Automotive Fuses တွေအကြောင်း

0

Full article

ကျနော်တို့ ကားလောကမှာ ကားမောင်းနေသူတိုင်း သိထားသင့်တဲ့ ပြဿနာတစ်ခုက ကားဝါယာရိန်းပိုင်းနဲ့ သက်ဆိုင်တဲ့ Fuse တွေအကြောင်းပါ။ ကားမှာပါတဲ့ System (AC , Lighting , Horn , Shift Lock , Audio , Back Camera ,etc.) တွေမလာတာကစလို့ နောက် ကားဝါယာရှော့နဲ့ ကားမီးလောင်မှု ပြဿနာတွေဟာ ကားမှာပါတဲ့ Fuse ပျက်သွားလို့ (ဝါ) Fuse မှားထည့်လို့ Fuse မပျက်ဘဲ ဝါယာရှော့ဖြစ်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ ဒီနေ့ ကားမှာပါတဲ့ ပစ္စည်းတွေ မီးလောင်ရှော့ဖြစ်မှာကို ကာကွယ် ပေးတဲ့ Fuse တွေအကြောင်းကိုတင်ပြပေးချင်ပါတယ်။

ဝါယာလိုင်းတွေမှာ Current တွေစီးဆင်းတဲ့အခါ သတ်မှတ် Current တွေပိုပြီးစီးဆင်းတဲ့အခါ  ဒါမှမဟုတ် ဝါယာလိုင်းတွေပေါက်ပြဲတဲ့အခါ ဝါယာကြိုးတွေ ပူးပြီး Short Circuit တွေဖြစ်တဲ့အခါ မီးလောင်ကျွမ်းမှုတွေ မဖြစ်စေဖို့ Fuse တွေကို Circuit Protection Device တွေအနေနဲ့ အသုံးပြုကြပါတယ်။ ဝါယာကြိုးတွေမှာ သတ်မှတ် Current (Amp) ထက်ပိုသုံးစွဲတဲ့အခါ  ဒါမှမဟုတ် Short ကျတဲ့အခါ Fuse ပျက်သွားပြီး ဝါယာကြိုးတွေ မီးလောင်ပျက်စီးမှု မဖြစ်အောင်ကာကွယ်တာမျိုး ဖြစ်ပါတယ်။

Fuse တွေရဲ့ အတွင်းပိုင်း Conductor တွေကို သံဖြူ (Tin) နဲ့ပြုလုပ်ထားပြီး Fuse အထိုင်အိမ် (Housing ) တွေကိုတော့ ဖန်၊ ပလက်စတစ် နဲ့ ကြွေထည်တွေကို အသုံးပြုပြီးပြုလုပ်ထားပါတယ်။ Fuse တစ်ခုခြင်းဆီ မှာ Maximum Current-Carrying Capacity ( အများဆုံး Current စီးဆင်းနိုင်တဲ့ ပမာဏ) သတ်မှတ် ထားရှိပါတယ်။

Fuse Box Location

Fuse Box တွေရဲ့ တည်နေရာကိုတော့ များသော အားဖြင့် ကားရဲ့ ဘောနက်အောက် အင်ဂျင်ခန်းအတွင်း မှာ (ဘယ် ညာ )၊ နောက် ကားရဲ့ Dashboard အောက်မှာ (ဘယ် ညာ) ၊ နောက် ကားရဲ့ နောက်ခန်း ထဲမှာ မြင်တွေ့ရနိုင်ပါတယ်။

Fuse Box and Fuse Box Cover

Fuse Box တွေမှာ အများဆုံးတွေ့မြင်နိုင်တာကတော့ Fuses တွေ၊ Hi Amp Rating Fuses တွေ၊ Main Amp Fuse တွေ၊ Spare Fuses တွေနဲ့ Relay တွေပဲဖြစ်ပါတယ်။

Fuse Box Cover တွေမှာတော့ Fuse ဖြုတ်တဲ့ ညှပ်တွေ Spare Fuses တွေနဲ့ အဓိက သိဖို့လိုအပ်တဲ့   Fuse Map တွေ တွေ့ရမှာဖြစ်ပါတယ်။ Fuse Map တွေကတော့ ဝါယာရိန်းပြုပြင်တဲ့အခါ ကိုယ်ပြုပြင်လိုတဲ့ အပိုင်းကိုရှာဖွေ့လွယ်ကူအောင် လမ်းကြောင်းပေးထားတာမို့ Fuse Map တွေကြည့်တတ်ဖို့ဟာလည်း ဝါယာရိန်းပြုပြင်သူတွေအတွက်အရေးကြီးပါတယ်။ ဥပမာ Tail Light မီးမလာတော့လို့ Fuse တွေကို စစ်ဆေးချင်ရင် Tail Light အတွက် Fuse ဘယ်နေရာမှာရှိတယ် Amp ဘယ်လောက်ရှိတယ်ဆိုတာကို Fuse Map ကိုကြည့်ပြီး သိနိုင်မှာဖြစ်ပါတယ်။

အသုံးများတဲ့ Fuses များ

ကျနော်တို့ ဂျပန်ကားအများစုမှာ အသုံးများတဲ့ Fuses တွေကတော့

Blade Fuses

Blade Fuses တွေထဲကမှ အသုံးများတဲ့ Fuses (6) မျိုးရှိပါတယ်။ အဲဒါတွေကတော့ Micro2, Micro3, LP-mini (low-profile mini), Mini, Regular (ATO) and Maxi တို့ဖြစ်ပါတယ်။

Blade Fuses တွေရဲ့ Maximum Current-Carrying Capacity ( Ampere Rating ) တွေကို Fuse ရဲ့ အပေါ်မှာလည်း ရေးထားသလို အရောင်တွေနဲ့လည်း ခွဲခြားနိုင်ပါတယ်။

လိမ္မော်ရောင် = 5 A၊ အညိုရောင် = 7.5 A ၊ အနီရောင် = 10 A၊ အပြာရောင် = 15 A၊ အဝါရောင် = 20 A ၊ အဖြူရောင် (အကြည်) = 25 A၊ အစိမ်းရောင် = 30 A

Fuse တွေ ကောင်းမကောင်း တိုင်းတာခြင်း

Fuse တွေအပျက်များရခြင်းအကြောင်းတွေကတော့

သက်တမ်းကြာရှည်ခြင်း

ဝါယာရှော့ကျခြင်း

Current Over Load ဖြစ်ခြင်း

Fuse ခုံထဲ ရေဝင်ပြီး သံချေးတက်ခြင်း

Load ဆွဲမယ့် ပစ္စည်းတွေ ပျက်စီးရာကနေ တဆင့် Fuse ပျက်ခြင်း

အစရှိတဲ့ အကြောင်းတွေကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 15 Amp အောက် Fuse တွေဟာ သက်တမ်း ကြောင့် ပျက်စီးတတ်ပေမဲ့ 15 Amp အထက် Fuse တွေကတော့ Short Circuit ကဲ့သို့သော အကြောင်းတွေ မရှိဘဲ သာမာန်ပျက်စီးခဲပါတယ်။ ဒါကြောင့် Fuse တွေ ပျက်တယ်ဆိုရင် Fuse အစားထိုး ကြည့်ရမှာဖြစ်ပြီး အစားထိုးတဲ့အချိန် ထပ်မံပျက်စီးတယ်ဆိုရင်တော့ Short Circuit တခုခုကြောင့်ဖြစ်နိုင်ပြီး Short ဖြစ်နေတဲ့အပိုင်းကို စစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ်။

Fuse တွေကောင်းမကောင်းကိုတော့ Test Light ( မီးစမ်း Tester ) တွေနဲ့ စမ်းသပ်ကြည့်နိုင် ပါတယ်။ ပုံမှန်အားဖြင့် Fuse အများစုက Battery ကနေ တိုက်ရိုက် (+B) ၊ နောက် သော့ဖွင့် (ACC) ၊ နောက် (ON) တွေကနေ Battery (+) ရောက်တာများပါတယ်။ ဒါကြောင့် Fuse တွေကို စစ်ဆေးတဲ့အခါ သော့ဖွင့် (ON) ထားပြီး မီးစမ်း Tester နဲ့ Fuse ရဲ့ Pin ငုတ်လေးနှစ်ဖက်ကို ဘယ်ညာ မီးရောက် မရောက်စမ်းကြည့် ရမှာပါ။

ပျက်စီးနေတဲ့ Fuse အမျိုးမျိုး

တချို့ Fuse တွေကတော့ သက်ဆိုင်ရာ Load သုံးမယ့် ပစ္စည်းတွေ ဖွင့်တဲ့အခါမှ မီးရောက်တဲ့ Fuse တွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် Ford ကားတွေမှာ ဟွန်းတီးလိုက်မှ Horn Fuse ကို မီး (+B) ရောက်လာတာမျိုးတွေရှိတတ်ပါတယ်။

Fuse တွေနဲ့ ပတ်သတ်ပြီး သတိထားရမယ့် အချက်

ကျနော့်အတွေ့အကြုံလေးနဲ့ ယှဉ်ပြီးရေးပြထားပါတယ်။

Honda Fit လေးတစီး Cigarettes Lighter ပေါက်က မီးမလာတော့လို့ဆိုပြီး လာစစ်ခိုင်းပါတယ်။ ဒါနဲ့ Cigarettes Lighter ပေါက်ကို မီးစမ်း Tester နဲ့ စမ်းကြည့်ပါတယ်။

မီးမရောက်ပါဘူး။ ဒါနဲ့ အတွေ့အကြုံ အရ Fuse ပျက်တာဖြစ်မယ်မှန်းသိလိုက်ပါတယ်။ Fuse Diagram ကိုကြည့်ရပါတယ်။ (ညာဖက် ခြေနင်း လီဘာနားမှာ ရှိပါတယ်) ဒီကားမှာတဲ့ Fuse Diagram မှာတော့ Cigarette Lighter Fuse ကို ဆေးလိပ်ပုံလေးနဲ့ပြထားပါတယ် နံပါတ်က 13 ၊

(20 Ampere ) ရှိတဲ့ Fuse လေးပါ။

Diagram ကြည့်ပြီး Fuse Box မှာ စမ်းကြည့်တော့ အဲ့ Fuse လေးပျက်နေတာ တွေ့ရပါတယ်။ အဲဒါနဲ့ 20 Amp ရှိတဲ့ Fuse လေး တခုပြန်ထည့်ပြီး စမ်းကြည့်တော့ အိုကေပါတယ်။ Fuse လည်း ပြန်မပျက်တော့ပါဘူး။

ဒီလုပ်ငန်းစဉ်လေးက အတွေ့အကြုံရှိတဲ့ ဘယ် ဝါယာရိန်းသမားမဆို အလွယ်လေး မိနစ်ပိုင်းလေး အတွင်း လုပ်နိုင်ပါတယ်။ ဒီနေရာမှာ ထပ်ပြောချင်တာက Amp နဲ့ Watt သဘောတရားလေးရယ် Cigarettes' Lighter ဝါယာရိန်း အကြောင်းလေးရယ်ပါ။

ဒီကားလေးမှာပါတဲ့ Power Outlet လို့ရေးထားတဲ့ Cigarettes Lighter ပေါက်လေးမှာ 12 V ,120W Max လို့ရေးထားပါတယ်။

P= VI ဆိုတဲ့ ပုံသေးနည်းအရ

120 W = 12V × I

I = 120 W / 12 V = 10 Amp ပဲသုံးထားပါတယ်။

ဒီ Cigarettes Lighter ပေါက်လေးမှာ သုံးထားတဲ့ Maximum Amp က 10 Amp ပဲသုံးထားတာပါ။

တကယ့် Fuse Box မှာ ခံထားတဲ့ Fuse က 20 Ampere Fuse ခံထားတာပါ။ ဘာကြောင့် 20 Ampere Fuse ကို 10 Amp ပဲ အများဆုံး သုံးခိုင်းရတာလဲဆိုရင်တော့ Safety Feature ကြောင့်ပါ။ ကျနော်တို့ ကားတွေမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေ Fuse တွေ Relay တွေခံနိုင်အောင်နောက် Safe ဖြစ်အောင် အသုံးပြုနိုင်တဲ့ ဝန်အားရဲ့ တဝက်ကိုပဲ အသုံးပြုထားတာပါ။ အဲလိုမဟုတ်ဘဲ 20 Amp ခံနိုင်တဲ့ Fuse ကို 20 Amp အပြည့်သုံးမယ်ဆို အဲ့ဒီ Fuse ခဏခဏ ပျက်ပါမယ်။ ဒါကြောင့် သတ်မှတ်နှုန်းထက် တဝက်ပဲအသုံးပြုခွင့်ပေးထားတာပါ။

ဒီနေရာမှာ ပြောချင်တာလေးတခုရှိပါတယ်။

ကျနော်တို့ ဝါယာရိန်းသမားတွေက တခါတလေ Fuse တွေကနေ ဝါယာကြိုးတွေ ဖောက်ပြီးအခြား လိုင်းတွေအတွက်သုံးကြပါတယ်။ အဲဒီလို ဖောက်သုံးတဲ့အတွက် Amp အပိုဆွဲမှုတွေဖြစ်ပြီး Fuse တွေ ခဏခဏပျက်ပြီး Fuse နဲ့သက်ဆိုင်တဲ့ မူရင်း ပစ္စည်းတွေပါ မလာတာ ကြုံရနိုင်ပါတယ်။

နောက်တချက်က ကြိုးလိုင်းတွေအပိုတွေဆွဲတဲ့အခါ Fuse မပျက်အောင် ဆိုပြီး မူရင်း Fuse နေရာမှာ Amp ပိုတောင့်တဲ့ Fuse တွေထည့်ကြပါတယ်။ ဥပမာ 10 Amp နေရာမှာ  20 Amp Fuse ထည့် လိုက်ပါတယ်။ Fuse မပျက်ပေမဲ့ Load ဆွဲတဲ့ဒဏ်ကို ဝါယာကြိုးတွေက မခံနိုင်ဘဲ ဝါယာကြိုးတွေ ပူပြီး ရှော့ဖြစ်ကာ ဝါယာကြိုးကနေ မီးလောင်တာတွေ ဖြစ်တတ်ပါတယ်။

နောက်တချက်က Fuse ဖင်ကနေ ဝါယာကြိုးကို ခဲတို့ပြီး လိုင်းဆွဲတာမျိုးပါ။ Fuse မှာ အစ 2 စရှိ ပါတယ်။ တစက Battery ဖက်ကနေ တိုက်ရိုက်လာတဲ့ အစဖြစ်ပြီး ( Fuse ပျက်သွားသည့်တိုင် ဘထ္တရီကနေ တိုက်ရိုက်မို့ မီးရောက်နေပါမယ်)၊ နောက်တစ်စ က Short ကျရင် Fuse ပျက်ပြီး မလာရတော့မယ့်တစ်စပါ။ ဒါကို သေချာမစမ်းဘဲ Battery တိုက်ရိုက်အစဖက်နေ ကြိုးလိုင်းဖောက်ယူပါတယ်။ ဒီတော့ ရှော့ကျသည့်တိုင် Battery တိုက်ရိုက်ဖက်မို့ ဝါယာကြိုးတွေမီးလောင်တတ်ပါတယ်။ ဒါလည်း သတိထားရမယ့် အချက်ပါ။ ဒါလေးတွေက Fuse နဲ့ပတ်သတ်ပြီး ပညာသင်ညီငယ် ဝါယာရိန်းသမား တွေ လိုင်းဆွဲတဲ့အခါ Power Watt သဘောတရားတွေ၊ Max Ampere သဘောတရားတွေကို ထည့် စဉ်းစားစေဖို့ အသိပေးချင်တာပါ။

ဒီလောက်ဆိုရင် ကားမောင်းသူတွေရော ၊ ကားပြုပြင်သူတွေရော ကားမှာပါတဲ့ Fuse တွေရဲ့ အရေးပါပုံ၊ အရေးကြီးပုံတွေအကြောင်းကို သိရှိနားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေဗျာ။

Author