ကားမောင်းသူတွေ သိထားသင့်သော 2 Wheel Drive ၊ 4 Wheel Drive နဲ့ All Wheel Drive အကြောင်း

0

Full article

ကျနော်တို့ ကားလောကမှာ "ဒီကားက ရှေ့ဆွဲ၊ ဒီကားက နောက်ဆွဲ၊ နောက်ယက်၊ ဒီကားက 4 Wheel" အစရှိသဖြင့် ပြောဆိုတာတွေ ကြားဖူးကြမှာပါ။ ဒီ 2 Wheel ၊ 4 Wheel ဆိုတာဘာတွေလဲ နောက် အဲ့ဒီ ကားတွေရဲ့ ကွဲပြားခြားနားပုံ၊ အားသာချက်၊ အားနည်းချက် အခြေခံလေးတွေကို ဒီနေ့ပြောပြချင်ပါတယ်။

ကျနော်တို့ လက်ရှိသုံးနေတဲ့ ကားတွေရဲ့ 2 Wheel , 4 Wheel ဆိုတာတွေကို ကားရဲ့ Drivetrain System လို့ခေါ်ပါတယ်။ ကားရဲ့ Drivetrain System ကို အမျိုးအစားခွဲကြည့်ရင်

  • ၁။ Front -Wheel Drive (FWD)
  • ၂။ Rear-Wheel Drive (RWD)
  • ၃။ Four Wheel Drive (4×4)
  • ၄။ All Wheel Drive

ဆိုပြီး အခြေခံအားဖြင့် အမျိုးအစား (၄) မျိုးကွဲပြားပါတယ်။

၁။ Front-Wheel Drive (FWD)

Front-Wheel Drive (FWD) ဆိုတာကို ရှေ့ဆွဲလို့ပဲ ခေါ်ခေါ်၊ ရှေ့ယက်လိုပဲခေါ်ခေါ် အတူတူပဲဖြစ်ဖြစ်ပြီး ဂီယာဘောက်ကို အင်ဂျင်နဲ့အတူ ကားရဲ့ ရှေ့မှာ တွဲဖက်တပ်ဆင်ထားတဲ့ ကားတွေကို ပြောတာပါ။ ကျနော်တို့ ခုလက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ကားအများစုဟာ ရှေ့ဆွဲကားတွေဖြစ်ကြပါတယ်။ ဒီကားတွေက ကားရဲ့ရှေ့မှာ တပ်ဆင်ထားတဲ့ အင်ဂျင်နဲ့အတူ တွဲဖက်နေတဲ့ ဂီယာဘောက်ကနေ တဆင့် ရှေ့ဘီးနှစ်ခုကို အဓိကထားခိုင်းစေမောင်းနှင်တာပါ။ နောက်ဘီးတွေဟာ ဂီယာဘောက်နဲ့ ဘာမှ အဆက်အသွယ်မရှိဘဲ ရှေ့ဘီးရဲ့ မောင်းနှင်မှုနောက်ကိုသာ လိုက်ပါဆောင်ရွက်ရတာမို့  Front-Wheel Drive (FWD) ရှေ့ဆွဲ၊ ရှေ့ယက် အစရှိသဖြင့် ခေါ်ဆိုတာပဲဖြစ်ပါတယ်။

ဒီ Front-Wheel Drive (FWD) ကားတွေရဲ့ အားသာချက်တွေက

• အင်ဂျင်နဲ့ ဂီယာဘောက်တွဲစပ်ပြီး တည်ဆောက်ထားတာမို့ ကုန်ကျစရိတ်သက်သာတာ

• အင်ဂျင်နဲ့ ဂီယာဘောက်အတူတည်ရှိပြီး အင်ဂျင်ပါဝါကို တိုက်ရိုက်ရယူနိုင်တာမို့ ဆီစားသက်သာတာ

• ကားရဲ့ဝိတ်ပေါ့ပါးတာ

• ပြင်ဆင်စရိတ်သက်သာတာ အစရှိတဲ့ အားသာချက်တွေရှိပါတယ်။

သူရဲ့အားနည်းချက်တွေကတော့

• ဗွက်တို့ ရွံ့တို့ရှိတဲ့ နေရာတွေ၊ နှင်းကျနေတဲ့ လမ်းတွေ၊ မိုးရေစပ်စပ်တင်နေတဲ့ လမ်းတွေပေါ်မှာ တာယာဘီးနဲ့ မြေပြင်ကုတ်အားနည်းတာ

• ဝန်တင်ပြီး အရှိန်နဲ့ မောင်းနှင်တဲ့အခါ ထိန်းချုပ်ဖို့ခက်ခဲတာ

• အကွေ့တွေမှာ လိုအပ်တဲ့ အရှိန်ထက်များတဲ့အခါ ထိန်းချုပ်ဖို့ခက်ခဲတာ အစရှိတဲ့ Safety ပိုင်းဆိုင်တာ အားနည်းချက်တွေရှိပါတယ်။

၂။ Rear-Wheel Drive (RWD)

Rear-Wheel Drive (RWD) ကို နောက်ဆွဲလို့ပဲ ခေါ်ခေါ်၊ နောက်ယက်လို့ပဲခေါ်ခေါ် အတူတူပဲဖြစ်ပြီး အင်ဂျင်က စွမ်းအားပါဝါတွေကို ဂီယာဘောက်နေတဆင့် Drive Shaft ကိုပို့ဆောင်ကာ Differential (ကရောင်းအုံ) ဆီသို့ ရောက်စေခြင်းဖြင့် Differential နဲ့ ချိတ်ဆက်ထားတဲ့ နောက်ဘီးတွေကို လည်ပတ်စေပါတယ်။ ဒီ (RWD) ကားတွေမှာတော့ ရှေ့ဘီးယက် (FWD) ကားတွေနဲ့ ပြောင်းပြန် နောက်ဘီးတွေရဲ့ မောင်းနှင်မှုနောက်ကိုသာ ရှေ့ဘီးတွေက (ဂီယာဘောက်နဲ့အဆက်အသွယ်မရှိတဲ့) လိုက်ပါဆောင်ရွက်ရတာမို့ နောက်ဘီးယက်၊ နောက်ဆွဲ Rear-Wheel Drive (RWD) လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။

ဒီ Rear-Wheel Drive (RWD) ကားတွေရဲ့ အားသာချက်တွေက

• အင်ဂျင်၊ ဂီယာဘောက်နဲ့ ကရောင်းအုံတို့ကို ရှေ့ လည် နောက် အစဉ်လိုက် တည်ဆောက်ထားတာမို့ ရှေ့နောက် Weight Balance ညီမျှတာ

• နောက်မှာ ဝန်တင်ပြီး ရုန်းအားကောင်းတာ

• ရုတ်တရက် အရှိန်တင်လို့ လွယ်ကူတာ အစရှိတဲ့ အားသာချက်တွေ ရှိပါတယ်။

အားနည်းချက်တွေကတော့

• FWD ကားတွေလိုပဲ ရွှံ့ဗွက်ထူတဲ့နေရာတွေ ၊ လမ်းပေါ်ရေတင်နေတဲ့ နေရာတွေမှာ ကားတာယာဘီး တွေနဲ့ မြေပြင်ကုတ်အားနည်းတာ၊ Slip (ချော်ထွက်) ဖြစ်နိုင်တာ

• လမ်းအရမ်းကြမ်းတမ်းတဲ့နေရာတွေမှာ၊ ရွှံ့နွံထဲနစ်တဲ့အခါတွေမှာ မရုန်းနိုင်တာ အစရှိတဲ့ အားနည်း ချက်တွေရှိပါတယ်။

ဒါကြောင့် အားသာချက် အားနည်းချက်တွေကြောင့် တချို့ Saloon ကားတွေ၊ Luxury ကားတွေ နဲ့ Sport Type ကားတွေမှာပဲ ဒီ Rear-Wheel Drive (RWD) စနစ်ကို အသုံးပြုတာမြင်ရမှာဖြစ်ပါတယ် ။

၃။ Four Wheel Drive (4×4)

Four Wheel Drive (4×4) အကြောင်းကိုရှင်းမယ်ဆိုရင် အဲ့ဒီ စနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို အရင်ပြောရပါမယ်။ 4WD တွေမှာ ပါတဲ့ အစိတ်အပိုင်းတွေက FWD တို့ RWD တို့မှာပါတဲ့ အစိတ်အပိုင်းတွေနဲ့ မတူကွဲပြားပါတယ်။ အခြေခံအားဖြင့် 4WD တွေမှာ ဘီးလေးဘီးလုံးကို မောင်းနှင်နိုင်ဖို့အတွက် ရှေ့မှာ Differential တစ်ခု၊ နောက်မှာ Differential တစ်ခု၊ အလည်မှာ Central Differential ဆိုတဲ့ Differential တစ်ခုဆိုပြီး Differential သုံးခုပါဝင်ပါတယ်။ ဒါက အခြေခံပါဝင်တဲ့ဟာတွေပါ (မတူကွဲပြားတာတွေရှိပါတယ်)။ နောက်ထပ် Four Wheel Drive (4×4) တွေမှာ 2H , 4H , 4L ဆိုတဲ့ အခြေခံစနစ်တွေပါဝင်ပါတယ်။ ဒါတွေကို တခုခြင်းရှင်းပြပါ့မယ် ။

2H ဆိုတာကတော့ (2 Wheel Drive , High Range) ကိုဆိုလိုတာဖြစ်ပြီး ၊ ပုံမှန်အားဖြင့် နောက်ဘီးနှစ်ခု တည်းနဲ့ မောင်းနှင်တာပါ။ နောက်ဆွဲ (RWD) ပုံစံမောင်းနှင်တာဖြစ်ပါတယ်။ ပုံမှန်လမ်းကောင်းတွေပေါ်မှာ နောက်ဘီးနှစ်ခုနဲ့ ပုံမှန်မောင်းနေသလို အနှေးအမြန် စိတ်ကြိုက် အရှိန်နှုန်းနဲ့ မောင်းနှင်တာကို  2H လို့ခေါ်တာ ပါ။

4H ဆိုတာကတော့ ( 4 Wheel Drive , High Range) ကိုဆိုလိုတာဖြစ်ပြီး၊ ပုံမှန်အားဖြင့် ရှေ့နောက် ဘီးလေးလုံးပြိုင်တူ မောင်းနှင်တာပါ။ လမ်းတွေက ရွှံ့တွေဗွက်တွေ များနေတယ်၊ သဲတွေရှိမယ်၊ ကျောက်ခဲ များနေမယ်ဆိုတဲ့ အချိန်မျိုးမှာ ကားကဝန်ရုန်းဖို့လိုအပ်တဲ့အချိန်မျိုးမှာ ဘီးလေးဘီးလုံးလည်ပတ်ပြီး ပုံမှန် အမြန်နှုန်းနဲ့ မောင်းနှင်တာကို 4H လို့ခေါ်တာပါ။

4L ဆိုတာကတော့ ( 4 Wheel Drive , Low Range) ကိုဆိုလိုတာဖြစ်ပြီး၊ Low Gear Ratio ( ဂီယာကြီး) တွေနဲ့ ကားဘီးလေးဘီးလုံး အနှေးလည်ပတ်ပြီး ဝန်ရုန်းတာကို ခေါ်တာပါ။ ပုံမှန်ရွှံ့ဗွတ်တွေထက်ပိုများတဲ့ ရွှံ့ဗွက်တွေ၊ သဲဗွက်တွေ၊ နှင်းတွေထူထပ်တဲ့နေရာတွေ၊ တောင်ကုန်းတွေ၊ လျှောစောက်တွေရှိတဲ့ နေရာ တွေမှာ မောင်းမယ်ဆိုရင် အမြန်နှုန်း နဲ့ မမောင်းနိုင်ဘဲ၊ ဂီယာကြီးတွေနဲ့ ကားလေးဘီးလုံး အနှေးဝန်ရုန်းပြီး မောင်းနှင်တာကို 4L လို့ခေါ်တာပါ။

ဒါက Four Wheel Drive System မှာ မပါမဖြစ်တဲ့ အဓိက အရေးကြီးတဲ့ စနစ်တွေပါ။

နောက်ထပ်ပြောချင်တာက Four Wheel Drive (4×4) ကို နှစ်မျိုးထပ်ခွဲနိုင်ပါတယ်။

• Part Time 4 Wheel

• Full Time 4 Wheel ဆိုပြီးတော့ဖြစ်ပါတယ် ။

Part Time Four Wheel Driveဆိုတာကတော့ 2WD နဲ့ 4WD ဆိုပြီး လိုသလိုပြောင်းလဲနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ပြောင်းလဲဖို့အတွက် ဂီယာတံတို့၊ တချို့မော်ဒယ်မြင့်ကားတွေမှာ Switch ခလုတ်တို့ကနေ လှည့်ပြီး 2WD နဲ့ 4WD ကို စိတ်ကြိုက်ပြောင်းလဲ နိုင်ပါတယ်။ Part Time 4WD မှာပါတဲ့ စနစ်တွေက 2H , 4H , 4L (H2,H4,L4 ဆိုပြီး တချို့ကားတွေမှာရေး)  ဆိုပြီးတော့ပါတာများပါတယ်။

Part Time Four Wheel တွေမှာ လမ်းအခြေနေပေါ်မူတည်ပြီး 2H , 4H , 4L ကို လိုသလိုပြောင်းလဲပေးလို့ ရပါတယ်။

Full Time Four Wheel Drive မှာတော့ 2WD မပါဝင်တော့ပါဘူး။ စကတည်းက ဘီးလေးဘီးလုံးလည်ပတ်တဲ့ 4WD စနစ်ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီ Full Time Four Wheel တွေမှာ 2H မပါတော့ဘဲ ၊ 4H , 4L (H4,L4) စတဲ့ ခလုတ်တွေ၊ ဂီယာတံတွေပဲပါဝင်မှာဖြစ်ပါတယ်။

Full Time Four Wheel Drive မှာလည်း လမ်းအခြေနေပေါ်မူတည်ပြီး 4H နဲ့ 4L ကို လိုသလိုပြောင်းလဲ အသုံး ပြုနိုင်ပါတယ်။

2WD , 4WD (Part Time , Full Time ) , 4L System

Automatic 4H System ဆိုတာကတော့ ဟိုးအရင်ကားတွေမှာ မပါဝင်ဘဲ အခုနောက်ဆုံးပေါ် မော်ဒယ်မြင့် ကားတချို့မှာပဲ ပါဝင်တဲ့စနစ်တခုပါ။ သူ့ကတော့ ကားလမ်းအခြေအနေ အမျိုးမျိုးပြောင်းလဲနေတဲ့နေရာ (ဥပမာ ကားလမ်းက ကြမ်းလိုက်၊ ချော်လိုက်၊ နိမ့်လိုက်မြင့်လိုက် ) တွေမှာ ကားမှာပါဝင်တဲ့ Transfer Case ကနေ ကားဘီးတွေရဲ အရှေ့အနောက် လည်ပတ်နှုန်းတွေကို ထိန်းချုပ်ပြီးကားကို တည်တည်ငြိမ်ငြိမ်လည်ပတ် နိုင်အောင်ထိန်းချုပ်ပေးတဲ့ စနစ်တခုပါပဲ။

(Automatic 4H System

4 Wheel Drive တွေရဲ့ အားသာချက်ကတော့ Off Road တွေလို လမ်းကြမ်းခရီးတွေမှာ ကားလေးဘီးလုံးကို ဂီယာ အနှေးအမြန်နဲ့ လိုသလို ဝန်ရုန်းအားအတွက် အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ အားနည်းချက်ကတော့ ပြုပြင်စရိတ်ကုန်ကျစရိတ်များတာ၊ ဆီစားများတာ၊ လမ်းအပေါ်မူတည်ပြီး 2H , 4H နဲ့ 4L တို့ကို ပြောင်းလဲ ပေးရတာမျိုးတွေပါ။

၄။ All Wheel Drive (AWD)

All Wheel Drive ဆိုတာကတော့ All Wheel ဆိုတဲ့အတိုင်းပဲ ကားမှာပါတဲ့ ဘီးလေးဘီးလုံး အကုန်အတူတကွ မောင်းနှင်တာပါ။ ပုံမှန်အားဖြင့် 4WD နဲ့ တူသလိုလို ထင်ရပေမယ့် ကွဲပြားခြားနားချက်တွေရှိပါတယ်။ All Wheel Drive (AWD) တွေမှာ 4WD တွေကို 2H,4H,4L တွေကို လိုသလို ပြောင်းလဲလို့မရပါဘူး။ အထူးသဖြင့် 4L နဲ့ထပ်တူညီတဲ့ စနစ်မပါဝင်ပါဘူး။ ဒါကြောင့် On Road လို လမ်းကောင်းတဲ့ အခြေအနေမှာပဲ မောင်းနှင်လို့ ပိုအဆင်ပြေပြီး၊ လမ်းကြမ်းတဲ့ Off Road အခြေနေမှာ 4WD ရဲ့ စွမ်းဆောင်ရည်ကို မမီပါဘူး။

အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာတော့ Automatic AWD စနစ်ကိုအသုံးပြုပြီး အဲ့ဒါကို ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး "Real Time 4WD"  ၊ "intelligent AWD" ဒါမှမဟုတ် "active AWD" ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။

ဒီ Automatic AWD စနစ်က ကားကို အမြန်နှုန်းနဲ့မောင်းနေတဲ့အချိန်၊ မတူကွဲပြားတဲ့ လမ်းအခြေအနေတွေ အပေါ်မူတည်ပြီး ကားရဲ့ ရှေ့ဘီး၊ နောက်ဘီးတွေရဲ့ ကုတ်အားအပေါ် အပြန်အလှန်အာရုံခံ ထိန်းချုပ်တဲ့စနစ် ဖြစ်ပါတယ်။ ပုံမှန် ကားရဲ့ ဘီးလေးဘီးလုံးက တူညီတဲ့ အရှိန်နဲ့ ကုတ်အားဖြစ်နေတဲ့အချိန် 2WD စနစ်ပုံစံနဲ့ မောင်းနှင်နေပြီး ကားဘီးတစ်ဘီးဘီးက (ရှေ့နောက်) ကုတ်အားဆုံးရှုံးမှု (Traction Loss) ဖြစ်တဲ့အချိန် ကျန်တဲ့ဘီးတွေကို လိုတိုးပိုလျှော့ လိုက်ညှိပြီးကားကို တည်တည်ငြိမ်ငြိမ် (Stable) ဖြစ်အောင်ထိန်းချုပ်ပါတယ်။ အထူးသဖြင့် အချိုးအကွေ့တွေ၊ လမ်းမျက်နှာပြင်ပေါ်မူတည်ပြီး တာယာနဲ့ လမ်းကုတ်အားနည်း တဲ့နေရာ တွေမှာ ကားတစ်ဘီးခြင်းဆီကို လိုအပ်လို ချိန်ညှိထိန်းချုပ်မောင်းနှင်ပါတယ်။ လမ်းကောင်းသွားပြီး ကားဘီး တွေရဲ့ လည်ပတ်ကုတ်အား ညီမျှသွားတဲ့အခါ ပုံမှန် 2WD စနစ်ပုံစံ ပြန်ပြောင်းလဲသွားပါတယ်။

4WD မှာတော့ ဒီလို ကားတစ်ဘီးခြင်းဆီကို စိတ်ကြိုက်မထိန်းချုပ်နိုင်ဘဲ ရှေ့နောက် စုံတွဲလိုက်သာ ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ဒါကြောင့် AWD မှာ ကားရဲ့ ဘီးတစ်ဘီးခြင်းဆီရဲ့ လည်ပတ်ကုတ်အားတွေကို စိတ်ကြိုက်ထိန်းချုပ်မောင်းနှင် နိုင်တဲ့ အချက်တချက်ကလည်း 4WD မတူညီတဲ့ အားသာချက် တချက်ဖြစ်ပါတယ်။ ခြုံပြောရရင် 4WD တွေဟာ Off Road အခြေနေမှာ AWD တွေထက် စွမ်းဆောင်ရည်ပိုကောင်းပြီး၊ လမ်းကောင်းမှာ အမြန်နှုန်းနဲ့ မောင်းနှင်တဲ့ အခြေနေမှာ AWD တွေက 4WD တွေထက် စွမ်းဆောင်ရည် ပိုကောင်းပြီး Safe ဖြစ်ပါတယ်။

ဒါတွေက ကားမောင်းသူတိုင်း ကားအကြောင်းစိတ်ဝင်စားသူတိုင်းသိထားသင့်တဲ့ 2 Wheel  Drive ၊ 4 Wheel Drive  နဲ့ All Wheel Drive တွေရဲ့ အခြေခံအကြောင်းဖြစ်ပါတယ်။ ဒီအချက်တွေက ရှိရှိသမျှ 2 Wheel  Drive ၊ 4 Wheel Drive  နဲ့ All Wheel Drive တိုင်းမှာ အခြေခံအားဖြင့် ယေဘူယျတူညီတဲ့အချက်တွေကို စုစည်း တင်ပြထားတာပါ။ ထုတ်လုပ်တဲ့ ကုမ္ပဏီ ကားအမျိုးအစား၊ မော်ဒယ်တွေအပေါ်မူတည်ပြီး မျိုးတူ မူကွဲ ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်၊ ပုံစံ၊ အမျိုးအစားတွေ အများကြီးရှိပါသေးတယ်ဆိုတာ ထပ်လောင်း ပြောကြားချင်ပါတယ်။

စာဖတ်သူ မိတ်ဆွေညီကို မောင်နှမများ နည်းပညာ ဗဟုသုတ ကြွယ်ဝပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေဗျာ။

Author