ကား Battery တွေကို ချိတ်ဆက်သွယ်တန်းခြင်း နည်းပညာများ

0

Full article

ကားမောင်းတဲ့သူတွေ၊ ကားပြုပြင်တဲ့သူတွေ၊ ကားနည်းပညာလေ့လာသူတွေ သိထားရမယ့် အကြောင်း အရာတစ်ခုက ကား Battery တွေကို Series (တန်းဆက်) ဆက်ခြင်း နဲ့ Parallel (ပြိုင်ဆက်) ဆက်ခြင်း သဘောတရားတွေပါ။ ဒီနေ့တော့ ကားနည်းပညာလေ့လာသူတွေသာမက Battery နဲ့ပတ်သက်ပြီး ဆက်စပ် လုပ်ကိုင်သူတွေ၊ ခေတ်မီ နည်းပညာလေ့လာသူတွေအတွက် အသုံးဝင်မယ့် Battery တွေ ချိတ်ဆက်သွယ် တန်း နည်းပညာလေးကို မျှဝေပေးလိုက်ပါတယ်။

ကား နဲ့ အခြား လျှပ်စစ်သုံးပစ္စည်းတွေမှာ Battery တွေကို ဘာကြောင့် Series (တန်းဆက်) နဲ့ Parallel (ပြိုင်ဆက်-ခွဆက်) ဆက်ကြတာလဲဆိုရင် တော့ Battery မှာ အဓိက အရေးကြီးဆုံးဖြစ်တဲ့ Voltage (ဗိုစ့်အား) နဲ့ Ampere တွေကို လိုသလို တိုးမြှင့် ချင်လို့ပဲဖြစ်ပါတယ်။

ဒီစာလေးကို ဖတ်ပြီးရင် Battery တွေကို လိုအပ်တဲ့ Ampere နဲ့ Voltage တွေဘယ်လိုရအောင် ချိတ်ဆက် မလဲဆိုတာသိရှိနားလည်သွားမှာဖြစ်ပါတယ်။

Battery တွေကို Series ( တန်းဆက်) ဆက်ခြင်း

တန်းဆက် (Series) ဆိုတာက Battery အိုး ၂ လုံးရှိမယ်ဆို Battery အိုးရဲ့ အပေါင်း (+) ငုတ်နဲ့ နောက် တစ်အိုးရဲ့ အနှုတ် (-) ငုတ်ကို ဆက်သွယ်တာမျိုးပါ။ ဒါက ၂ အိုးကို နမူနာပေးထားတာပါ။ ၃ အိုး၊ ၄ အိုး အစရှိသဖြင့် အပေါင်း ကနေ အနှုတ် နောက်ထပ် အပေါင်းကနေ အနှုတ် ဆက်တိုက် အတန်းလိုက် ဆက်သွယ်တာမျိုးပါ။ ဒီလို Battery အိုးတွေကို အတန်းလိုက်ဆက်သွယ်ခြင်းအားဖြင့် Voltage (ဗိုစ့်အား) တိုးစေပါတယ်။ Battery တွေကို တန်းဆက် ဆက်တဲ့အခါ ဆက်သွယ်လိုက်တဲ့ Battery တွေမှာပါတဲ့ Voltage တွေကို ပေါင်းယူရပါမယ်။ ၂လုံးဆက်ရင် ၂လုံးပေါင်း ၊ ၃လုံးဆက်ရင် ၃လုံးပေါင်းယူရပါမယ်။

အောက်ကပုံလေးတွေကို နမူနာကြည့်ပါ။

6V Battery နှစ်လုံးကို တန်းဆက် (Series) ဆက်သွယ်လိုက်ရင် 6V + 6V = 12 V ရရှိမှာဖြစ်ပါတယ်။

ဒီနေရာမှာ နောက်ထပ်သိရမယ့် အချက်က Battery တွေကို Series (တန်းဆက်) ဆက်တဲ့အခါ Voltage တွေသာ (ပေါင်းယူပြီး) တိုးလာပြီး Ampere တွေကတော့ တိုးမလာပါဘူး။ ပုံကိုပြန်ကြည့်ရင် 220 Ah က နှစ်လုံးတန်းဆက် ဆက်လိုက်လည်း 220 Ah ပါပဲ။

ဒီတော့ Series ဆက်ရင် ဗိုစ့်အားတိုးတယ် Ampere ကတော့ ပုံသေပဲလို့မှတ်ယူရပါမယ်။ အောက်မှာ Series ဆက်တဲ့ပုံလေးတွေကို ဆက်လေ့လာကြည့်ပါ။

(12 V Battery နှစ်လုံးကို Series ဆက်တဲ့အခါ 12+12 = 24 Voltage ဖြစ်လာပုံ)

(12 V Battery 4 လုံး ကို Series ဆက်တဲ့အခါ 12+12+12+12 = 48 V ဖြစ်လာပုံ , 150 Ah ကတော့ ပုံသေမပြောင်းလဲပုံ)

Battery တွေကို Parallel (ပြိုင်ဆက်-ခွဆက်) ဆက်ခြင်း

Battery တွေကို ပြိုင်ဆက် ဆက်တယ်ဆိုတာကတော့ Battery အိုးတစ်အိုး မှာပါတဲ့ အပေါင်း (+) နဲ့ နောက်တစ်အိုးရဲ့ အပေါင်း (+) ခြင်း၊ အနှုတ် (-) နဲ့ အနှုတ် (-) ခြင်းဆက်သွယ်တာကိုပြောတာပါ။ အလွယ်မှတ်ချင်ရင်တော့ အပေါင်း (+) အပေါင်း (+) ခြင်း၊ အနှုတ် (-) အနှုတ် (-) ခြင်း ဆက်သွယ်တယ် လို့မှတ်ယူနိုင်ပါတယ်။ ဒီလို ဘတ္ထရီအိုးတွေကို Parallel (ပြိုင်ဆက်) ဆက်သွယ်ခြင်း အားဖြင့် ဘတ္ထရီအိုး တွေရဲ့ Ampere တွေ ပေါင်းပြီး Ampere တွေ တိုးလာပါတယ်။ Battery အိုး ၂ လုံးဆို Ampere ၂ ခုပေါင်း၊ ၃ အိုးဆို Ampere တွေ ၃ ခုပေါင်းယူရပါမယ်။

Battery တွေကို ပြိုင်ဆက် ဆက်တဲ့အခါ Ampere တွေ (ပေါင်းယူခြင်းဖြင့်) တိုးလာပေမယ့် Voltage တွေကတော့ ပုံသေအတိုင်းပဲရှိပါတယ်။ အောက်ကပုံလေးတွေမှာ လေ့လာကြည့်ပါ။

12 V 100 Ah ဘတ္ထရီ ၂ လုံးကို ပြိုင်ဆက် ဆက်တဲ့အခါ 100 Ah + 100 Ah = 200 Ah ဖြစ်လာပါတယ် ။ 12 V ကတော့ 12 V ပါပဲ။

ဒီလိုပဲ 12 V 100 Ah ဘတ္ထရီ ၄ လုံးကို ပြိုင်ဆက် ဆက်မယ်ဆိုရင်

100 Ah+100 Ah+100 Ah+100Ah = 400 Ah ဖြစ်ပါမယ်။

12 V ကတော့ 12 V ပါပဲ။

ဒါဆိုရင် Series နဲ့ Parallel သဘောတရားကို သိလောက်ပါပြီ။ အတိုချုပ်မှတ်ရရင်

၁။ Series (တန်းဆက်) ရင် Battery Voltage တွေကို ပေါင်းပါ။ Ampere ကတော့ ပုံသေပါပဲ။

၂။ Parallel (ပြိုင်ဆက်) ရင် Battery Ampere တွေကို ပေါင်းပါ။ Voltage ကတော့ ပုံသေပါပဲ။

Series and Parallel ( တန်းဆက်ပြိုင်ဆက်) အတူဆက်ခြင်း

Series ဘာကြောင့် ဆက်တယ် Parallel ဘာကြောင့်ဆက်တယ်ဆိုတာ သိပြီဆိုရင် Series and Parallel ( တန်းဆက်ပြိုင်ဆက်) အတူ ဘာကြောင့်ဆက်တယ်ဆိုတာ သိနိုင်ပါတယ်။ Series and Parallel (တန်းဆက် ပြိုင်ဆက်) အတူ ဆက်တာကတော့ Battery တွေရဲ့ Voltage ရော Ampere ရော တိုးချင်တဲ့အခါ မျိုးမှာ ဆက်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီပုံလေးမှာဆိုရင် 6 V , 220A Battery ၄ လုံးကို တန်းဆက်ပြိုင်ဆက် ဆက်ထားတဲ့ပုံစံလေးပါ။

တပိုင်းခြင်းဆီ ခွဲကြည့်မယ်ဆိုရင် 6 V Battery ၂ တွဲ တန်းဆက် ဆက်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ 6V+6V = 12 V နှစ်အိုးရပါမယ်။ အဲဒီနှစ်အိုးကို ထပ်ပြီး ပြိုင်ဆက်ထားတာ တွေ့ရပါတယ်။

အဲဒီတော့ 220 A +220 A = 440 A ရပါတယ်။

ဒီတော့ 6V , 220 A Battery ၄ လုံးကို တန်းဆက် ပြိုင်ဆက် တွဲဆက်လိုက်တာ 12 V , 440 A ရသွား ပါတယ်။ ဒါကတော့ တန်းဆက် ပြိုင်ဆက် တွဲဆက်တဲ့ သဘောတရားပဲဖြစ်ပါတယ်။ အောက်ကပုံလေး တွေမှာလည်း Series and Parallel ဆက်တဲ့ သဘောတရားလေးတွေကို လေ့လာနိုင်ပါတယ်။

ဘတ္ထရီတွေကို Series (တန်းဆက်) နဲ့ Parallel (ပြိုင်ဆက်) ဆက်သွယ်တန်းတဲ့အခါ သတိပြုရမယ့် အချက်လေး တွေရှိပါသေးတယ်။ အဲဒါတွေကတော့

၁။ Voltage တူညီတဲ့ Battery တွေကို သာ တန်းဆက် (သို့) ပြိုင်ဆက်သွယ်တန်းပါ

၂။ Ampere တူညီတဲ့ Battery တွေကို သာ တန်းဆက် (သို့) ပြိုင်ဆက်သွယ်တန်းပါ

၃။ ထုတ်လုပ်တဲ့ ကုမ္ပဏီတူညီတဲ့ Battery တွေကိုသာ တန်းဆက် ပြိုင်ဆက်သွယ်တန်းပါ

Voltage မတူညီတဲ့ Ampere မတူညီတဲ့ Battery တွေကို တန်းဆက်ပြိုင်ဆက် ဆက်မရဘူးလားဆို ရပါတယ်။ ဥပမာ 12 V Battery လိုချင်လို့ 9V နဲ့ 3V ကို တန်းဆက် ဆက်မရဘူးလားဆို ရပါတယ်။ ဒါပေမဲ့ ရေရှည်မှာမကောင်းပါ။ အထူးသဖြင့် ကားလိုမျိုး Charging စနစ်ပါတဲ့ ဟာတွေမှာဆိုရင် မတူညီတဲ့ Voltage နဲ့ Ampere ရှိတဲ့ ဘတ္ထရီတွေကို တန်းဆက် ပြိုင်ဆက်တာဟာ ရေရှည်မှာ အား အဝင်အထွက်စနစ်တွေအတွက် မကောင်းပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ Voltage , Ampere တူညီတဲ့ Battery တွေကိုသာ တန်းဆက် ပြိုင်ဆက် ဆက်သွယ်အသုံးပြုတာ ကောင်းပါတယ်လို့ ထပ်ဆင့် အကြံပြုချင်ပါတယ်။

ဒီလောက်ဆိုရင် တချို့ကားတွေမှာ မြင်တွေ့နေရတဲ့ ဘတ္ထရီအိုး ၂ လုံးကို ဘယ်လိုချိတ်ဆက်ထားတာလဲ၊ ချိတ်ဆက်ထားပုံ နည်းစနစ်အရ Voltage ဘယ်လောက်ထွက်မလဲ၊ Ampere ဘယ်လောက်ထွက်မလဲ ဆိုတာကို ကိုယ်တိုင်သိရှိနိုင်မှာဖြစ်သလို ဘတ္ထရီထောက်အိုးတွေနဲ့ ထောက်နှိုးကြတဲ့အခါ၊ အပေါင်း အနှုတ် လွဲချိတ်မိတာနဲ့ ကားမှာပါတဲ့ Electrical နဲ့ Electronic စနစ်တွေ ဘာကြောင့် ပျက်စီးသွားနိုင်တယ်ဆိုတာပါ သိရှိ နားလည် သဘောပေါက်သွားမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမများ အားလုံး နည်းပညာဗဟုသုတကြွယ်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြ ပါစေခင်ဗျာ။

Author