တံဆိပ်သုံးခု၊ တောင်ကိုရီးယားနိုင်ငံထုတ်အမှတ်တံဆိပ်နှစ်ခုနဲ့ အင်္ဂလန်နိုင်ငံထုတ် အမှတ်တံဆိပ်တစ်ခု၊ စုစုပေါင်း အမှတ်တံဆိပ်ဆယ့်ငါးခု ရှိနေတာပဲ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံထုတ်အမှတ်တံဆိပ်ခြောက်ခုမှာဆိုရင် ကမ္ဘာကျော်နာမည်ကြီး Brand တွေဖြစ်တဲ့ PorsheMercedes-Benz ၊ BMW၊ AudiVolkswagen ၊ Mini အမှတ်တံဆိပ်တို့ပဲ ဖြစ်တယ်။

Porshe က ထုတ်လုပ်တဲ့ လျှပ်စစ်ကားကတော့ Porsche Taycan ပါ။ သူက luxury electric car မျိုးဖြစ်ပြီး အကောင်းဆုံးဇိမ်ခံကားလို့တောင် ညွှန်းဆိုခဲ့ကြတယ်။ Mercedes-Benz ကတော့ mercedes-benz b-class ထဲမှာ electric car ကို ထုတ်လုပ်ခဲ့တာဖြစ်သလို BMW ကတော့ BMW i3 ကို ထုတ်လုပ်ခဲ့တာပါ။ Audi ကတော့ Audi E-Tron ၊ Volkswagen က Volkswagen e-Golf နဲ့ Mini ကတော့  Mini Cooper SE တို့ကို အသီးသီးထုတ်လုပ်ခဲ့ကြတာပါ။ carlogos ရဲ့ စာရင်းမှာတော့ ဂျာမနီနိုင်ငံထုတ်အကောင်းဆုံးလျှပ်စစ်ကားစာရင်းမှာ ဒီကားခြောက်စီးပါဝင်လာခဲ့တာဖြစ်ပြီး တကယ့်ကို ကမ္ဘာကျော် Brand တွေရဲ့ ထုတ်ကုန်တွေဖြစ်လို့ သံသယဖြစ်စရာတော့ မရှိပါဘူး။

အမေရိကန်နိုင်ငံထုတ် အမှတ်တံဆိပ်သုံးခုမှာတော့ ဒီဘက်နှစ်တွေမှာ လျှပ်စစ်ကားနဲ့ပတ်သက်ပြီး ဆရာတဆူလို့ဆိုလို့ရတဲ့ Tesla ရဲ့ Tesla Model 3 က ဦးဆောင်နေပါတယ်။ နောက်ထပ် အမေရိကန်နိုင်ငံထုတ်အမှတ်တံဆိပ်နှစ်ခုကတော့ Chevrolet ရဲ့  Bolt EV နဲ့ Ford ရဲ့ Focus Electric တို့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံထုတ် အမှတ်တံဆိပ်သုံးခုမှာဆိုရင် Nissan ရဲ့ Leaf ၊ Honda ရဲ့  Clarity Electric နဲ့ Toyota ရဲ့  Mirai တို့ပါဝင်နေပါတယ်၊ ဒီအမှတ်တံဆိပ်တွေထဲမှာ Nissan ရဲ့ Leaf က တစ်ချိန်တုန်းက လျှပ်စစ်ကားလောကမှာ နံပတ် တစ် တောင် ဖြစ်ခဲ့ဖူးပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံထုတ် အမှတ်တံဆိပ်ထဲမှာဆိုရင်တော့ Hyundai ရဲ့ Ioniq Electric နဲ့ Kona Electric ၊ KIA ရဲ့  Niro EV တို့ ပါဝင်နေတာပဲ ဖြစ်တယ်။

အင်္ဂလန်နိုင်ငံထုတ်အမှတ်တံဆိပ်မှာတော့ Jaguar ရဲ့  I-Pace ပါဝင်နေတာပဲ ဖြစ်ပါတယ်။

အထက်ပါ အမှတ်တံဆိပ်တွေကတော့ carlogos က စာရင်းပြုစုထားတာဖြစ်ပြီး နောက်ထပ်နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့  Top Gear ရဲ့ အကောင်းဆုံး ဆယ့်ငါးစီးနဲ့တော့ အနည်းငယ်ကွဲလွဲမှုတွေရှိနေပါတယ်။ ဒီနာမည်ကြီး ဝက်ဘ်ဆိုက်နှစ်ခုစလုံးရဲ့ တူညီတဲ့ ကားတွေကတော့ .. Tesla Model 3 ၊ Porsche Taycan ၊ Mercedes-Benz b-class ၊ BMW i3 ၊ Hyundai Kona Electric ၊ Mini Cooper SE ၊ Audi E-Tron ၊ Jaguar I-Pace  တို့ပဲ ဖြစ်ကြတယ်။

၂၀၂၀ခုနှစ်အတွင်းမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျနော်တို့တွေရဲ့ သွားလာရေးတွေ၊ လောင်စာဆီသုံးစွဲမှုတွေ လျော့ကျခဲ့တယ်။ အဲဒီရဲ့  ကောင်းကျိုးတွေအဖြစ် အခုဆိုရင် ရာသီဥတုတွေက အရင်ကထက်တော့ ပိုသာယာလာတာအမှန်ပါပဲ။ တစ်ချိန်ချိန် ကမ္ဘာကြီးမှာလောင်စာဆီတွေ ကုန်ခမ်းသွားတဲ့နေ့၊ ရှားပါးသွားတဲ့နေ့မျိုးတွေမှာ ဒါမှမဟုတ် လျှပ်စစ်ကားတွေအနေနဲ့ လောင်စီဆီသုံးကားတွေကို ရင်ဘောင်တန်းလာနိုင်တဲ့နေ့မျိုးတွေမှာ ကားလမ်းမတွေထက်မှာ လျှပ်စစ်ကားတွေကသာ နေရာယူလာဖို့ အလားအလာရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ အခု ၂၀၂၀အတွင်းမှာ လူကြိုက်များတဲ့ လျှပ်စစ်ကားတွေ အများအပြားရှိလာတာ၊ ကမ္ဘာကျော် နာမည်ကြီး Brand တွေ အနေနဲ့ လျှပ်စစ်ကားထုတ်လုပ်မှုကို အကောင်းမွန်ဆုံး ထုတ်လုပ်လာတာတွေဟာ ကြိုဆိုရမယ့် အချက်တွေပါ။ နောင်တစ်ချိန်မှာ လျှပ်စစ်ကား ဈေးကွက်ကလည်း ဒီထက်ပိုမိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိနေတော့တာ အသေအချာပါပဲ။

Ref: carlogosTop Gear

Author