ဂန္ထ၀င်ကားမောင်းချန်ပီယံ မိုက်ကယ်ရှူးမေကာရဲ့ လူသိနည်းနေသေးတဲ့အကြောင်းများ

0

Full article

ဖော်မြူလာ၀မ်းပြိုင်ပွဲချန်ပီယံ ၇ ကြိမ်ဖြစ်ထားပြီး နိုင်ပွဲပေါင်း ၉၁ ပွဲရရှိထားတဲ့ ဂျာမန်ကားမောင်းသမား မိုက်ကယ်ရှူးမေကာကို အငြင်းပွားဖွယ်မရှိ အအောင်မြင်ဆုံးပြိုင်ကားမောင်းချန်ပီယံအဖြစ် သတ်မှတ်ထားကြပါတယ်။ ပြိုင်ပွဲအလီလီ၀င်ခဲ့တဲ့ မိုက်ကယ်ရှူးမေကာဟာ ပြိုင်ကွင်းထဲမှာ ဘာအန္တရာယ်မှမဖြစ်ခဲ့ဘဲ အပျော်တမ်းနှင်းလျောစီးတဲ့အခါမှ မတော်တဆမှုကြုံပြီး  ဦးခေါင်းထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ဦးနှောက်ဒဏ်ရာရပြီး ကိုမာ၀င်ခဲ့တဲ့မိုက်ကယ်ရှူးမေကာဟာ လက်ရှိအချိန်အထိ ကျန်းမာရေးအပြည့်အ၀ကောင်းမွန်လာခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့အောင်မြင်မှုနဲ့ ဂုဏ်သတင်းကတော့ ထာ၀ရဆက်လက်တည်တံ့နေမှာပဲ ဖြစ်ပါတယ်။ မိုက်ကယ်ရှူးမေကာရဲ့အကြောင်းကို ပရိသတ်တွေအနေနဲ့ တော်တော်များများသိထားပြီးဖြစ်ကြပေမယ့် လူသိနည်းနေသေးတဲ့စိတ်၀င်စားစရာအကြောင်းအရာတွေလည်း ကျန်ရှိနေပါသေးတယ်။ အဲဒီအချက်တွေကတော့ ...

(၁) Ferrari မော်ဒယ်တစ်စီးအတွက် ဒီဇိုင်းရေးဆွဲခြင်း

မိုက်ကယ်ရှူးမေကာအနေနဲ့ Mercedes အသင်းကို မရောက်ခင်က အီတလီအခြေစိုက် Ferrari ပြိုင်ကားအသင်းအတွက် ကိုယ်စားပြုယှဉ်ပြိုင်ပေးခဲ့ဖူးပါတယ်။ ရှူးမေကာနဲ့ Ferrari ပြိုင်ကားအသင်းတို့ရဲ့လက်တွဲမှုက နတ်ဖက်တဲ့စုံတွဲလို သိပ်ပြီးလိုက်ဖက်ညီခဲ့ပြီး ဖော်မြူလာ၀မ်းပြိုင်ပွဲမှာ‌အောင်မြင်မှုအများအပြားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Ferrari ကုမ္ပဏီအတွက် မိုက်ကယ်ရှူးမေကာလုပ်ပေးခဲ့တာက ပြိုင်ကားမောင်းပေးခဲ့ရုံတင်မကပါဘူး။ ကုမ္ပဏီတည်ထောင်သူ အန်ဇိုဖာရာရီကို ဂုဏ်ပြုထုတ်လုပ်မယ့် Ferrari Enzo ကားမော်ဒယ်အတွက် ဒီဇိုင်းရေးဆွဲရာမှာလည်း ပါ၀င်ကူညီခဲ့ပါသေးတယ်။ သူဟာ ကားကိုယ်ထည်ပိုင်းပြေပြစ်ချောမွေ့စေဖို့နဲ့ အင်ဂျင်စွမ်းရည်ကောင်းမွန်စေဖို့ သူ့အတွေ့အကြုံတွေကို အသုံးချပြီး ကူညီပေးနိုင်ခဲ့ပါတယ်။ မိုက်ကယ်ရှူးမေကာရဲ့ကူညီလမ်းညွှန်မှုနဲ့ ရုပ်လုံးပေါ်လာတဲ့ Ferrari Enzo ပြိုင်ကားဟာ ကုမ္ပဏီရဲ့အကောင်းဆုံးနဲ့ရေပန်းအစားဆုံးထုတ်ကုန်အဖြစ်လည်း မှတ်တမ်း၀င်ခဲ့ပါတယ်။

(၂) ဘောလုံးအားကစားအပေါ် စိတ်အားထက်သန်မှု

မိုက်ကယ်ရှူးမေကာရဲ့ ဘ၀သက်တမ်းအများစုကို ပြိုင်ကားတွေပေါ်မှာကုန်လွန်ခဲ့ပေမယ့် သူစိတ်၀င်စားတဲ့တခြားအားကစားနည်းတွေလည်း ရှိနေပါသေးတယ်။ အဲဒီအထဲမှာ ဘောလုံးအားကစားလည်း ပါ၀င်နေပြီး ဆွစ်ဇာလန်က အပျော်တမ်းကလပ်တွေမှာ ပါ၀င်ကစားခဲ့ဖူးတယ်လို့တောင်သိရပါတယ်။ ပြီးတော့ မိုက်ကယ်ရှူးမေကာ အားပေးတဲ့အသင်းက သူ့ဇာတိဖြစ်တဲ့ ဂျာမနီနိုင်ငံက ကိုလုံးအသင်းဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ နယူးကာဆယ်အသင်းကို အားပေးကြောင်းလည်း သိရပါတယ်။

(၃) အသက် ၄ နှစ်သား ယာဉ်မောင်းရှူးမေကာ

မိုက်ကယ်ရှူးမေကာဟာ အသက် ၄ နှစ်အရွယ်ကတည်းက ကားမောင်းဖို့၊ ကားပြိုင်ဖို့စပြီး ဝါသနာပါခဲ့တယ်ဆိုရင် အံ့ဩသွားကြမလားမဆိုနိုင်ပါဘူး။ ၄ နှစ်သားအရွယ်မှာ ရှူးမေကာရဲ့ ခြေနင်းတွန်းလှည်းကလေးကို သူ့ဖခင်က ဆိုင်ကယ်အင်ဂျင်တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှူးမေကာဟာ ဟိုဟိုဒီဒီ လျှောက်မောင်းတော့တာပါပဲ။ သူ့ရဲ့ပထမဆုံးယာဉ်မောင်းအတွေ့အကြုံဟာ လမ်းမီးတိုင်ကို ၀င်တိုက်ခြင်းနဲ့အဆုံးသတ်သွားခဲ့ပေမယ့် ကားမောင်းပြိုင်လိုတဲ့စိတ်ဆန္ဒတွေကိုတော့ စပြီးအခြေတည်ပေးနိုင်ခဲ့ပါတယ်။ ရှူးမေကာရဲ့ ဝါသနာကိုရိပ်မိသွားတဲ့မိဘတွေဟာ အဲဒီနှစ်ထဲမှာပဲ သူတို့သားကို ‌ကားမောင်းအကယ်ဒမီကျောင်းတစ်ခုမှာ အပ်နှံပေးခဲ့တာကြောင့် အသက်အငယ်ဆုံးပြိုင်ကားမောင်းအသင်း၀င်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းအဖြစ်အပျက်တွေကတော့ အားလုံးသိထားတဲ့ အောင်မြင်မှုသမိုင်းမှတ်တမ်းတွေပါပဲ။

(၄) မိုက်ကယ်ရှူးမေကာ ကမ္ဘာ့ကားမောင်းချန်ပီယံတာဝါ

UAE နိုင်ငံ၊ ဒူဘိုင်းမြို့ဟာ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်အဆောက်အဦတွေနဲ့ ပြည့်နှက်နေတဲ့နေရာဖြစ်လာနေပါပြီ။ အဲဒီမြို့မှာ မိုက်ကယ်ရှူးမေကာကို ဂုဏ်ပြုဆောက်လုပ်ထားတဲ့ ကမ္ဘာ့ကားမောင်းချန်ပီယံတာဝါအဆောက်အဦတစ်ခုလည်း မကြာခင်ထွက်ပေါ်လာဖို့ရှိတယ်လို့ သိရပါတယ်။ ဒီအဆောက်အဦဟာ လက်ရှိအချိန်မှာ ဆောက်လုပ်နေဆဲဖြစ်ပြီး ဂန္ထ၀င်ဖော်မြူလာ၀မ်းပြိုင်ကားချန်ပီယံ (၇) ဦးအတွက်ရည်ရွယ်ပြီး ကမ္ဘာအနှံ့ဆောက်လုပ်တဲ့ တာဝါ (၇) ခုအနက် တစ်ခုအပါအဝင်ဖြစ်လာမယ်လို့လည်း သိရပါတယ်။

(၅) ပရဟိတအတွက် စေတနာသဒ္ဓါတရား

မိုက်ကယ်ရှူးမေကာကို ပရိသတ်တွေချစ်ခင်အားပေးကြတာဟာ သူ့ဟာ ကားမောင်းစွမ်းရည်တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ သူဟာ ရိုးသားပြီး စိတ်သဘောထားကောင်းမွန်သူတစ်ဦးဖြစ်သလို ဆယ်လီတစ်ဦးဖြစ်လာဖို့အတွက်လည်း စိတ်ဝင်စားခြင်းလုံး၀မရှိခဲ့ပါဘူး။ ပရဟိတကောင်းကျိုးအပေါ်မှာ ထားတဲ့သူရဲ့စေတနာသဒ္ဓါတရားဟာ ၂၀၀၄ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာအောက် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးချိန်မှာတော့ ပိုပြီးထင်ပေါ်လာခဲ့ပါတော့တယ်။ သူဟာ ငလျင်ဒဏ်ခံစားခဲ့ရသူတွေကို ကူညီဖို့နဲ့ ပြန်လည်ထူထောင်ဖို့ ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့ပြီး အဲဒီပမာဏဟာ တခြားအားကစားသမားတွေ၊ ဆယ်လီတွေ၊ စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့ နိုင်ငံအစိုးရအဖွဲ့အစည်းတွေက လှူဒါန်းတာထက်တောင် ပိုများခဲ့တာတွေ့ရပါတယ်။

(၆) မြင်းပြိုင်ပွဲဝါသနာပါသူ မိုက်ကယ်ရှူးမေကာ

မိုက်ကယ်ရှူးမေကာအနေနဲ့ ပြိုင်ပွဲဆိုရင် ကားမောင်းပြိုင်ပွဲသာမက မြင်းပြိုင်ပွဲအပေါ်မှာလည်း တော်တော်လေး ရူးသွပ်သူလို့ ဆိုရမှာပါ။ ဘာ့ကြောင်လဲဆိုရင် မကြာခဏဆိုသလို ပြိုင်မြင်းစီးလေ့ရှိပြီး ဆွစ်ဇာလန်နဲ့ အမေရိကန်က တက္ကဆက်ပြည်နယ်တွေမှာ ပြိုင်မြင်းမွေးမြူရေးခြံတွေ ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။ မိုက်ကယ်ရှူးမေကာအနေနဲ့ အပျော်တမ်းလောက်ပဲ ပြိုင်မြင်းစီးလေ့ရှိပေမဲ့ သူ့ရဲ့သမီးဖြစ်သူ ဂီနာမာရီယာကတော့ ဥရောပနဲ့ အမေရိကတ၀န်းက မြင်းပြိုင်ပွဲတွေမှာ ပါ၀င်ယှဉ်ပြိုင်တဲ့အထိ ရူးသွပ်တယ်လို့လည်း သိရပါတယ်။ မိုက်ကယ်ရှူးမေကာအနေနဲ့လည်း မိမိခြေရာကိုနင်းပြီး အောင်မြင်မှုရနေတဲ့ သမီးဖြစ်သူကို ပံ့ပိုးပေးဖို့ အခုလိုပြိုင်မြင်းမွေးမြူရေးခြံတွေ တည်ထောင်ခြင်းဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

(၇) သားဖြစ်သူကို ပညာအမွေမပေးလိုတဲ့ ရှူးမေကာ

ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်အများစုအနေနဲ့ သူတို့ရဲ့သားတွေကို ပညာအမွေပေးပြီး သူတို့ရဲ့အောင်မြင်မှုခြေရာကို နင်းစေချင်ကြတာ သဘာ၀ကျတဲ့ကိစ္စပါ။ ဒါပေမဲ့ အဲဒီဖခင်တွေထဲမှာ မိုက်ကယ်ရှူးမေကာ မပါဝင်ပါဘူး။ ပြိုင်ကားမောင်းသမားသမားတစ်ဦးအဖြစ် အသက်မွေးရတာ ဘယ်လောက်အန္တရာယ်များမှန်း သိထားတဲ့ရှူးမေကာဟာ သားဖြစ်သူ Mick ကို ပြိုင်ကားမမောင်းစေခဲ့ပါဘူး။ တကယ်လို့ Mick အနေနဲ့ အားကစားပြိုင်ပွဲတစ်ခုခုကိုပါဝင်လိုတယ်ဆိုရင်လည်း တခြားအားကစားနည်းတစ်ခုခုကိုသာ ‌ရွေးချယ်ဖို့တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ Mick ဟာလည်း လူငယ်ပြိုင်ကားမောင်းသမားတစ်ဦးအဖြစ် စတင်ရပ်တည်နေပြီး FIA Formula 2 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီလို့ သိရပါတယ်။ မျိုးရိုးဆိုတာ မတိမ်ကောတတ်တဲ့ သဘောကို Mick က သက်သေပြလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

(၈) ကာတွန်းကား အသံသရုပ်ဆောင် မိုက်ကယ်ရှူးမေကာ

ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီတန်လိုပဲ မိုက်ကယ်ရှူးမေကာ ဟာလည်း Pixar ကာတွန်းရုပ်ရှင်ကုမ္ပဏီရဲ့ နာမည်ကျော် Cars ဇာတ်လမ်းတွဲမှာ အသံသရုပ်ဆောင်အဖြစ် ပါ၀င်ခဲ့ဖူးပါတယ်။ Cars ဇာတ်ကားတွေရဲ့ ဒါရိုက်တာ John Lasseter ဟာ မော်တော်ကားနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူတွေရဲ့ စစ်မှန်တဲ့သဘာ၀အသံတွေကို လိုချင်တာကြောင့် တကယ့်ကားမောင်းချန်ပီယံတွေကို ငှားရမ်းပြီး အသံနဲ့သရုပ်ဆောင်စေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဒါရိုက်တာ Lasseter ဟာ Ferrari ကုမ္ပဏီကနေတဆင့် မိုက်ကယ်ရှူးမေကာနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

(၉) တန်ဖိုးကြီးကားတွေကို စိတ်မဝင်စားတဲ့ ပြိုင်ကားမောင်းသမား

မိုက်ကယ်ရှူးမေကာလို စကေးကြမ်းတဲ့ကားမောင်းသမားတစ်ဦးအနေနဲ့ ပြင်ပနေထိုင်မှုဘ၀မှာလည်း မြန်နှုန်းမြင့်တန်ဖိုးကြီးပြိုင်ကားတွေ သုံးဖြစ်မယ်လို့ ထင်မိကြမှာပါ။ ဒီလိုတွေးမိရင်တော့ မှားယွင်းသွားပါပြီ။ မိုက်ကယ်ရှူးမေကာဟာ တန်ဖိုးကြီးစူပါပြိုင်ကားတွေ၊ Luxury ကားတွေကို လုံး၀မက်မောခြင်းမရှိဘဲ နေ့စဉ်ဘ၀မှာ Fiat 500 Abarth ကားကိုပဲ အသုံးပြုလေ့ရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့ ရှူးမေကာဆီမှာ Ferrari ကုမ္ပဏီက လက်ဆောင်‌ပေးထားတဲ့ Ferrari FXX ပြိုင်ကားတစ်စီးတော့ ရှိထားပါသေးတယ်။

(၁၀) ရှူးမေကာရဲ့ ကံကောင်းစေတဲ့အဆောင်

မိုက်ကယ်ရှူးမေကာအနေနဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရတာဟာ သူ့အမြဲတမ်းဝတ်ဆင်လေ့ရှိတဲ့ အဆောင်လက်ဖွဲ့လေးတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောလေ့ရှိကြပါတယ်။ အဲဒီအ‌ဆောင်ကတော့ အာဖရိကမှာ ပြုလုပ်တဲ့ ပုတီးကုံးလက်ပတ်လေးဖြစ်ပြီး ဇနီးသည်ထံက လက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ရှူးမေကာဟာ ပြိုင်ပွဲတိုင်းကို အဲဒီအဆောင်ဝတ်ပြီး ပြိုင်ပွဲဝင်လေ့ရှိပါသတဲ့။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ၂၀၁၃ ခုနှစ်က ပြင်သစ်ရဲ့ အဲလ်ပ်စ်တောင်တန်းပေါ်မှာ နှင်းလျှောစီးရင်းမတော်တဆဖြစ်တော့ အဲဒီနေရာမှာပဲ မိုက်ကယ်ရှူးမေကာရဲ့ အဆောင်လက်ပတ်လေးပြုတ်ကျကျန်နေခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရှူးမေကာဟာ ကျန်းမာ‌ရေးနာလန်ပြန်မထူနိုင်ခဲ့တာကြောင့် ဒီလက်ဖွဲ့လေးဟာ သူ့အတွက် တကယ့်ကိုကံကောင်းစေတဲ့အရာများလားဆိုတာ ပိုပြီး သို့လောသို့လော ထင်ခဲ့ကြရပါတယ်။

Ref: 10 Things You Didn't Know About Michael Schumacher by MATTHEW WILKINSON

ကိုဆွဲ (မုံရွာ)

Author