ကားရပ်ထားချိန် ကားဘက်ထရီအိုး အားကုန်ပြီး မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ ?

0

Full article

အခုကိုဗစ်ကာလအတွင်း ကျနော်တို့အလုပ်ရုံကို ကားစက်နှိုးမရလို့ ဖုန်းဆက်မေးတဲ့သူတွေ၊ ကားနှိုးမရလို့ အိမ်အရောက်သွားပြီး ပြုပြင်ပေးရတဲ့ ပြဿနာတွေတော်တော်လေးများလာပါတယ်။ အဲဒီလို ပြဿနာတွေကို ကြုံတွေရတဲ့ ကားတော်တော်များများကို ကြည့်လိုက်ရင် ကိုဗစ်ကာလအတွင်း ကားလုံးဝမမောင်းဘဲ အပြင်မထွက်ဘဲ ကားကို မြေစိုက်ထားလို့ ကားဘတ္ထရီအိုးတွေ (Dead Car Battery) အားလုံး၀ ကုန်ခမ်းပြီး ပျက်စီးသွားတာတွေ ကျနော်တို့တွေ့ရတာများပါတယ်။ ဒီလိုမျိုး ကားဘက်ထရီလုံး၀ အားကုန်ခမ်းပြီး (Dead Car Battery ) ဖြစ်သွားပြီဆိုရင်တော့ ကျနော်တို့ ဘက်ထရီထောက်နှိုးလို့ မရနိုင်တော့ဘဲ ဘက်ထရီအိုး အသစ်တစ်လုံး တပ်ဆင်ပြီး နှိုးမှသာအဆင်ပြေပါတော့တယ်။

ဒီလိုမျိုး မဖြစ်အောင် ကျနော်တို့ ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာလေးကို ကျနော်ဒီနေ့ ဆွေးနွေး တင်ပြချင် ပါတယ်။

အရင်ဆုံးပြောပြချင်တာက ကားဘက်ထရီတွေကို ဒီလိုအားလုံးဝကုန်ခမ်းပြီး လုံးဝပျက်စီးစေနိုင်တဲ့ အခြေခံအချက် လေးတွေကို ပြောပြချင်ပါတယ်။

၁။ ကားမီးတွေကို မေ့ပြီး မပိတ်ခဲ့မိတာ ( ဝါ ) ဘရိတ်မီး Switch တွေပျက်စီးတာ

ကျနော်တို့ ကားဘက်ထရီအိုးတွေ ဒီလိုအားလုံး၀ ကုန်ခမ်းတာမျိုး ခဏခဏ ဖြစ်စေတဲ့ အကြောင်းရာတွေကို ကြည့်ရင် အတွင်းခန်းမီး Cabin Light လိုဟာမျိုးကို မေ့ပြီး မပိတ်ခဲ့မိတာမျိုး၊ Silent မီးလိုဟာမျိုးတွေ မေ့ပြီးထွန်းထားခဲ့မိတာမျိုးတွေကြောင့် ဘက်ထရီအိုးတွေ အားကျပြီး မကြာမကြာထောက်နှိုးရာကနေ နောက်ပိုင်း ဘက်ထရီအိုးတွေ Dead Battery ဆိုပြီးလုံး၀ ပျက်စီးတာမျိုးဖြစ်စေတတ်ပါတယ်။ နောက်အဖြစ် များတဲ့ အကြောင်းတခုက ဘရိတ် Switch တွေ အောက်ခံ အထိုင်လေးတွေ ပျက်စီးတာမျိုးပါ။

အောက်ကပုံကိုကြည့်လိုက်မယ်ဆိုရင် Brake Switch လေးကို အောက်မှာ အပြာရောင် အထိုင်လေးက ထောက်ထားပါတယ်။ ဘရိတ်နင်းလိုက်တဲ့အချိန် Brake Switch နဲ့ အဲဒီ အပြာရောင်ထောက်လေးက ကွာသွားပြီး ခလုတ်ဖွင့်လိုက်တဲ့ သဘော ဘရိတ်မီးလင်းစေတာပါ။ နောက်ပိုင်းအဖြစ်များတာက အဲ့ဒီအပြာရောင် ထောက်လေး ပျက်စီးသွားတာပါ။ အဲဒါလေး ပျက်စီးသွားတဲ့အခါ Brake Switch က ထောက်ခံပေးထားမယ့်ဟာ မရှိတော့တဲ့ အတွက် ဘရိတ်နင်းထားသလိုဖြစ်ပြီး ဘရိတ်မီး အမြဲလင်းနေ ပါတော့တယ်။

ဒါကို မသိဘဲ ကားရပ်ထားမိတော့ ကားဘက်ထရီတွေ တဖြည်းဖြည်းကုန်ပြီး ကားစက်နှိုးမရတော့တာ၊ နောက်ဆုံး ကားဘတ္ထရီတွေ ပျက်စီးတာတွေဖြစ်ကုန်ပါတော့တယ်။ ဒါကြောင့် ကားရပ်ထားတော့မယ်ဆို ကားမီးတွေ ပိတ်ဖို့ကျန်နေခဲ့သလား ရှေ့နောက်၊ အတွင်းခန်းမီးတွေကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

၂။ ဘက်ထရီ ငုတ်တွေ မကောင်းတာ၊ နောက် ဆားပေါက်တာ

နောက်ထပ် ဘတ္ထရီအိုးတွေကို အားကုန်ခမ်းပြီး ပျက်စီးစေတဲ့ အကြောင်း တချက်က ဘက်ထရီ ငုတ်တွေ ချောင်နေတာ၊ နောက် ဆားပေါက်တာ အစရှိတာတွေကြောင့်လည်း ဘက်ထရီအိုးတွေကို မြန်မြန်ဆန်ဆန် ပျက်စီးစေတတ်ပါတယ်။

ဘက်ထရီအိုးတွေကို Ampere အများဆုံးဆွဲယူတာက ကားစက် စ စ နှိုးတဲ့အချိန် Starter Motor ကို စဆွဲတဲ့အချိန်ပါ။ ဒီလို Starter Motor Load တခုက Current ( Ampere) တွေကို ဆွဲယူတဲ့အချိန်မှာ ဘက်ထရီအိုးငုတ်တွေက သေသေချာချာ တင်းတင်းကြပ်ကြပ်တပ်ဆင်ထားမယ်၊ နောက် ဒီလိုမျိုး ဆားပေါက်နေတာမရှိဘူးဆိုရင် ဘက်ထရီအိုးတွေက အားဆွဲတာကို တောင့်ခံနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဘက်ထရီငုတ်တွေက ဒီလိုမျိုး ဆားပေါက်နေမယ်၊ နောက် ငုတ်တွေချောင်နေမယ်ဆို ဘက်ထရီအိုးက မမိ တမိဖြစ်ပြီး ဘက်ထရီအိုးနာစေပါတယ်။ ဒီလိုမျိုးဖြစ်နေတာကို မသိဘဲ ကာလတာရှည်သုံးစွဲမယ်ဆိုရင် နောက်ပိုင်းမှာ ဘက်ထရီအိုးတွေ မြန်မြန်ဆန်ဆန် ပျက်စီးစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆားပွင့်နေတာ၊ နောက် ဘက်ထရီငုတ်တွေချောင်နေတာမြင်ရင် ဆားပွင့်နေတာတွေကို သေချာတိုက်ချွတ်ဆေးကျောတာ၊ သန့်ရှင်းရေးလုပ်တာ၊ ဘက်ထရီငုတ်ချောင်နေတာ တွေကို သေချာကြပ်ပေးတာတွေလုပ်ရမှာဖြစ်ပါတယ်။

၃။ Charging စနစ်ပျက်စီးတာ

ကားမှာတပ်ဆင်ထားတဲ့ ဘက်ထရီအိုးတွေကို အားသွင်းပေးတဲ့ စနစ်ပျက်စီးမယ်၊ အားကောင်းကောင်းမဝင်ဘူး၊ ဝင်တဲ့ ဗိုစ့်အားနည်းနေမယ်၊ သတ်မှတ်ဗို့အားထက်များနေမယ်ဆိုရင်လည်း ဘက်ထရီအိုးတွေ အားကုန်ခမ်း သွားပြီး လမ်းမှာ ထိုးရပ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ Charging စနစ်ပျက်စီးတယ်၊ တခုခု ချို့ယွင်းတယ်ဆိုရင် ကားရဲ့ဒိုင်ခွက်ထဲမှာ Charging Light သင်္ကေတ Warning Sign လေးပေါ်လာမှာဖြစ် ပါတယ်။

ဒီလို Charging Warning Light လေးပေါ်လာတယ်ဆိုရင်တော့ ကားဆက်မောင်းဖို့ မသင့်တော့ဘဲ နီးစပ်ရာ ဝပ်ရှော့ကို ပိုဆောင်ပြီး စစ်ဆေးပြုပြင်ရပါမယ်။

၄။ Parasitic Battery Drain ( ဘတ္ထရီကပ်ပါး အားဆွဲတာ)

ဒီလို ဘက်ထရီ Drain လို့ခေါ်တဲ့ ဘက်ထရီအားစားစေတဲ့ ပြဿနာကြောင့်လည်း ကားဘတ္ထရီအိုးတွေ တော်တော် များများပျက်စီးစေပါတယ်။ ဒီကောင်တွေ အဖြစ်များတာကတော့ အတွင်းခန်း ကက်ဆက်တွေကနေ အားဆွဲနေတာ၊ နောက် GPS တို့၊ Black Box တို့လိုမျိုး အပိုတပ်ဆင်ထားတဲ့ ပစ္စည်းတွေကနေ အားဆွဲတာ၊ နောက် ဝါယာရိန်း ပြဿနာတွေကြောင့် ဒါမှမဟုတ် ကားမှာတဲ့ ဆားကစ်တွေ ပြဿနာကြောင့် ကားမှာ Load တခုခုဆွဲနေပြီး ကားဘက်ထရီအိုးကို ခဏခဏ ကုန်ခမ်းစေကာ ပျက်စီးစေတတ်ပါတယ်  ဒီလိုမျိုးအဖြစ်အပျက် တွေကတော့ ကားဘက်ထရီ မကောင်းလို့ဆိုပြီး အသစ်လဲလိုက်တယ် မကြာခင် တစ်ည နှစ်ညအိပ် ကားရပ်ထားလိုက်ပြီး ဘက်ထရီအသစ်ကြီးကလည်း အားကုန်သွားတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ အဲဒါ ဘက်ထရီအားစားတဲ့ ကပ်ပါးကောင်ရှိနေတယ်ဆိုတာ သိပြီး ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြုပြင်ရပါမယ်။ ဒါမှ ကပ်ပါးကောင်ကိုရှာတွေ့ပြီး အမြစ်ပြတ်သုတ်သင်နိုင်မှာပါ။ မဟုတ်ရင် ဒီလိုမကြာမကြာ ဘက်ထရီအားကုန်တယ်ဆိုရင် ဘက်ထရီအိုး ကြိမ်းသေပျက်စီးစေပါမယ်ခင်ဗျာ။

၅။ ဘတ္ထရီအိုးတွေ သက်တမ်းကြာရှည်တာ

ဒါကတော့ ကျနော်တို့ဆီမှာ အဖြစ်များတဲ့ ပြဿနာပါ။ ကျနော်တို့ဆီက ကားမောင်းသူတွေက ကားဘက်ထရီအိုး တွေ ဘယ်ချိန်လဲသလဲဆိုရင် အတော်များများက အားလုံးဝကုန်ပြီး နှိုးမရတော့တဲ့ အချိန်မှ အသစ်လဲကြတာ များပါတယ်။ ပြောချင်တာက သက်တမ်းကာလတခုကို ချိန်ကိုက်ပြီး သုံးတာထက် လုံး၀ နှိုးမရမှ အသစ်လဲ တာများပါတယ်။ ပုံမှန် Maintainence လုပ်တာမျိုးမဟုတ်ဘဲ မိုင်ကုန်သုံးစွဲပြီး ပျက်မှ ပြင်တာများတဲ့အတွက် ကားတော်တော်များများကိုကြည့်ရင် သက်တမ်းလွန်နေတာ ဘက်ထရီအိုးတွေဟောင်းနေတာတွေကို တွေ့ရမှာပါ။ ဘက်ထရီတော်တော်များများက ပုံမှန်အားဖြင့် သက်တမ်း ၁ နှစ်ကနေ ၁ နှစ်ခွဲ ၂ နှစ်အထိသာ အများဆုံးသုံးနိုင်ပါတယ်။ စိတ်ချလက်ချ သုံးစွဲချင်တယ်ဆိုရင်တော့ ၁ နှစ်ခွဲလောက်ဆို လဲလှယ်အသုံးပြုပေး တာကတော့ အကောင်းဆုံးပါ။ ၂ နှစ်ကိုတော့ သက်တမ်းအများဆုံးထားပြီး ၂နှစ်လောက်ရောက်တာနဲ့ အသစ်လဲလှယ်သုံးစွဲပေးရမှာဖြစ်ပါတယ်။

၆။ ဘက်ထရီအိုးတွေကို အားသွင်း/အားထုတ် မလုပ်ဘဲ အကြာကြီး ပစ်ထားလိုက်တာ

အခု ကိုဗစ်ကာလမှာ အဖြစ်များတာက အဲ့ပြဿနာပါ။ ကိုဗစ်ကြောင့် အပြင်မထွက်ရတဲ့အခါမှာ ကားတွေကို ရပ်ထားလိုက်ပြီး ဒီအတိုင်းပစ်ထားလိုက်ပါတယ်။ ကားမောင်းတဲ့သူတွေ ထင်နေတာက ကားဘက်ထရီတွေက ဒီအတိုင်းထားလည်း အိုကေတယ်၊ ရပ်ထားမယ်၊ ပြန်နှိုးလိုက်ရင် ဒေါက်ဝှီးနိုးမယ် ထင်နေတာပါ။ တကယ်က ကားဘက်ထရီတွေက ဒီလိုထားရင် ပျက်စီးသွားပါတယ။ သူကို အသက်ရှည်စေချင်တယ်၊ ကြာရှည်ခံ စေချင်တယ် ဆိုရင် သူကို့ ပုံမှန်အားသွင်းတာ၊ အားထုတ်တာ သုံးစွဲတာတွေ လုပ်ပေးရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်း ၁ လ၊ ၂ လ၊ ၃ လ စသဖြင့် လပိုင်း၊ နောက် နှစ်ပိုင်းကြာအောင်ရပ်ထားလိုက်လို့ အားအဝင်အထွက်လုံး၀ မရှိတော့ဘူးဆိုရင် အဲဒီဘက်ထရီအိုးတွေလုံးဝပျက်စီးသွားပါတယ်။

ဒါကြောင့် လူအပြင်မထွက်လည်း ကားကိုတော့ နေ့စဉ် ဒါမှမဟုတ် ၁ ရက် ၂ ရက်ခြားလောက် ကားစက်နှိုးပြီး နာရီဝက်၊ ၄၅ မိနစ်လောက် အားသွင်းထားတာမျိုးလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီအချက်တွေက ကားဘတ္ထရီတွေကို လုံးဝပျက်စီးစေတဲ့ အမှုမှတ်မဲ့ အပြုမူလေးတွေဖြစ်ပါတယ်။ ဒီအချက်တွေကို သိပြီဆိုရင် ကားဘတ္ထရီတွေ မလိုအပ်ဘဲ မပျက်စီးအောင် ၊ ပျက်စီးပြီး အလုပ်ပျက် အကိုင်ပျက် အလုပ်ရှုပ် သက်သာအောင်…

၁။ ကားရပ်ထားပြီးတိုင်း ကားမီးတွေပိတ်ဖို့မေ့နေသလား ပြန်စစ်မယ်။

၂။ ကားမှာတပ်ဆင်ထားတဲ့ ဘတ္ထရီငုတ်တွေ ကောင်းမကောင်း ဆားပွင့်မပွင့်စစ်မယ်။

၃။ Charging Warning Light တွေပေါ်လာရင် အမြန်ဆုံးပြုပြင်မယ်။

၄။ ကားဘတ္ထရီ အသစ်လဲပြီးလည်း အားစားနေတယ်၊ အားကုန်သွားတယ်ဆို ဘတ္ထရီကပ်ပါးကောင်ရှိတာ သိပြီး အမြန်ပြုပြင်မယ် ။

၅။ ဘက်ထရီအိုးတွေကို သက်တမ်းသေချာမှတ်ထားပြီး၊ လုံး၀ မပျက်စီးသွားခင် အသစ်လဲလှယ်မယ်။

၆။ ကားရပ်ထားတာ ကာလတာရှည်မယ်ဆို၊ ကားကို မကြာမကြာ သွားနှိုးပေးမယ်။

စတဲ့ အချက်လေးတွေကို လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ကားဘက်ထရီတွေ ပျက်စီးလို့ မလိုအပ်ဘဲ ငွေကုန်ကြေးကျ များတာ နောက် သွားခါနီးလာခါနီးမှ ကားစက်နှိုးမရလို့ စိတ်ညစ်ရတာ၊ စိတ်ရှုပ်ရတာတွေ ကင်းဝေးစေမှာဖြစ်ပါတယ်ခင်ဗျာ။

စာဖတ်သူ မိတ်ဆွေညီကို မောင်နှမများအားလုံး နည်းပညာဗဟုသုတကြွယ်ဝပြီး ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ။

Author