ကားအင်ဂျင်ရဲ့ အရေးကြီးတဲ့ Coolant Temperature Sensors တွေအကြောင်း

0

Full article

ကျနော်တို့ လက်ရှိ ကားလောကမှာရှိတဲ့ ကားတွေဟာ EFI (Electronic Fuel Injection) နည်းပညာသုံး ကားတွေဖြစ်ပြီး၊ ကားဆီစားနှုန်းအတွက် အဓိက အရေးကြီးတဲ့ ဆီနဲ့ လေ အချိုး (14.7 : 1) တွေကို ကားမှာ တပ်ဆင်ထားတဲ့ အာရုံခံဆန်ဆာ (Sensor) အမျိုးမျိုး ကနေ ရရှိတဲ့ အချက်လက်တွေကို အခြေခံပြီး တွက်ချက်ပေးတာမျိုးဖြစ်ပါတယ်။  ဒီလို (Sensor) ဆန်ဆာတွေ အမျိုးမျိုးရှိတဲ့ အထဲကမှ ဒီနေ့ပြောပြချင်တာကတော့ ကားမှာပါတဲ့ အရေးကြီးတဲ့ Sensor တစ်မျိုးဖြစ်တဲ့ Coolant Temperature Sensor အကြောင်းပါ။


Coolant Temperature Sensor အကြောင်းမပြောခင် သူနဲ့ အဓိက သက်ဆိုင်တဲ့ Engine Coolant System (အင်ဂျင် အအေးပေးစနစ်) အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ ကျနော်တို့လက်ရှိကားတွေမှာ အသုံးပြုနေတဲ့ အင်ဂျင်တွေဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရတဲ့ (Internal Combustion Engine) တွေဖြစ်ပါတယ်။ ဒီလိုမီးလောင်ပေါက်ကွဲစွမ်းအင်ရတဲ့ အင်ဂျင်တွေဖြစ်တဲ့အတွက် အင်ဂျင်တွေဟာ ပူပါတယ်။ ဒီလိုအင်ဂျင်တွေအတွက် လိုအပ်တာထက် အပူချိန် မလွန်ကဲရလေအောင် အအေးပေးစနစ်လိုအပ်ပါတယ်။ အဲဒီ အအေးပေးစနစ်ကို Engine Cooling System လို့ခေါ်ပြီး

  • ၁။ Radiator (ရေတိုင်ကီ)
  • ၂။ Fan Motor (ပန်ကာ)
  • ၃။ Coolant (အအေးပေးရေ)
  • ၄။ Thermostat (သာမိုစတတ်)
  • ၅။ Expansion Tank (ရေပြန်ဘူး)
  • ၆။ Water Pump (ရေလည်အုံ)
  • ၇။ Coolant Temperature Sensor ( Engine ထဲက Coolant တွေရဲ့ အပူချိန်ကိုအာရုံခံ) စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

Coolant Temperature Sensor ဆိုတာဘာလဲ ?
Coolant Temperature Sensor ဆိုတာကို ECT Sensor လို့ ကားဝပ်ရှော့လောကမှာ အခေါ်များပြီး ၊ ECT Sensor ဟာ Thermistor ဆိုတဲ့ အပူချိန်ကို အာရုံခံနိုင်တဲ့ ဆန်ဆာ တစ်မျိုးပါ။
Thermistor ဆိုတာက Thermal (အပူချိန်) နဲ့ Resistor ဆိုတဲ့ စာလုံးနှစ်လုံးကိုပေါင်းထားတာပါ ။ အပူချိန်ကိုအာရုံခံပြီး အပူချိန် အနည်းအများကိုလိုက်ကာ ခုခံမှု ပြောင်းလဲသွားတဲ့ Resistor လေးတွေလို့ မှတ်ယူနိုင်ပါတယ်။ အခြေခံအားဖြင့် Thermistor အမျိုးအစား ၂ မျိုး ရှိပါတယ်။

  • ၁။NTC ( Negative Temperature Coefficient)
  • ၂။ PTC ( Positive Temperature Coefficient)

NTC (Negative Temperature Coefficient)


NTC အမျိုးအစား Thermistor တွေကိုတော့ အပူချိန်ပြောင်းလဲမှု များများဖြစ်ပေါ်လေ့ရှိတဲ့နေရာတွေမှာ အာရုံခံဖို့ အသုံးများပါတယ်။ များသောအားဖြင့် -55°C to 200°C ကြား အပူချိန်ပြောင်းလဲမှုတွေကို အာရုံခံမယ်ဆိုရင် NTC အမျိုးအစား Thermistor တွေကို အသုံးပြုတာများလေ့ရှိပါတယ်။ NTC Thermistor တွေကို  cobalt, nickel, iron, copper or manganese အစရှိတဲ့ သတ္တုပစ္စည်းတွေနဲ့ ဖွဲ့စည်း တည်ဆောက် ထားပါတယ်။ NTC အမျိုးအစား Thermistor တွေရဲ့ ခုခံမှု Resistance က အပူချိန်နဲ့ ပြောင်းပြန်အချိုး ကျပါတယ်။
အပူချိန်တိုးရင် ခုခံမှုကျပါတယ်။ အပူချိန်လျော့ရင် ခုခံမှုတိုးလာပါတယ်။

PTC (Positive Temperature Coefficient)


PTC အမျိုးအစား Thermistor တွေကိုတော့ အပူချိန်ပြောင်းလဲမှုတိုင်းမှာ တိကျသေချာတဲ့ ခုခံမှု Resistance (Ohm) ကိုလိုချင်တဲ့အခါမှာ အသုံးပြုပါတယ်။ ဒါကြောင့် ဒီ PTC Type Thermistor လေး တွေကိုတော့ အပူချိန်ပြောင်းလဲမှု 60°C to 120°C ကြားမှာအသုံးပြုတာများပါတယ်။ ဒီ PTC Thermistor လေးတွေကို တော့ barium, strontium or lead titanates ဆိုတဲ့ သတ္တုတွေကို အသုံးပြုပြီးဖွဲ့စည်း တည်ဆောက် တာများပါတယ်။ PTC အမျိုးအစား Thermistor တွေရဲ့ ခုခံမှု Resistance (Ohm) တန်ဖိုးက အပူချိန်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။
အပူချိန်တိုးရင် ခုခံမှုတန်ဖိုး တိုးလာပါမယ်၊ အပူချိန်လျော့ရင် ခုခံမှုတန်ဖိုး လျော့ကျလာပါမယ်။

ဒီလို Thermistor Type Resistor တွေကို ကျနော်တို့ လက်ရှိကားတွေမှာ အသုံးပြုနေကြပါတယ်။ သိသာထင်ရှားပြီး ကားမှာ အသုံးများတဲ့ Thermistor တွေကတော့

  • ၁။ Engine Coolant Temperature Sensor
  • ၂။ Ambient Temperature Sensor (ပတ်ဝန်းကျင်က အပူချိန်ကို အာရုံခံ)
  • ၃။ Evaporator Temperature Sensor (အဲကွန်းအအေးကွိုင်ရဲ့ အပူချိန်ကို အာရုံခံ)
  • ၄။ Cabin Temperature Sensor (ကားအတွင်းခန်းထဲက အပူချိန်ကို အာရုံခံ)
  • ၅။ intake Air Temperature Sensor ( Inlet မှာရှိတဲ့ လေရဲ့အပူချိန်ကို အာရုံခံ)

ဒီ Thermistor တွေက ဘယ်လိုအလုပ်လုပ်သလဲဆိုရင်တော့ သူတို့နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သက်ဆိုင်ရာ အပူချိန်တွေကို အာရုံခံပြီး သူတို့နဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ ECU (Engine Control Unit) တို့ AC Control တို့အစရှိတဲ့ Control Unit တွေကို ပြောင်းလဲသွားတဲ့ Resistance (ဒါမှမဟုတ်) Voltage တွေကို သတင်းအချက်အလက်အဖြစ်ပို့ဆောင်ပေးပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့ သတင်းအချက် အလက်တွေကို ယူပြီး Control Unit တွေ ပြန်လည်ခိုင်းစေတာမျိုးဆောင်ရွက်ပါတယ်။


Coolant Temperature Sensor က ဘယ်နေရာမှာရှိသလဲ၊  ဘယ်လိုအလုပ်လုပ်သလဲ ?


ECT Sensor တွေ က များသောအားဖြင့် ရေတိုင်ကီ ကနေလာတဲ့ Water Pipe တွေနဲ့ Engine ဆုံတဲ့နေရာ၊ Thermostat (သာမိုစတတ်) တွေနဲ့ တွဲလျက်တပ်ဆင်ထားတာ များပါတယ်။ ပုံမှန်အားဖြင့် ကားတော်တော် များများမှာ ECT Sensor တစ်လုံးပါပြီး တချို့ကားတွေမှာတော့ ECT Sensor နှစ်လုံးပါတာတွေလည်းရှိပြီး ဒုတိယ တစ်လုံးကို Radiator (ရေတိုင်ကီ) ရဲ့ အောက်ခြေမှာ တပ်ဆင်ထားပါတယ် ။ အဲဒီလိုပါတဲ့ ကားတွေကို Diagnostic Scan Tool တွေနဲ့ စစ်ဆေးကြည့်ရင် ECT Sensor (1) , ECT Sensor (2) ဆိုပြီး နှစ်မျိုးမြင်တွေ့ရ မှာဖြစ်ပါတယ်။

Coolant Temperature Sensor ဟာ NTC Type Thermistor ဖြစ်ပြီး၊ Engine Coolant တွေရဲ့ အပူချိန်ကို အာရုံခံပါတယ်။ ကားအင်ဂျင်ကို စစနှိုးလိုက်တယ်ဆိုတာနဲ့ ကားရဲ့ဒိုင်ခွက်ထဲမှာ Engine အပူချိန်ကို လက်တံနဲ့ဖြစ်၊ Digital ပုံစံ အတုံးလေးတွေနဲ့ဖြစ်စေ ပြသတယ်ဆိုတာ ဒီ Coolant Temperature Sensor ကြောင့်ပဲဖြစ်ပါတယ်။

Engine Coolant တွေရဲ့ အပူချိန် ပြောင်းလဲလာတာနဲ့ အမျှ၊ ECT Sensor တွေရဲ့ သဘာ၀ အတိုင်း Resistance တန်ဖိုးတွေ ပြောင်းလဲသွားပါတယ်။ ပြောင်းလဲသွားတဲ့ Resistance တန်ဖိုးတွေကို ECU က အာရုံခံရရှိပြီး အင်ဂျင်ရဲ့ ဆီလေ အချိုးတွေကို ပြောင်းလဲပေးပါတယ်။ ဘာကြောင့်ပြောင်းလဲပေးတာလဲဆိုရင် ကားဟာ စက်စစနှိုးချိန်မှာ အင်ဂျင်တစ်လုံးရဲ့ လိုအပ်တဲ့ ပုံမှန်အပူချိန် Normal Operation Temperature (NOT) မရသေးပါဘူး။ ဒါကြောင့် အင်ဂျင် မြန်မြန်ပူအောင် ဆီလေအချိုးတွေကို မြှင့်ပေးပြီး အင်ဂျင်ရဲ့ Idle Speed (Slow) ကို တိုးပေးထားပါတယ် ။ ဒါကြောင့် ကားတွေကို အကြာကြီးရပ်ထားပြီး ပြန်စစနှိုးခြင်းမှာ ကားအင်ဂျင်လည်ပတ်နှုန်း (RPM) များနေတတ်ပြီး အင်ဂျင်ပူသွားပြီ (တနည်း) လိုအပ်တဲ့ NOT ရောက်သွားပြီဆိုမှ အင်ဂျင်ရဲ့ လည်နှုန်းက တည်ငြိမ်သွားတာဖြစ်ပါတယ်။


နောက် ECT Sensor တွေရဲ့ နောက်ထပ်လုပ်ဆောင်ချက် ကားအင်ဂျင်က ပုံမှန်လိုအပ်တဲ့ အပူချိန်ထက် ပိုလာပြီး NOT ထက်ကျော်လွန်သွားပြီဆိုရင် ECT Sensor ရဲ့ သတင်းပို့မှုကြောင့် ECU ကနေ Fan Motor Control တွေကို ON ပေးပါတယ်။ ကားမှာပါတဲ့ Radiator Fan Motor ( ရေတိုင်ကီ ပန်ကာ) တွေထလည်ပြီး အင်ဂျင်အအေးခံရည်တွေကို အအေးပေးပြီး ကားအင်ဂျင်ရဲ့ အပူချိန် မလွန်ကဲအောင် ထိန်းချုပ်ပါတယ်။ အဓိကအားဖြင့်တော့ ကားအင်ဂျင်ရဲ့ အပူချိန် NOT (86 Degree Celcius ကနေ 98 Degree Celcius ) အတွင်းမှာ ထိန်းချုပ်ထားတာများပါတယ်။ (ကားအမျိုးအစားပေါ်လိုက်ပြီး အနည်းအများတော့ ကွဲပြားပါတယ်)
ဒါကြောင့် အင်ဂျင်ပူလာရင် Fan Motor တွေ အလိုလို ထလည်တယ်ဆိုတာ ဒီ ECT Sensor လေးကြောင့်ပါပဲ။

Diagnostic Scan Tool တွေမှာ မြင်ရတဲ့ ECT Sensor Temperature

(Temperature ပြောင်းလဲမှုအပေါ်မူတည်ပြီး Resistance ပြောင်းလဲမှုကြောင့် Voltage ပြောင်းလဲပုံ)

Coolant Temperature မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ ?

၁။ Engine Check Light လင်းပါမယ်


Coolant Temperature မကောင်းရင် အဖြစ်များတာကတော့ Engine Check Light လင်းလာတတ်ပါတယ်။ Engine Check မီးလင်းလို့ Diagnostic Scan tool တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ECT Sensor Error Code တွေတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ECT Sensor ကိုသွားတဲ့ ဝါယာကြိုးလိုင်းတွေ ပြတ်တောက်နေလား၊ Socket တွေ ချောင်နေသလား၊ ကျွတ်နေသလား စစ်ဆေးကြည့်ပြီး ကောင်းတယ်ဆိုရင်တော့ ECT Sensor တွေကို ဖြုတ်စစ်ဆေးပြီး မကောင်းရင် လဲလှယ်ပေးရမှာဖြစ်ပါတယ်။

၂။ ဆီစားများပါမယ်


ECT Sensor လုံးဝပျက်စီးသွားတာမဟုတ်ဘဲ ဆန်ဆာကြောင်တဲ့အခါမျိုးတွေမှာ အင်ဂျင်အပူချိန် တွေကို သေချာ အာရုံမခံနိုင်ဘဲ NOT ရောက်နေရဲ့သား မရောက်သေးသလိုဖြစ်ပြီး ECU က အင်ဂျင်အေးနေတယ်ထင်ပြီး ဆီပိုကျွေးတာတွေကြောင့် အင်ဂျင်ဆီစားနှုန်းမြင့်တက်လာတတ်ပါတယ်။

၃။ မီးခိုးအမည်းတွေ ထွက်တတ်ပါတယ်


ECT Sensor က အပေါ်က ပြောသလို Engine အေးနေတယ်ဆိုပြီး အချက်ပြတာမျိုးကြောင့် ECU ကနေ ဆီပိုကျွေးမှုတွေဖြစ်တဲ့အခါ Rich Mixture လိုခေါ်တဲ့ ဆီပေးများမှုတွေဖြစ်ပြီး အင်ဂျင်ခန်းထဲမှာ ဆီတွေ ကုန်အောင် မလောင်ကျွမ်းနိုင်မှုတွေဖြစ်ပြီး အိတ်ဇောကနေ မီးခိုးမည်းတွေ ထွက်တာတွေလည်း ဖြစ်လာတတ်ပါတယ်။

၄။ Engine Over Heating ဖြစ်ပါတယ်


Engine Over Heating ဆိုတာကတော့ လူအများသိတဲ့ အင်ဂျင် Heat တက်လာတာကို ဆိုလိုတာပါပဲ။ အင်ဂျင်အပူချိန်ကို အာရုံခံရတဲ့ ECT Sensor တွေ မကောင်းတဲ့အခါ အဖြစ်များဆုံးကတော့ အင်ဂျင် Heat တက်လာတာပါပဲ။ ECT Sensor တွေပျက်စီးသွားတဲ့အခါ အင်ဂျင်ဟာ ပုံမှန်အင်ဂျင်အပူချိန်ထက် NOT ထက်ကျော်လွန်ပြီး အပူချိန်တွေထိုးတက်နေတာကို ECU ကို သတင်းမပို့နိုင်တဲ့အတွက် ECUက အင်ဂျင်လိုတာထက် ပိုပူနေတာကို  မသိတော့ပါဘူး။ ဒီတော့ အင်ဂျင်အအေးခံ စနစ်က Fan Motor (ပန်ကာ) တွေကို ဖွင့်မပေးတော့ပါဘူး။ ဒီလိုနဲ့ အင်ဂျင် Heat တက်ပြီး ထိုးရပ်တာ၊ Gasket တွေပျက်တာ အစရှိတဲ့ ပြဿနာတွေ ဖြစ်ကုန်တော့တာပါပဲ။


ဒီအချက်တွေက ကားမှာပါတဲ့ ECT Sensor လို့ခေါ်တဲ့ Engine Coolant Temperature Sensor နဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာ ၊ ဆောင်ရန် ရှောင်ရန်အချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ အင်ဂျင်အအေးပေးစနစ်နဲ့ ပတ်သက်ပြီး ဒိုင်ခွက်ထဲက အပူချိန်ပြတဲ့ Heat Sign Indicator တွေမှာ ထူးခြားလာတဲ့အခါ ဒါမှမဟုတ် Engine Check Light လင်းလာတဲ့အခါ ပေါ့ဆမနေဘဲ အမြန်ဆုံးစစ်ဆေးပြု ပြင်သင့်တယ်လို့ အကြံပြုတင်ပြ လိုက်ရပါတယ်။


စာဖတ်သူ မိတ်ဆွေညီကို မောင်နှမများအားလုံး နည်းပညာဗဟုသုတကြွယ်ဝပြီး အန္တရာယ်ကင်းဘေးရှင်းကြ ပါစေခင်ဗျာ။

Author