TESLA ရဲ့ Cybertruck ကိုကနဦးခံစားကြည့်ခြင်း

0

Full article

အခုတလော လူပြောများနေတဲ့ Tesla ရဲ့ Cybertruck ထဲကို ဝင်ရောက်စီးနင်းခဲ့ကြသူ အနည်းငယ်တွေထဲမှာ The Verge က Sean O’Kane လည်းအပါအဝင်ပါ။ အခုဆက်လက်ဖေါ်ပြမှာကတော့ Sean O’Kane ရဲ့ Cybertruck ထဲကို ပထမဆုံးဝင်ရောက်စီးနင်းအပြီး ခံစားချက်တွေပဲဖြစ်ပါတယ်။

အဓိပ္ပါယ်မဲ့သယောင်ဖြစ်နေတဲ့ ဒီအနာဂတ် pickup ကားအမျိုးအစားဟာ Cybertruck လို့အမည်ပေးခြင်းခံထားရပြီး အခုလိုကြမ်းရှတဲ့ပုံစံကို Tesla ရဲ့ CEO ဖြစ်သူ Elon Musk ကိုယ်တိုင်မိတ်ဆက်လိုက်တာပါ။ သူမိတ်ဆက်ပြီး သိပ်မကြာခင်အချိန်အတွင်းမှာပဲ ကားရဲ့လူစီးထိုင်ခုံနေရာမှာ ကျွန်တော်ဝင်ထိုင်လိုက်ပါတယ်။ Tesla ရဲ့ ဝန်ထမ်းဟာ ကျွန်တော်အပါအဝင် လူသုံးဦးကို Cybertruck ထဲကိုဝင်ထိုင်စေပြီး SpaceX (Elon Musk ရဲ့) ရုံးချုပ်တည်ရှိရာ California ရှိ Hawthorne မှာ အနည်းငယ်စမ်းသပ်မောင်းနှင်ပြသခဲ့ပါတယ်။

ကျွန်တော်တို့စီးနင်းခဲ့တဲ့ကားဟာ အလယ်အလတ်တန်းစားဖြစ်ပြီး dual-motor တပ်ဆင်ထားတဲ့ truck ပါ။ 0-60 မိုင်နှုန်းရဖို့ အချိန် 4.5-second သာလိုအပ်တဲ့ ကားဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ $49,900 လို့သိရပါတယ်။ ဒါဟာ ဈေးကွက်အတွင်းက ကျော်ကြားပြီးသား pickup ကားတွေထက် နည်းပါးတဲ့ပမာဏတစ်ခုပါ။ အနိမ့်ဆုံးအဆင့် Cybertruck ဟာ $39,900 ခန့်ရှိမှာဖြစ်ပြီး အမြင့်ဆုံး level ဆိုရင်တော့ $70,000 နီးပါးရှိမှာပါ။ Cybertruck ရှေးပြေးပုံစံဟာ မြန်တာမှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အရွယ်အစားနဲ့ အလေးချိန်ကြောင့် သူ့အမြန်နှုန်းဟာ ပျင်းစရာကောင်းတယ်လို့ဆိုရမယ်။ ပြောချင်တာက Tesla ရဲ့အခြားကားတွေလိုမျိုး ရင်ခုံစိတ်လှုပ်ရှားစရာအားဖြင့်တော့ မကောင်းလှဘူး။

အဲဒီအစား Cybertruck ကိုအစမ်းစီးနင်းရာမှာ ထူးထူးခြားခြားသတိပြုမိတာကတော့ ကျယ်ဝန်းမှုပါ။ လူအများက ကားရဲ့အပြင်ပုံစံအကြောင်းကို ပြောနေကြချိန်မှာ ကျွန်တော်ကတော့ အတွင်းခန်းအနေအထားကို ပိုပြောချင်နေမိတယ်။ နောက်ခန်းဆိုရင်ပိုလို့တောင်မှာ ကျယ်ဝန်းတာပါ။ ပြောရမယ်ဆိုရင် သူ့လောက်ကျယ်ဝန်းပြီး ခြေဆန့်လက်ဆန့်လုပ်လို့ရတဲ့ကားကို အပြင်မှာတစ်စီးမှ မတွေ့ဖူးသေးဘူးဗျ။ Tesla အနေနဲ့ အံ့အားသင့်ဖွယ်ရာ နည်းပညာတွေများအသုံးပြုထားသလားလို့တောင်မှ ထင်ခဲ့မိလောက်အောင်ပဲ။

Cybertruck အကြောင်းခြုံငုံပြီးပြောရမယ်ဆိုရင် အဲဒီအနာဂတ်ကားဟာ ကိုးရိုးကားရားပုံစံရှိတယ်။ ခင်ဗျားတို့အိမ်ရှေ့မှာမြင်တွေ့နေကျကားမျိုးထက်စာရင် Mars ဂြိုဟ်ပေါ်မှာဖွင့်ထားတဲ့ Walmart ရဲ့ ကား parking မှာရပ်ထားတဲ့ ကားမျိုးနဲ့ပိုတူနေမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ပုံစံကို ခင်ဗျားတို့ ပိုပြီးလက်သင့်ခံလာကြမှာအမှန်ပါပဲ။ ၂၀၂၁ မှာ တကယ်တမ်းထုတ်လုပ်လာပြီး မြင်ရတွေ့ရပိုများလာချိန်မှာပေါ့။

Single-motor အသုံးပြုထားတဲ့ Cybertruck ဟာ ဘက်ထရီအားအပြည့်နဲ့ဆိုရင် အနည်းဆုံး မိုင် ၂၅၀ လောက်ကို အများဆုံးအလေးချိန် ၃,၅၀၀ ပေါင်အထိတင်ဆောင်ပြီးမောင်းနှင်နိုင်မယ်လို့ ဆိုထားတယ်။ Range အနေနဲ့က ၂၅၀+ ၊ ၃၀၀+ နဲ့ ၅၀၀+ မိုင်ဆိုပြီး သုံးမျိုးနဲ့ထွက်ရှိလာမှာပါ။ ဆွဲအားအနေနဲ့ကတော့ အနိမ့်ဆုံးအဆင့် ပေါင် ၇,၅၀၀ အထိတောင်မှာ ရှိပါသတဲ့။

Elon Musk ကြေညာတဲ့အတိုင်းတိတိကျကျပြောရရင် Cybertruck ရဲ့ထွက်ရှိလာမယ့် version သုံးမျိုးကတော့

  • Single Motor AWD: Range- 250+ miles; 0-60mph - 6.5 seconds; top speed - 110mph; Payload - 3,500 lbs; Tow Rating - 7,500 lbs; Price - $39,900
  • Dual Motor AWD: Range- 300+ miles; 0-60mph - 4.5 seconds; top speed - 120mph; Payload - 3,500 lbs; Tow Rating - 10,000 lbs; Price - $49,900
  • Tri Motor AWD: Range- 500+ miles; 0-60mph - 2.9 seconds; top speed - 130mph; Payload - 3,500 lbs; Tow Rating - 14,000 lbs; Price - $69,900

တို့ပဲဖြစ်ပါတယ်။

ပိုကောင်းတဲ့ Specs တွေနဲ့လိုချင်ရင်တော့ ဈေးနှုန်းက ထုံးစံအတိုင်း ပိုမြင့်သွားမယ်။ ဘက်ထရီအားအပြည့်နဲ့ဆိုရင် မိုင် ၅၀၀ အထက်မောင်းလို့ရပြီး “Plaid Powertrain” လို့ခေါ်တဲ့ (စမ်းသပ်ဆဲ) တူညီတဲ့ motor သုံးလုံးတပ်ဆင်ထားပြီး ဆွဲအားအနေနဲ့ ပေါင် ၁၄,၀၀၀ အထိရရှိနိုင်မယ့် အမျိုးအစားမျိုးကတော့ ဈေးအကြီးဆုံးပေ့ါ။ Musk ကတိပေးလိုက်တာကတော့ Cybertruck ဟာ ဘယ်လိုလမ်းမျိုးကိုမဆို ဖြတ်ကျော်မောင်းနှင်နိုင်တယ်ဆိုတာပါပဲ။ ဒီအတွက် တပ်ဆင်ထားတဲ့ adaptive air suspension နဲ့ ၁၆ လက်မ အမြင့်ရှိတဲ့ ground clearance ကိုပဲကျေးဇူးတင်ရမှာပါ။ ဒါ့အပြင် Cybertruck ကြော်ငြာတွေမှာမြင်တွေ့ရတဲ့ 110V နဲ့ 220V outlets တွေ၊ သော့ခတ်ထားလို့ရတဲ့ ပစ္စည်းထားစရာနေရာတွေ၊ onboard ပါဝင်တဲ့ air compressor တွေနဲ့ဆိုတာက ပြိုင်စံရှားလို့တောင်မှ လက်ရှိအချိန်မှာ ပြောလို့ရနေပါတယ်။

Musk က “exoskeleton” ခေါ်တဲ့ stainless steel ကိုယ်ထည်ရဲ့အတွင်းဘက်မှာ သိပ်ကိုကျယ်ပြောတဲ့ လူစီးခန်းရှိနေပါတယ်။ သူ့အဆိုအရဆိုရင် Cybertruck ကိုယ်ထည်မှာအသုံးပြုထားတဲ့ cold-rolled steel alloy ဟာ သူ့ရဲ့ အာကာသဒုံးပျံယာဉ် SpaceX မှာအသုံးပြုထားတာနဲ့ အတူတူပါပဲ။

ရှေ့ပြေးပုံစံဖြစ်တဲ့အတိုင်း truck ရဲ့အတွင်းခန်းဟာ လုံးဝကြီးအချောပုံစံတော့ဟုတ်မနေပါဘူး။ Dashboard အသားဟာ Tesla ရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေလိုမျိုး ကျောက်သားနဲ့ တော်တော်တူတယ်။ တို့ထိကြည့်မိရင်တော့ ရော်ဘာအပျော့သားအရသာမျိုးကိုရတယ်။ ကိုယ်ထည်ကတော့ လုံးဝကို steel ကိုယ်ထည်ပါ။ ထိတွေ့မိတိုင်း အေးမြတဲ့ခံစားချက်ကိုရတယ်။ နံဘေးနောက်ကြည့်မှန်တွေလုံးဝမပါ ပါဘူး။ အလယ်နောက်ကြည့်မှန်ကလည်း truck ရဲ့နောက်ပိုင်းမှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ချိတ်ဆက်ထားတဲ့ display ပါ။

Tesla ရဲ့အပြောအတိုင်းဆိုရင်တော့ Cybertruck မှာအသုံးပြုထားတာက ၁၇ လက်မ touchscreen ဖြစ်ပြီး နောက်မျိုးဆက်တွေမှာအသုံးပြုမယ့်ပုံစံ landscape-oriented နဲ့ဖြစ်ပါတယ်။ Tesla ဝန်ထမ်းမောင်းနှင်ပြရာမှာတော့ setting နည်းနည်းသာ ချိန်စရာလိုမယ့်ပုံပါ။ ကျွန်တော့်အနေနဲ့ကတော့ Cybertruck ရဲ့ software ပိုင်းကို အခုထက်ပိုပြီးစမ်းသပ်ကြည့်ချင်ပါသေးတယ်။

Tesla ဟာ လူတွေအတွက်လိုအပ်တာကို အဲဒီလူတွေကိုယ်တိုင်သတိမပြုခင်ကတည်းက ကြိုတင်တည်ဆောက် ဖန်တီးလေ့ရှိတဲ့ကုမ္ပဏီတစ်ခုပါ။ လျှပ်စစ်ကားတွေ စတင်ထုတ်လုပ်စဉ်တုန်းကလည်း လူအများစုရဲ့ ပြက်ရယ်ပြုခြင်းကို ခံခဲ့ရဖူးပါတယ်။ အဲဒီအမြင်အရကြည့်မယ်ဆိုရင် Cybertruck ကိုကြည့်ရတာ ကို့ရိုးကားယားနိုင်တယ်ဆိုတာက အကင်းလောက်ပဲရှိပါသေးတယ်။ နောက်တစ်ချက်က Elon Musk။ သူက ရေစီးကြောင်းရဲ့ ထိပ်မှာသာကူးခတ်ချင်သူမဟုတ်လား။

Truck ထဲကို ခဏတာဝင်ရောက်စီးနင်းခဲ့ရာမှာတော့ လူတွေအနေနဲ့  Cybertruck ထဲကိုတစ်ကြိမ်တစ်ခါ ဝင်ရောက်စမ်းသပ်ကြည့်ရုံနဲ့တော့ ရင်ထဲကိုရောက်သွားလိမ့်မယ်လို့ မယုံကြည်ပါဘူး။ ကြိုက်သူနဲ့ မကြိုက်သူ နှစ်ခြမ်းကွဲ၊ အငြင်းပွားကြရနိုင်တဲ့ ဒီဇိုင်းရယ်။ ဒါပေမဲ့ နေရာကျယ်ဝန်းမှုနဲ့ Tesla 3 စတိုင်မျိုုး infotainment screen ကတော့ ကျွန်တော့်ကို တော်တော်လေးစွဲဆောင်နိုင်ပါတယ်။ စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းကြိုက်သူတွေအတွက်ဆိုရင်တော့ Cybertruck ဟာ ဦးစားပေးရွေးချယ်စရာတောင်မှ ဖြစ်သွားနိုင်လောက်အောင် အစွန်းရောက်ပုံစံနဲ့ ထရပ်ကားတစ်စီးဖြစ်ပါတယ်။

JD Power ရဲ့ ဒုတိယဥက္ကဋ္ဌ Tyson Jominy ကတော့ “ဒီဇိုင်းကောင်းဆိုတာ ပထမအကြိမ်ကြည့်လိုက်မယ်ဆိုရင် လှောင်ရယ်စရာဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကြည့်ရင်းကြည့်ရင်း ပုံမှန်ဖြစ်သွားပါလိမ့်မယ်” ဆိုပြီး Cybertruck ရဲ့အများနဲ့မတူတဲ့ပုံစံအပေါ် သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

Musk ကတော့ Tesla ရဲ့ ပထမဆုံး လျှပ်စစ် pickup ဖြစ်တဲ့ Cybertruck ဟာ Blade Runner ရုပ်ရှင်ထဲက ကွဲပြားတဲ့ကားမျိုးဖြစ်ကြောင်း လူတိုင်းကိုပြောပြဖို့ လနဲ့ချီပြီးကြိုးစားလို့နေခဲ့တာပါ။ အခု စတိတ်စင်ပေါ်မှာပြသလိုက်ချိန်မှာတော့ Tesla ရဲ့ဖေါက်သည်တွေရော တစ်ကမ္ဘာလုံးက ပရိသတ်တွေကပါ လုံးဝကိုငြိမ်ဆင်းသွားရပါတယ်။ ကျွန်တော့်အနေနဲ့တော့ “ဟာ ဘယ်လိုကြီးလဲ” ဆိုတဲ့ အာမေဍိတ်မျိုး Cybertruck ကိုအကောင်လိုက်ကြီးမြင်လိုက်ရပြီးနောက် ဟိုတစ်စ ဒီတစ်စ ကြားခဲ့တယ်။ တချို့ကလည်း သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Back to the Future ထဲက DeLorean ကို Hammer နဲ့စပ်ပြီးဖေါက်ထားတယ်လို့ဆိုကြတယ်။ တချို့ကလည်း ဂြိုဟ်သားကားနဲ့တူတယ်လို့ဆိုကြတယ်။ ဒါပေမဲ့ Tesla ရဲ့ Chief Designer ဖြစ်သူ Franz von Holzhausen က Cybertruck မှာတပ်ဆင်ထားတဲ့မှန်တွေကို သံလုံးနဲ့ပစ် အက်ကွဲ ပြီးချိန်မှာတော့ ဂြိုဟ်သားကားဆိုတဲ့အမြင်တွေကလျော့ကျသွားပါတယ်။ Cybertruck ကိုဘယ်လောက် အကြမ်းခံကြောင်းစမ်းသပ်ပြရာမှာ ပထမ ကားမှာအသုံးပြုထားတဲ့ မှန်ချပ်ကိုအလျားလိုက်တင်ပြီး သံလုံးနဲ့အမြင့်ကပစ်ချပြတာပါ။ အဲဒီအချိန်ကမကွဲခဲ့ပါဘူး။ ဒုတိယ ကားရဲ့တံခါးကို တူနဲ့ခပ်ပြင်းပြင်းထုပြရာမှာလည်း ချိုင့်ခြင်း၊ ခွက်ခြင်းမရှိခဲ့ပါဘူး။ နောက်ဆုံး ကားတံခါးမှာတပ်ဆင်ထားတဲ့ မှန်ကို သံလုံးနဲ့ပစ်ခွဲတော့မှာ မှန်က အက်ကွဲခဲ့တာပါ။

နောက်ပိုင်းမှာတော့ "သံလုံးနဲ့ပစ်လို့ကွဲတာမဟုတ်ပါ။ ပြပွဲမလုပ်ခင်ကတည်းက မှန်ကိုသံလုံးနဲ့ပစ်ပြီး စမ်းသပ်ပြီးသားပါ။ ပြဿနာက ကားတံခါးကို တူနဲ့ထုတဲ့အချိန်မှာ မှန်ရဲ့အနားသားတွေနာသွားခဲ့လို့ သံလုံးနဲ့ပစ်ခွဲရာမှာ ကွဲအက်ခဲ့တာဖြစ်ပါတယ်" ဆိုပြီး Elon Musk ကသူ့ရဲ့ Twitter ကနေတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် Cybertruck မိတ်ဆက်ပြသပွဲမှာ တက်ရောက်သူအားလုံးဟာ သူတို့ရောက်ရှိခဲ့ဖူးတဲ့ အခိုက်အတန့်တစ်ခုက ဒီဇိုင်းကိုမြင်ခဲ့ရတာပါပဲဆိုတာကို သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Tesla ဟာ Blade Runner ရုပ်ရှင်ဇာတ်ကားရဲ့ အငွေ့အသက်တွေထံကနေ အများအပြားသင်ယူထားတဲ့ပုံစံပေါက်နေလို့ပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောနိုင်သလဲဆိုတော့ Musk ဟာ Tesla ရဲ့ ပရိသတ်တွေကို cyberpunk အဝတ်အစားမျိုး ဝတ်ဆင်လာဖို့ပြောခဲ့တာက တစ်ကြောင်းပါပဲ။ အများစုကလည်း ဝတ်ဆင်လာကြတယ်။ အနာဂတ် ကုတ်အင်္ကျီအရှည်ပုံစံတွေ၊ အရောင်စုံ LED မျက်မှန်တွေ၊ ကိုယ်တိုင်ချုပ်လာကြတဲ့ အဝတ်အစားဒီဇိုင်းတွေ၊ အရောင်တွေလင်းထွက်နေတဲ့ ဖိနပ်ကိုယ်စီနဲ့ပါ။

ဒါပေမဲ့ Tesla ရဲ့ ထီမထင်တဲ့ CEO ဟာ နောက်ဆုံးထုတ်လုပ်မယ့်အချိန်တွေနဲ့ မဟားဒယားကတိစကားတွေအတိုင်းဖြစ်အောင် အားထုတ်မှုတွေ လိုအပ်နေဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Cybertruck အနေနဲ့ ရှင်းရှင်းလင်းလင်းပြသနိုင်တာတစ်ခုကတော့ တစ်နေ့နေ့ တစ်ချိန်ချိန် ဒီမော်တော်ကားဟာ Elon Musk ရဲ့ပြောစကားအတိုင်း အဖိုးတန်လာမှာတော့ အသေအချာပါပဲ ။

Ref: TESLA CYBERTRUCK FIRST RIDE: INSIDE ELON MUSK’S ELECTRIC PICKUP TRUCK by Sean O'Kane

Author