ကား Fan Motor တွေမှာ မှားယွင်းပြုပြင်မှုကြောင့် အဖြစ်များတဲ့ ပြဿနာတစ်ခု

0

Full article

ကားမှာပါတဲ့ ရေတိုင်ကီ ( Radiator ) Fan Motor တွေဟာ အင်ဂျင်အအေးပေးစနစ် ( Cooling System ) အတွက် အရေးပါဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။ ဒီ ရေတိုင်ကီ Fan Motor တွေမကောင်းရင် အဲကွန်း မအေး တာကစလို့ အင်ဂျင် Heat တက်ပြီး Gasket ပျက်သည်အထိ  အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာ များစွာနဲ့ ကြုံတွေ့ ရနိုင်ပါတယ်။ ဒီနေ့ ဒီ Fan Motor တွေ မကောင်းလို့ ပြုပြင်တဲ့အခါမှာ အသိမှားယွင်းစွာ ပြုပြင်မှုတွေကြောင့် ဖြစ်တတ်တဲ့ရောဂါတွေအကြောင်း ပြောပြချင်ပါတယ်။

Fan Motor တွေပျက်စီးတဲ့ အကြောင်း မပြောခင် Fan Motor တွေလည်ပတ်အလုပ်လုပ်ပုံကို နည်းနည်းရှင်းပြ ချင်ပါတယ်။ ကျနော်တို့ ကားမှာအသုံးပြုနေတဲ့ Fan Motor တွေဟာ DC Fan Motor အမျိုးအစားတွေဖြစ် ပါတယ်။ ဒီ DC Fan Motor လေးတွေက ကားမှာပါတဲ့ Battery ကနေ အပေါင်း အနှုတ်ပေးလိုက်တာနဲ့ ဘယ်လိုလည်ပတ်သလဲဆိုရင် လျှပ်စစ်နဲ့ သံလိုက်စွမ်းအင်ကို အဓိက အသုံးချပြီး လည်ပါတယ်။

ဖြောင့်တန်းနေတဲ့ ဝါယာကြိုး တစ်ချောင်းထဲကို လျှပ်စစ်စီးကြောင်း (Current) ဖြတ်စီးသွားတဲ့အခါ အဲဒီ ဝါယာကြိုးပတ်ဝန်းကျင်မှာ သံလိုက်စက်ကွင်းတွေဖြစ်ပေါ်လာပါတယ်။ သံလိုက်စက်ကွင်းရဲ့ ဦးတည်ချက် တွေကတော့ ဝါယာကြိုးမှာ ဖြတ်စီးသွားတဲ့ လျှပ်စီးကြောင်း (Current) ရဲ့ ဦးတည်ချက်အပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ အဲဒါကို Magnetic Effects of a Current (လျှပ်စီးကြောင်းကနေ ဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်း) လို့ခေါ်ဆိုပါတယ်။

ကျနော်တို့ အသုံးပြုနေတဲ့ DC Motor တွေကိုကြည့်လိုက်ရင် Fan Motor ရဲ့ အခွဲမှာ Permanent Magnetic ဆိုတဲ့ဟာတွေပါတယ်။ နောက် အတွင်းမှာ ကြေးနန်းခွေတွေပတ်ထားတဲ့ ကွိုင်တွေပါတယ်။ နောက် လူသိများ တဲ့ Carbon Brushes တွေလည်းပါ ပါတယ်။

Battery အိုးကနေလာတဲ့ လျှပ်စီးကြောင်း Current ဟာ Carbon Brushes တွေကနေ တဆင့် ကြေးနန်းခွေ တွေပတ်ခွေထားတဲ့ Field Winding Coil တွေထဲကို စီးဝင်ပါတယ်။ အဲဒီလိုစီးဝင်တဲ့အခါ အပေါ်မှာပြောထားတဲ့ ဝါယာကြိုးထဲကို လျှပ်စီးကြောင်း စီးဝင်တဲ့အခါ သံလိုက်ဖြစ်ပေါ်သည်ဆိုတဲ့ ရူပဗေဒ နိယာမ အရ လျှပ်စစ်သံလိုက်ဓာတ်တွေ ဖြစ်ပေါ်ပါတယ်။ အဲ့ဒီလျှပ်စစ်သံလိုက်တွေက နဂိုမူလ Fan Motor မှာရှိပြီး Permanent Magnetic တွေနဲ့ သံလိုက်ရဲ့ မူရင်း သဘောတရားအရ ဝင်ရိုးအချင်းချင်း မျိုးတူခြင်း တွန်းကန်၊ မျိုးမတူတာကို ဆွဲငင်ခြင်းဆိုတာတွေ ဖြစ်ပေါပြီး Fan Motor ကို လည်စေပါတယ်။ Battery ကနေ Voltage ( တွန်းအား) နေသမျှ ကာလပတ်လုံး လျှပ်စီးကြောင်းတွေ အဆက်မပြတ်ဖြစ်ပေါ်ပြီး သံလိုက်စက်ကွင်းတွေ ဖြစ်ပေါ်က စဉ်ဆက်မပြတ် ထွက်ပေါ်လာကာ Motor ကိုဆက်တိုက်လည်ပတ်စေပါတယ်။ အဲဒီလိုနည်းနဲ့ DC Fan Motor တွေ လည်ပတ်ပါတယ်။
အောက်ကပုံမှာ လေ့လာကြည့်နိုင်ပါတယ်။

ဒီ DC Fan Motor တွေမှာ အဖြစ်များတဲ့ ပြဿနာတွေက

၁။Carbon Brushes တွေ ကုန်သွားတာ၊ တိုသွားတာ

၂။Commutator (ဝပ်ရှော့လောက အခေါ် Armature ) ကုန်သွားတာ

၃။အထိုင်တွေချောင်တာ

၄။သံလိုက်တွေ ကွာတာ အစရှိတဲ့ ဟာတွေ အဖြစ်များတာပါ။

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာတစ်ခုက ဒီလို Carbon တွေကုန်တဲ့အခါမှာ တော်တော်များများ ဝပ်ရှော့တွေမှာ လုပ်တတ်ကြတဲ့ ပြဿနာတစ်ခုပါ။ အဲဒါက ဘာလဲဆိုရင်တော့ Carbon Brushes တွေအသစ်လဲထည့်တာမျိုးပါ။

ကျနော် ကားဝါယာရိန်းပိုင်းလုပ်တဲ့ သက်တမ်းတလျောက် ကား Fan Motor တွေပျက်လို့၊ မလည်လို့ လာပြင်တဲ့ အခါတွေမှာ ဒီလို ကာဗွန်တွေကို ခဲဆော်ထည့်လို့ လမ်းမှာ Fan Motor မလည်ဘဲ Heat တက် ထိုးရပ်ပြီး ရောက်လာတဲ့ ကားတွေမနည်းပါဘူး။ ဒါကြောင့် ဘာကြောင့်ပျက်ပျက် Fan Motor ပျက်တယ်ဆို ကာဗွန်တွေကို ခဲဆော်ပြီးလုံး၀ မသုံးပါနဲ့။ စိတ်မချရပါဘူး။ (လမ်းခရီးမှာ Fan Motor ပျက်လို့ ဝယ်မရဘူးဆိုမှသာ ခေတ္တခဏခဲဆော်သုံးပြီး၊ နောက်အကောင်းတလုံးပြန်လဲသင့်ပါတယ် )

ကာဗွန်တွေကို ခဲဆော်ထည့်သုံးလိုက်တဲ့အခါ တချို့ တရုတ်ကလာတဲ့ ကာဗွန်တွေက ကာဗွန်အသားမာလွန်း ပါတယ်။ ဒီတော့ ကာဗွန်မကုန်ဘဲ ကာဗွန်နဲ့ ပွတ်တိုက်ရတဲ့ Commutator တွေ ပွန်းစားပြီး ကုန်သွားပါတယ်။ အဲဒီလိုကုန်တယ်ဆို Fan Motor မလည်နိုင်တော့ပါဘူး။ ဝပ်ရှော့လောကမှာတော့ အဲဒါကို Armature ကုန်တယ် ၊ စားသွားတယ်လို့ ပြောလေ့ရှိပါတယ်။

ဂျပန်ကျ ကာဗွန်အဟောင်းတွေကို ခဲဆော်သုံးရင်လည်း ဒီအတိုင်းပါပဲ။ Commutator တွေက အဟောင်းဖြစ်ပြီး ကာဗွန်တွေက အသစ်မို့ ကာဗွန်တော့မကုန်ဘဲ Commutator တွေစားကုန်လို့ Fan Motor မလည်တာတွေ ကြုံရမှာပါ။

အောက်ကပုံတွေမှာ လေ့လာကြည့်ပါ ။

ဒီလိုမဖြစ်အောင် အသစ်နီးပါးကောင်းတဲ့ Carbon Brush နဲ့ Commutator တွေရှိတဲ့ ဂျပန်ကျ Fan Motor တွေနဲ့ အလုံးလိုက် အစားထိုးလဲလှယ်ပေးတာ အကောင်းဆုံးပါပဲ။

နောက်ထပ် တဆက်တည်းပြောပြချင်တာက Honda တွေဖြစ်တတ်တဲ့ Fan Motor ပြဿနာတခုက Air Con Fan လို့ခေါ်တဲ့ Fan အမျိုးစားပါ။ Socket မှာ အနီရောင် အစွပ်လေးပါတဲ့ Fan အမျိုးအစားပါ။ ဖင်နီ Fan လို့လည်း ခေါ်ကြပါတယ်။ အဲဒီကောင်ပြဿနာက ကားကို မမောင်းဘဲ ကြာကြာရှည်ရှည် ရပ်ထားရင် အဲဒီ Fan ထဲက ကာဗွန်တွေက ကြေးတက်ပြီး ဂျမ်းဖြစ်တာပါ။ အဲဒီလို ကာဗွန်ဂျမ်းဖြစ်တာဟာ တခြား Fan အမျိုးအစားတွေမှာ မတွေ့ရဘဲ ဒီ Honda Fit GE6 တို့ Fit Shuttle တို့မှာပါတဲ့ အဲဒီဖင်နီ Fan မှာပဲ အဖြစ်များတာပါ။ ဒီလို ဖြစ်လာရင်တော့ Fan Motor ဖြုတ်ဆေးကျောပြီး ကာဗွန်တွေကို ကော်ပတ်လေးနဲ့ စားပေးလိုက်ရင် အိုကေစိုပြေ ကောင်းသွားပါမယ်။
အောက်ကပုံတွေမှာ လေ့လာကြည့်နိုင်ပါတယ်။

ဒီပြဿနာတွေက ကားဝပ်ရှော့လောကမှာ အဖြစ်များပြီး Fan Motor မကောင်းလို့ သွားပြင်သုံးပြီး Heat တက်လို့ဆိုပြီးရောက်လာတဲ့ ကားအများစုမှာ ဒီပြဿနာတွေဖြစ်တာများပါတယ်။ ဒါကြောင့် ကားမောင်းသူ ကားပိုင်ရှင် မိတ်ဆွေတို့လည်း Fan Motor တွေမကောင်းလို့ ပြင်ဆင်မယ်ဆိုရင် ကာဗွန်လဲသုံးတာ၊ ကာဗွန်ခဲဆော်သုံးတာတို့ လုံးဝမလုပ်ပါနဲ့။ Carbon Brushes တွေ၊ Commutator တွေကောင်းတဲ့ ဂျပန်ကျ Fan Motor တစ်လုံးနဲ့ အစားထိုးလဲလှယ်အသုံးပြုတာ အကောင်းဆုံးပါပဲ ။ အဲဒီလိုမဟုတ်ရင်တော့ အပေါ်မှာ ပြောခဲ့သလို ပြဿနာတွေဖြစ်ပြီး လမ်းခရီးမှာ Heat တက်ထိုးရပ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားပြုပြင်သူတွေရော၊ ကားပိုင်ရှင်တွေရော Fan Motor နဲ့ပတ်သက်ပြီး ဒီလို ပြဿနာတွေမဖြစ်ရအောင် အသိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာ။

Author