ခွေကိုင်သောလက်များအတွက် စိတ်ဆိုးစရာအကောင်းဆုံးအပြုအမူများ

0

Full article

ယာဉ်မောင်းသူအများစုက စည်းဝင်၊ ဘောင်ဝင်၊​ ပြောစရာမလို ကောင်းမွန်တယ်လို့ဆိုနိုင်ပေမဲ့ လောကနိယာမအတိုင်း ခပ်ဆိုးဆိုးယာဉ်မောင်းတွေကတော့ ရှိနေတာအမှန်ပါပဲ။ ဆက်လက်လည်းရှိနေကြဦးမှာပါ။ လမ်းမတွေအပေါ်မောင်းနှင်ရာမှာ ဘယ်လိုအပြုမူတွေက ယာဉ်မောင်းအများစုကို ဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်စေမှာလဲ။ ဘယ်လောက် စိတ်ဆိုးဒေါသထွက်စေမှာလည်းဆိုတာကတော့...

၁၀။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးမောင်းနှင်ခြင်း

အထူးသဖြင့် အဝေးပြေးလမ်းမတွေအပေါ် မောင်းနှင်ရာမှာဖြစ်ပါတယ်။ မြန်မြန်မောင်းတာက ကောင်းပါတယ်။ စိတ်ချလုံခြုံမှုပိုကောင်းအောင်လို့ သတ်မှတ်အချိန်အတွင်းမောင်းနှင်တာကတော့ အကောင်းဆုံးပေါ့။ မမောင်းရဲလို့ ဖြေးဖြေး နှေးနှေးမောင်းတာကလည်း စိတ်ဆိုးစရာမဟုတ်ပါဘူး။ ယာဉ်မောင်းအများစုကို ဒေါသထွက်စေတာကတော့ အခု မြန်မြန်မောင်းလိုက်၊ ပြီးရင် နှေးနှေးမောင်းလိုက်၊​ အခုတစ်မျိုး တော်ကြာတစ်မျိုးမောင်းနှင်တာမျိုးဖြစ်ပါသတဲ့။ အထူးသဖြင့် ပုံမှန်ဆိုရင် ခပ်နှေးနှေးမောင်းနှင်နေတဲ့ကားက ကိုယ်ကကျော်တက်ချိန်ကြမှ ကိုယ်နဲ့အပြိုင် မြန်မြန်လိုက်မောင်းတာမျိုးပါ။

၉။ လမ်းကြောကို အဆက်မပြတ်ပြောင်းနေတတ်သူ

မြန်မာနိုင်ငံမှာတော့ လမ်းကြောအတိုင်းမောင်းနှင်မှုကို ဦးစားပေးလို့မရသေးသလို lane keeping assist တို့ ဘာတို့လိုမျိုးနည်းပညာတွေကလည်း လက်တွေ့အသုံးချနိုင်မှုနည်းနေပါသေးတယ်။ အခြားနိုင်ငံအများစုမှာတော့ လမ်းကြောအဆက်မပြတ်ပြောင်းတတ်သူတွေနဲ့တွေ့ရင် တော်တော်လေးကို ဒေါသဖြစ်ကြရပါသတဲ့။ လမ်းကြောခွမောင်းတတ်သူကိုတွေ့ရင်လည်း တော်တော်ကြီးကို စိတ်ဆိုးကြပြီး ဒါမျိုးမောင်းနှင်မှုဟာ အဖမ်းခံရဖို့လည်း တော်တော်ကြီးနီးစပ်တဲ့ မောင်းနှင်မှုမျိုးပါပဲ။ အကောင်းဆုံးကတော့ ကိုယ်သွားမယ့်နေရာအတွက် ကိုယ်မောင်းနှင်မယ့်အရှိန်ပေါ်မူတည်ပြီး လိုအပ်တဲ့လမ်းကြောကို တစ်ခါတည်းရွေးချယ်မောင်းနှင်တာပါပဲ။

၈။ ကားတွင်းမှ အမှိုက်များကို လမ်းပေါ်သို့ပစ်ချခြင်း

ဒါမျိုးကတော့ ကမ္ဘာ့ဘယ်နေရာမှာမဆို ရှုံချသင့်တဲ့ အပြုအမူဖြစ်ပါတယ်။ ဒီလိုအပြုအမူဟာ တော်တော်ကြီးကို ကိုယ်ကျင့်တရား မကောင်းရာကျတဲ့အပြင်ကိုမှ လမ်းမတွေကိုလည်း အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ထို့အပြင် တချို့အမှိုက်သရိုက်တွေဆိုရင် တခြားမော်တော်ကားဘီးတွေကိုပါ ထိခိုက်ပျက်စီးနိုင်တာမျိုးတွေရှိတဲ့အတွက် ကားထဲကနေ လမ်းပေါ်ကို အမှိုက်ပစ်ချတာကို လုံးဝကို ရှောင်ကြည်သင့်တာပါ။ ကိုယ်သွားမယ့် လမ်းခရီးအတွက် အမှိုက်သရိုက်ထည့်ဖို့ ကားတွင်းသုံး အမှိုက်ပုံးကလေးတွေကို အသုံးပြုသင့်ပါတယ်။ အဲဒီအစား တစ်ခါသုံးကျွတ်ကျွတ်အိတ်တွေအသုံးမပြုဖို့ကိုတော့ အကြံပေးချင်ပါရဲ့။

၇။ မီးစအကြီးနဲ့ချည်းမောင်းတတ်သူတွေ

မီးစအကြီးအသေးဆိုတာ အလကားထားတာမဟုတ်ပါဘူး။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုပြောင်းလဲအသုံးပြုဖို့ပါ။ ကိုယ်တွေနိုင်ငံလိုမျိုး မောင်းသူနေရာနဲ့ 'လမ်း' လွဲနေသေးတဲ့နေရာတွေမှာတော့ အဆိုးဆုံးလို့ပြောလို့ရတယ်။ ကားမီးဆိုတာမျိုးက လမ်းဘေးဘက်ခြမ်းကို ပိုပိုသာသာထွန်းပေးလေ့ရှိတဲ့အမျိုးမဟုတ်လား။ အဲဒါကြီးကို ကိုယ်တွေက လမ်းအလယ်ဘက်ကို ပစ်ထိုးကြတာလေ။

ခုခေတ်မီးတွေက ပိုပိုပြီးအားကောင်းလာတော့ပိုဆိုးတာပေါ့။ ဒါပေမဲ့ အဆင့်မြင့်ကားတွေမှာတော့ မျက်နှာခြင်းဆိုင်လမ်းကြောက ကားလာပြီဆိုရင် အလိုအလျောက်မီးစလျှော့ပေးတဲ့ စနစ်တွေပါဝင်လာကြပါပြီ။

၆။ မျက်ကွယ်မှ လမ်းဖြတ်ကူးကြသူတွေ

တော်တော်ကြီးကို အန္တရာယ်များတဲ့ကိစ္စပါ။ အထူးသဖြင့် ဘတ်စ်ကားဂိတ်တွေများအဖြစ်များတာတွေ့ရတယ်။ ရပ်လိုက်တဲ့ ဘတ်စ်ကားရှေ့က ထွက်လာတတ်ကြသူတွေပေါ့။ တချို့များလည်းရှိတတ်ပါတယ်။ နားကြပ်ကြီးတပ်ထားပြီး ဂီတမှာ စီးမျောပျော်ဝင် လမ်းဖြတ်ကူးကြသူတွေပေါ့။ ရပ်ထားတဲ့ ကားတွေကြားက ‘ဗြုန်း’ ဆိုထွက်လာကြသူတွေပါ။ အဲဒီသူတွေဟာ ယာဉ်မောင်းသူတွေအတွက်တော့ တကယ့်ကို အခက်အခဲပါပဲ။ စိတ်ဆိုးဖို့အတော်ကောင်းသလို လမ်းပေါ်ကသူတွေအတွက် အန္တရာယ်လည်းအတော်များတဲ့အတွက် ဘယ်သူမဆို ရှောင်ကြည်သင့်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

၅။ မသေမချာ ဝန်တင်ဆောင်ယာဉ်တွေ

ဘုရားတနေရတဲ့ လမ်းပေါ်က ဘဝတွေရယ်ပါ။ ကွန်တိန်နာတွေသွားနေတဲ့လမ်းမှာ သူတို့ကိုဖြတ်ကျော်ဖို့ဆိုရာမှာ ဘုရားကိုတနေရတယ်။ တစ်ချိန်တုန်းကတော့ သစ်လုံးကားတွေဘေးက ဖြတ်သွားမယ်ဆိုရင်လည်း တချို့များ ရင်တွေတောင်မှ ခုန်နေတတ်ကြတာပါ။ နောက်ရှိပါသေးတယ်။​ အချောင်းကြီး၊ အချောင်းငယ် အသွယ်သွယ်ကိုမှ သေသေချာချာ တင်ဆောင်ထားပုံမရတဲ့ကားတွေ။ အဲဒီလိုမျိုးကားနောက်က လိုက်ရလို့များ သူတို့ပစ္စည်း ဘယ်အချိန်ပြုတ်ကျမလဲဆိုပြီး စောင့်ကြည့်နေရတာ အမောပါပဲ။

စိတ်ဆိုးစရာ တကယ်ကောင်းသလို အန္တရာယ်လည်း တကယ်များတာပါ။ ဖြစ်ပြီဆိုရင် အဆုံးပဲမဟုတ်လား။

၄။ မဆင်မခြင် မြန်နှုန်းမြင့်မောင်းနှင်သူတွေ


လူငယ်ပိုင်းများတယ်။ အတွေ့အကြုံနုသူတွေများတယ်။ ဆင်ခြင်မှုရှိစွာနဲ့ မြန်နှုန်းမြင့်မောင်းတာဟာ ဘဝတစ်ခုမဟုတ်ပါဘူး။ မဆင်မခြင်နဲ့ မြန်နှုန်းမြင့်မောင်းတယ်ဆိုရင်တော့ ဘဝတစ်ခုသာမက ဘဝနှစ်ခု၊ သုံးခုမကဖြစ်သွားနိုင်ပါတယ်။ စိတ်ကူးယာဉ်ပြိုင်ကားဇာတ်လမ်းတွေအကြည့်များတာပဲဖြစ်ဖြစ်၊ လမ်းပေါ်က 'ငကြွယ်' ဖြစ်ချင်တာပဲဖြစ်ဖြစ် မြန်နှုန်းမြင့်မောင်းသူတွေဟာ လမ်းသွားလမ်းလာတွေအတွက်ရော၊ အခြားယာဉ်မောင်းနှင်သူတွေအတွက်သာမက မောင်းနှင်နေသူကိုယ်တိုင်အတွက်ပါ စိုးရိမ်ရေမှတ်ကို မဆိုင်းမတွရောက်ရှိစေနိုင်တာမျိုးပါ။ ဒါမျိုးကိုမှ ဒေါသမထွက်ရရင် ဘယ်ဟာမျိုးကို သွားထွက်ရမှာပါလိမ့်။

၃။ အမြီးကပ်လိုက်သူ

ဒါကတော့ တနုံနုံဖြစ်စေတဲ့ အပြုအမူမျိုးဖြစ်တယ်။ ရှေ့ယာဉ်မောင်းနှင်သူရဲ့နောက်ကနေ  bumper ခြင်းကပ်လုနီးပါး အမြဲကပ်လိုက်ကြသူတွေကိုပြောတာပါ။ နောက်မှန်ကိုကြည့်လိုက်တိုင်း ဘယ်အချိန်များ ထိတော့မလဲ၊ ဘယ်အချိန်များ ဝင်အောင်းတော့မလဲဆိုပြီး အမြဲစိုးရိမ်နေမှတော့ ဒေါသကထွက်ပြီပေါ့။ Parking sensor တွေနဲ့ဆိုလိုကတော့များ ‘တီ တီ တီ’​ နဲ့မြည်နေတတ်သေးတာ။ အသေးစားယာဉ်တိုက်မှုဖြစ်စဉ်ရဲ့ ရာခိုင်းနှုန်းအတော်များများကို နေရာယူထားတဲ့ အပြုအမူလည်းဖြစ်ပါတယ်။

၂။ ကားမောင်းရင်း စာပို့သူတွေ

ကားမောင်းရင်းဖုန်းပြောကြသူတွေထက်ပိုဆိုးပါတယ်။ မီးပွိုင့်တွေမှာ စာရိုက်နေကြလို့ တော်တော်နဲ့မထွက်နိုင်သူတွေ တွေ့ဖူးကြမှာပေါ့။ လမ်းပေါ်မှာ တုံ့ဆိုင်းတုံ့ဆိုင်း မောင်းနေကြသူတွေအများအပြားကလည်း ကားမောင်ရင်းစာပို့နေကြသူတွေ၊ ကားမောင်းရင်း ဖုန်းပြောနေကြသူတွေ အများစုပါပဲ။ ဒါဟာ အခြားယာဉ်မောင်းများအတွက် တော်တော်ကြီးကို စိတ်မသက်မသာဖြစ်စေပြီး လူတိုင်းအတွက်လည်း အန္တရာယ်ကြီးတဲ့အပြုအမူပါ။ ဖုန်းပြောတာနဲ့ စာပို့တာနဲ့တော့မတူပါဘူး။ နှစ်မျိုးစလုံးဟာ အာရုံပျံ့လွင့်စေတာမှန်ပေမဲ့ စာရိုက်တာကတော့ လက်တွေပါအသုံးပြုရတဲ့အပြင် စာလုံးရွေးနေရတာကလည်း ပိုပြီးဆိုးရွားတဲ့အခြေအနေကိုရောက်ရှိစေပါတယ်။ ကိုယ်တိုင်အတွက်ရော၊ အခြားယာဉ်မောင်းသူတွေအတွက်ရော၊ လမ်းသွားလမ်းလာတွေအတွက်ပါ ယာဉ်မောင်းသူတိုင်း ရှောင်ကြည်သင့်တဲ့အပြုအမူဖြစ်တယ်။

၁။ အချက်ပြမီး မပြခြင်း

ယာဉ်မောင်းသူများ အပြောအများဆုံးနဲ့ စိတ်ဆိုးစရာအကောင်းဆုံး အပြုအမူကတော့ အချက်ပြမီး မပြတာပါပဲ။ ကိုယ်သွားမယ့်လမ်းအတွက် အချက်ပြမီးပြသခြင်းဟာ ဘာမှခက်ခဲတဲ့ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ ကိုယ်က ဘယ်ဘက်ကို ကွေ့မယ််ဆိုရင် ဘယ်အချက်ပြမီး၊ ညာဘက်ကို ကွေ့မယ်ဆိုရင် ညာအချက်ပြမီးကိုဖွင့်လိုက်ရုံပါပဲ။ ပြန်တောင်ပိတ်စရာမလိုဘူး။ သူ့ဘာသာ ပြန်ပိတ်ပေးတာမျိုးမဟုတ်လား။ ဒါနဲ့တောင်မှ တချို့တချို့သော ယာဉ်မောင်းတွေ ဘာလို့ အချက်ပြမီး မပြကြတာပါလိမ့်။

ဒါဟာ တစ်ဖက်ယာဉ်ရဲ့အခြေအနေကိုကြည့်ပြီး လှုပ်ရှားရမယ့် ကားမောင်းသူတိုင်းအတွက် တော်တော်ကြီးကို စိတ်မသက်မသာဖြစ်စေသလို ဒေါသလည်းထွက်ကြရပါတယ်။ ထားပါတော့။ ကိုယ့်ရှေ့က ကားက ရုတ်တရက်ကြီးအရှိန်လျော့ချလိုက်ရင် နောက်ကလိုက်တဲ့သူက ကျော်ပဲသွားရမလား၊ အရှိန်ပဲလိုက်လျော့ပေးရမလား။ အဆိုးဆုံးကတော့ အချက်ပြခြင်းမရှိဘဲ ရုတ်တရက်ဖြတ်ကွေ့တာမျိုးပါ။ ဒါမျိုးနဲ့တွေရင် တမင်တကာ ဝင်တိုက်ပစ်သူတွေရှိတယ်လို့ ကြားဖူးပါတယ်။ တမင်ဝင်တိုက်တာမျိုးဟာ လုံးဝကောင်းမွန်ခြင်းမရှိတဲ့ အပြုအမူဖြစ်ပေမဲ့ အချက်ပြမှုမရှိခြင်းကတော့ အမှန်တကယ်ဒေါသဖြစ်စရာကောင်းလှတယ်ဆိုတာကတော့ ယာဉ်မောင်းသူတိုင်းသိရှိခံစားမိကြပါလိမ့်မယ်။

Ref: 10 Most Annoying Things Bad Drivers Do, Ranked by KELLY LOWIS

Author