၂၀၂၀ မှာထွက်ရှိလာမယ့် ရွေးချယ်သင့်စရာ ကားသစ်များစွာ

0

Full article

စတင်ချဉ်းနင်းဝင်ရောက်လာသည့် ၂၀၂၀ ပြည့်နှစ်ကတော့ မော်တော်ကားစျေးကွက်တွင် ကုမ္ပဏီများ၏ ဆန်းသစ်တီထွင်မှုများကို ငံ့လင့်ရမည့်နှစ်ဟု ဆိုရပေမည်။ ကြိုတင်ပျံ့နှံ့နေသောသတင်းများအရ Ford GTI ၊ Ford Bronco စသည့်မော်ဒယ်များထွက်လာဖို့ရှိသလို Tesla ကုမ္ပဏီ၏ Cybertruck ကဲ့သို့ ခေတ်မီပုံဆန်းကားများကိုလည်း လက်တွေ့ကျကျမျှော်လင့်နိုင်ဖို့ရှိနေလေသည်။ ထို့ကြောင့် ယခုနှစ်အတွင်း မျှော်လင့်စောင့်စားရမည့် စိတ်ဝင်စားဖွယ်မော်တော်ကားဒီဇိုင်းသစ်၊ မော်ဒယ်သစ်များအကြောင်းကို တင်ဆက်ဖော်ပြလိုက်ရပါသည်။

(၁) BMW M2 CS

အင်ဂျင်ပါဝါ 444 hp ရှိသည့် BMW ၏ M2 CS မော်ဒယ်သစ်မှာ ၂ ယောက်စီး coupe ပြိုင်ကား 2 Series မျိုးဆက်သစ်တွင် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမည့်ကားတစ်စီးပင်။ 3.0 litre twin-turbo တပ်ဆင်ထားသော BMW M2 CS မှာ မန်နျူရယ်ဂီယာအမျိုးအစား နောက်ယက်ကားတစ်စီးဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီ ၁၇၄ မိုင်နှုန်းအထိ မြှင့်တင်နိုင်မည်ဟုသိရသည်။

(၂) Mini John Cooper Works GP

တစ်စီးလျှင် စတာလင်ပေါင် ၃ သောင်းခွဲနီးပါးဖြင့်ရောင်းချမည့် Mini John Cooper Works GP မော်ဒယ်သစ်မှာ ဆလင်ဒါ ၄ လုံးတပ် 2.0 litre အင်ဂျင်ပါဝင်မည်ဖြစ်သည်။ ယင်းအင်ဂျင်အမျိုးအစားမှာ BMW M135 မော်ဒယ်များတွင် အသုံးပြုသည့်အင်ဂျင်အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ 302 hp ထုတ်လုပ်ပေးနိုင်ကြောင်းသိရသည်။ ရှေ့ယက်အမျိုးအစားအဖြစ်ထွက်ရှိလာမည့် Mini John Cooper Works GP မော်ဒယ်များမှာ ကုမ္ပဏီအခြေစိုက်ရာ ဗြိတိန်စျေးကွက်တွင် အစီးရေ ၅၇၅ စီးသာ ခွဲတမ်းရရှိမည်ဟုလည်း သိရသည်။

(၃) Mclaren Elva

ယခင်ထွက်ရှိထားသော Mclaren 720S မော်ဒယ်များတွင် အသုံးပြုသော 4.0 Litre V8 twin-turbo အင်ဂျင်ကိုပင် ဆက်လက်အသုံးပြုထားပြီး အလေးချိန်ကတော့ ပိုမိုလျော့နည်းသွားမည်ဟု Mclaren ကုမ္ပဏီမှကြေညာထားသည်။ တစ်နည်းအားဖြင့်တော့ ‌ယခုနှစ်တွင်ထွက်ရှိလာမည့် Mclaren Elva မှာ အင်ဂျင်စွမ်းဆောင်ရည် 804 hp ထုတ်လုပ်ပေးနိုင်သည့် ကြောက်မက်ဖွယ်ရာမြန်နှုန်းကိုပိုင်ဆိုင်ထားသည့် ပြိုင်ကားတစ်စီးဟု ဆိုရပါလိမ့်မည်။ တစ်နာရီ ၆၂ မိုင်နှုန်းကို အချိန် ၃ စက္ကန့်အတွင်းမြှင့်တင်နိုင်ခြင်းကလည်း ထိပ်တန်းပြိုင်ကားတစ်စီး၏ ဂုဏ်အင်္ဂါရပ်နှင့်ကိုက်ညီလျက်ရှိသည်။

(၄) Ferrari Roma

Ferrari ကုမ္ပဏီ၏အသစ်ဖန်တီးမှုဖြစ်သော Roma မော်ဒယ်၏ပုံရိပ်မှာ ယခင် Ferrari ပြိုင်ကားများ၏အသွင်အပြင်၊ အသွေးအရောင်များနှင့် သိသိသာသာကွဲထွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် အင်ဂျင်ပါဝါပိုင်းကတော့ 3.9 Litre V8 twin-turbo ကို အသုံးပြုထားပြီး ယခင်မော်ဒယ် Ferrari SF90 ထက် ၇၃ ကီလိုဂရမ်ပိုနည်းသည့်အတွက် ပေါ့ပါးမြန်ဆန်မှုက အပြည့်ဟုဆိုရပေမည်။

(၅) Tesla Cybertruck

မကြာသေးမီက ပျံ့နှံ့လာခဲ့သောအွန်လိုင်းဓာတ်ပုံများအရ လူစိတ်ဝင်စားမှုများစွာရရှိခဲ့သော Tesla ကုမ္ပဏီ၏ Cybertruck ကားမော်ဒယ်သစ်ကို ယခုနှစ်အတွင်း စျေးကွက်ဖြန့်ချိနိုင်ဖွယ်မရှိသေးသော်လည်း မျှော်လင့်သူများက မျှော်လင့်နေကြပြီဖြစ်၏။ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင်မှ ဖြန့်ချိမည်ဟုကြေညာထားသော Cybertruck မှာ အမြင်ဆန်းသလောက် စွမ်းရည်လည်းမြင့်ဖို့ရှိလေသည်။ ဘက်ထရီနှင့်် လျှပ်စစ်မော်တာအရွယ်အစား ၃၊ ၄ မျိုးအထိရွေးချယ်နိုင်မည်ဖြစ်ပြီး အနိမ့်ဆုံးအားဖြင့် အချိန် ၂.၉ စက္ကန့်အတွင်း တစ်နာရီမိုင် ၆၀ နှုန်းကိုမြှင့်တင်မည်ဟုသိရသည်။ ဝန်တင်အား ၁၅၀၀ ကီလိုဂရမ်အထိရှိပြီး တစ်ကြိမ်အားသွင်းလျှင် မိုင် ၅၀၀ နှင့်အထက်မောင်းနှင်နိုင်မည်ဟုလည်း Tesla ကုမ္ပဏီက ကြေညာထားသေးသည်။

(၆) Aston Martin DBX

မကြာမီထွက်ရှိလာမည့် Aston Martin DBX မော်ဒယ်သစ်ကို ထုတ်ကုန်သစ်တစ်ခုအဖြစ်သာမက Aston Martin ကားကုမ္ပဏီ၏ အားထားရာစီးပွားရေးလက်နက်တစ်ခုအဖြစ်ပါ မီဒီယာများက ခန့်မှန်းဖော်ပြထားကြလေသည်။ အလူမီနီယံကိုယ်ထည်ဖြစ်ပြီး 4.0 Litre V8 twin-turb0 မြင်းကောင်ရေ 542 hp ထုတ်လုပ်ပေးနိုင်သည့် Aston Martin DBX မှာ ဝေးလ်နိုင်ငံရှိ Aston Martin စက်ရုံသစ်၌ စတင်ထုတ်လုပ်မည့်ပထမဆုံးကားအဖြစ်လည်း မှတ်တမ်းဝင်ဦးမည်ဖြစ်သည်။ တန်ကြေးအားဖြင့်လည်း အဆိုပါကားမှာ စတာလင်ပေါင် ၁၅၈,၀၀၀ မှ စတင်မည်ဟုသိရသည်။

(၇) Polestar 1

ယခုနှစ်အတွင်းထွက်ရှိလာမည့် Polestar 1 ကားအကြောင်းမပြောမီ Polestar အမှတ်တံဆိပ်အကြောင်း ဦးစွာမိတ်ဆက်ရန်လိုပါလိမ့်မည်။ Polestar ဆိုသည်မှာ ဆွီဒင်အခြေစိုက် Volvo မော်တော်ကားကုမ္ပဏီ၏ ဇိမ်ခံကားလုပ်ငန်းခွဲဖြစ်ပြီး အင်ဂျင်စွမ်းဆောင်ရည်ပိုင်းဦးစားပေးသောအမှတ်တံဆိပ်တစ်ခုလည်းဖြစ်သည်။ Polestar 1 ဆိုသောအမည်အရ ထိုကားမှာ Polestar ဌာနခွဲမှ ပထမဆုံးထုတ်လုပ်မည့်ဇိမ်ခံကားဖြစ်လာမည်ဖြစ်သလို Volvo ၏စျေးအကြီးဆုံးနှင့် တစ်ခုတည်းသော Hybrid အမျိုးအစားမော်တော်ကားအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။ တန်ဖိုးခန့်မှန်းချေကတော့ စတာလင်‌ပေါင် ၁၃၉,၀၀၀ သတ်မှတ်ထားပြီး အင်ဂျင်ပါဝါကတော့မြင်းကောင်ရေ 600 hp ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

(၈) Porsche 911 Turbo

လူသိများအောင်မြင်ပြီးသော Porsche ကဲ့သို့အမှတ်တံဆိပ်မျိုးအတွက်တော့ နောက်ထွက်လာမည့်ပြိုင်ကားသစ်မော်ဒယ်တစ်စီး၏လှပကျော့ရှင်းမှုကို အထူးတလည်ဖော်ပြစရာ လိုလိမ့်မည်မဟုတ်ပါ။ 3.8 Lire တာဘိုအင်ဂျင်သုံးထားပြီး မြင်းကောင်ရေ 650 hp ထုတ်လုပ်ပေးနိုင်သော Porsche 911 မော်ဒယ်သစ်မှာ လေးဘီးယက် (Front-Wheel Drive) အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီမိုင် ၂၀၀ ကျော် မောင်းနှင်နိုင်မည်ဖြစ်သည်။

(၉) Jaguar XJ

နောက်ထပ်ဖော်ပြမည့်ကားမော်ဒယ်သစ်တစ်စီးကတော့ လျှပ်စစ်စွမ်းအင်အပြည့်အဝအသုံးပြုသည့် Jaguar ၏လက်ရာမွန်တစ်ခုအဖြစ်တောင် တင်စားခေါ်ဝေါ်နိုင်မည့် Jaguar XJ ပင်ဖြစ်တော့သည်။ အွန်လိုင်းပုံရိပ်များအရ Jaguar XJ မှာ ထိပ်တန်းဇိမ်ခံဆီဒင်ကားတစ်စီး၏ အသွင်အပြင်မျိုးပိုင်ဆိုင်ထားပြီး ကားကြမ်းပြင်တွင် အခင်းသဘောမျိုးတပ်ဆင်ပေးထားသော ဘက်ထရီကြောင့် အတွင်းနေရာလွတ်ပိုမိုများပြားလာမည်ဟုသိရသည်။ အခြား Infotainment စနစ်ကဲ့သို့ နည်းပညာပိုင်းအရလည်း မျှော်လင့်စရာများစွာရှိသောကားတစ်စီးပင်။

(၁၀) Lexus LC Convertible

နောက်ယက်ကားအမျိုးအစားအဖြစ် ထွက်ရှိလာတော့မည့် Lexus အမှတ်တံဆိပ် LC အမိုးပွင့်မော်ဒယ်မှာ Sporting Cruiser ဟုခေါ်သော အပျော်စီးပြိုင်ကားအမျိုးအစားဖြစ်သည်။ အဆိုပါကားကို မကြာသေးခင်က လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပခဲ့သည့်မော်တော်ကားပြပွဲ၌ ထည့်သွင်းပြသခဲ့ပြီး လူငယ်ကားဝါသနာရှင်များ၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သော ကားအမျိုးအစားလည်းဖြစ်သည်။ Lexus LC 500 ‌မော်ဒယ်ပြိုင်ကားများ စျေးကွက်အတွင်း အောင်မြင်ခဲ့ပြီးနောက် အမိုးပွင့် Convertible အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်လုပ်ရောင်းချရန်စီစဉ်ထားခြင်းဖြစ်သည်။


(၁၁) Ford Bronco

Bronco မော်ဒယ်များမှာ Ford ကုမ္ပဏီမှ ၁၉၆၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်လာခဲ့သော တံခါး ၂ ပေါက်ပါ SUV အမျိုးအစားများဖြစ်ကြသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် ထွက်ရှိမည့် Ford Bronco မှာ ယခင်မော်ဒယ်များအတိုင်း တံခါးပေါက်အရေအတွက် ပြောင်းလဲခြင်းမရှိသော်လည်း ကိုယ်ထည်ဒီဇိုင်းပိုင်းအရ ဆန်းသစ်မှုများပါဝင်လာခဲ့သည်ကိုတွေ့ရသည်။ ထို့အတူ Ford Ranger အမျိုးအစား Pick-up မော်ဒယ်ကားများမှာကဲ့သို့ ပြောင်းရွှေ့ဖယ်ရှားနိုင်သော ကားအမိုးအလင်းဝင်ပေါက်၊ဘေးတံခါးများကိုလည်း ယခု Bronco မော်ဒယ်ကားတွင် ထည့်သွင်းတပ်ဆင်ထားသေးသည်။

Ref: 20 cars we’re looking forward to in 2020 by TopGear.com

Author